အဲဒီနေ့တစ်နေ့ ကိုတော့ ကောင်မလေး ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်နိုင်လိမ့် မည်မဟုတ်ပါ။ ရွာမလိုလို၊ မရွာမလိုလိုနဲ့ ကလူကျီစယ်နေတဲ့ မိုးကောင်းကင်ကြီးရဲ့ အောက်မှာ ကောင်မလေးရဲ့စိတ်တွေ လွပ်လပ်စွာ လွင့်မြောနေခဲ့ပါသည်။ ထိုအချိန်က ကန်တော်ကြီးထဲရှိ ကန်ရေပြင်ကို ဖြတ်ပြီးတိုက်ခတ်လာသော လေနုအေးလေးတွေကို ရှုသွင်းရင်း အတိတ်ကို မေ့လျော့၊ အနာဂတ်ကိုလည်း မတွေးမိပဲ ပစ္စုပန်သည်သာ သူမရဲ့ စိတ်တို့စေစားရာ အရပ်ဖြစ်၍ နေခဲ့ပါသည်။ ထိန်းချုပ်ဆင်ခြင်တတ်သည့် ဦးနှောက်ရဲ့ အသိတရားတွေကို ခဏအနားပေးရင်း လွပ်လပ်ပေါ့ပါးနေတဲ့ စိတ်တစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ပါသည်။ အဲဒီနေ့က သူမ တံတားရှည်ကြီးတစ်ခုကို အစမှ အဆုံးတိုင်အောင် ကောင်လေးတစ်ယောက်နှင့် အတူလျှောက်ဖြစ်ခဲ့သည်။ အဲဒီ့ခရီးသည် သူတို့နှစ်ယောက်အတွက် ပထမဆုံးနှင့် အရှည်လျားဆုံး ခရီးတစ်ခု ဖြစ်ခဲ့ပါသည်။ ကောင်မလေး၏ ပုံမှန်စိတ် အခြေအနေတစ်ခု အရသာဆိုရင် ဖြစ်လာစရာ လုံးဝမရှိသော ဒီခရီးသည် လှပသော မိုးသက်လေတို့၏ ပံ့ပိုးပေးမှု နှင့်အတူ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကာလအတော်ကြာအောင် နှစ်ယောက်လုံးလျှို့ဝှက်လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့သော ခံစားမှု အစစ်အမှန်များ အားလုံးကို တူးဖော်အသက်သွင်းစေခဲ့ပါသည်။ “လျှို့ဝှက်စွာ သိမ်းစည်းထားသော ခံစားမှု” ဟု ဘာကြောင့် အမည်တပ်ရသနည်း ဆိုပါလျှင် “ပွင့်လင်းစွာ ထုတ်ဖော်နိုင်ခွင့် မရှိသောကြောင့်” ဟုသာ ဖြေရမည် ထင်ပါသည်။ သက်ဆိုင်သူ ရှိနှင့်နေပြီး ဖြစ်သော ကောင်လေးတစ်ယောက်ဆီက ပိုင်ဆိုင်ခွင့်မရှိတော့မည့် အချစ်တွေအတွက် ကောင်မလေးက သူမရဲ့အချစ်တွေကို အလုံခြုံဆုံး သိမ်းဆည်းလို့ နှစ်ယောက်လုံး ရိုးသွားစွာ နေထိုင်နိုင်ခဲ့ပါသည်။ အဲဒီ့နေ့လေး တစ်နေ့သာ ရှိမလာခဲ့ပါလျှင် အရာအားလုံးသည် ပုံမှန်နေသားတကျ ရှေ့ဆက်သွားမည်သာ ဖြစ်ပါသည်။ သို့သော် အဲဒီနေ့တစ်နေ့ကို သူတို့နှစ်ယောက်လုံး ငြင်းဆိုနိုင်ခွင့် မရှိစွာ ပိုင်ဆိုင်ခဲ့ကြရပါသည်…။
“ဘယ်ကိုမှ၊ ဘယ်သူ့ကိုမှ မကြည့်ပဲ မျက်လုံးကို မှိတ်ပြီး လမ်းလျှောက်ကြည့်ပါလား။ အရမ်းမိုက်တယ်။” ဆိုတဲ့ ကောင်လေးရဲ့ အကြံပြုချက်အတိုင်း မျက်လုံးစုံမှိတ်ရင်း ခပ်ဖြေးဖြေးလေး လျှောက်လှမ်းနေတဲ့ ကောင်မလေးရဲ့ မျက်နှာသည် ကြည်နူးစွာ ပြုံးနေခဲ့ပါသည်။ အဲဒီ့အချိန်မှာပဲ ကောင်မလေးရဲ့ ဘေးကနေလျှောက်လာသော ကောင်လေးရဲ့ ဘယ်ဘက်လက်တစ်ဖက်ဟာ ကောင်မလေးရဲ့ ညာဘက်လက်တစ်ဖက်ကို ရုတ်တရက် ဆုပ်လိုက်လိုက်ပါတော့သည်။ ကောင်မလေးလည်း အံ့သြစိတ်နဲ့အတူ မျက်လုံးတွေကို ဖွင့်လိုက်တော့မယ့် အချိန်မှာပဲ ရုတ်တရက် ကောင်လေးဆီမှ “မျက်လုံးကို မဖွင့်နဲ့။ နင့်လက်တွေကို ငါကိုင်ထားတယ်။ ဘာမှ မဖြစ်စေရပါဘူး။ ဆက်သွား။” ဆိုတဲ့ စကားသံကို ကြားလိုက်ရသည်။ စိတ်ဆိုးဖို့ အရေးယောင်လို့မှ မတွေးခဲ့မိတဲ့ ကောင်မလေးဟာ ကောင်လေးရဲ့ လက်တစ်ဖက်ကို ရုန်းဖယ်ခြင်း မပြုခဲ့ပေမယ့် တစ်စွန်းတစ်စ ကြွင်းကျန်နေသေးတဲ့ ဆင်ခြင်တုံတရားလေး တစ်ခုကြောင့် ပြန်လည်ဆုပ်ကိုင်ခြင်း မပြုခဲ့ရှာပေ။

ကောင်လေးရဲ့နှုတ်က ရုတ်တရက် ထင်မှတ်မထားပဲ “နင့်ကို ငါချစ်တယ်” ဆိုတဲ့ စကားလေးတစ်ခွန်း ကြားလိုက်ရတဲ့ အချိန်မှာ ကောင်မလေးရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့သွေးကြောတွေ အေးခဲသွားသလို ခံစားလိုက်ရပါသည်။ ဒီအချိန်မှာပဲ ကောင်းကင်ကြီးကလည်း မိုးဖွဲလေးတွေကို စတင်ရွာချနေပြီ ဖြစ်ပါသည်။ တဆတ်ဆတ်တုန်အောင် ချမ်းအေးလာရခြင်းမှာ ထိခတ်လာသော မိုးစက်လေးတွေကြောင်လား၊ ကောင်လေးပြောတဲ့ “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်လား ဆိုတာတော့ ကောင်မလေး မဝေခွဲနိုင်ခဲ့ပါ။ ကောင်လေးနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ မတူတဲ့ ခံစားမှုမျိုးတွေ ကောင်လေးအပေါ်မှာရှိနှင့်ခဲ့ပေမယ့် အဲဒီခံစားမှုကို “အချစ်” လို့ အမည်မတပ်ချင်ခဲ့ သလို၊ ကောင်လေးရဲ့ နှုတ်က “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ကိုလည်း လက်မခံရဲခဲ့တဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ ဒီအခြေအနေကြီးတစ်ခု နဲ့တွေ့ဆုံလိုက်ရတဲ့ အချိန်မှာ ထိတ်လန့်တုန်လှုပ်လို့နေခဲ့ပါသည်။ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်နိုင်တဲ့ အနေအထားတွေကြားမှာ ဘယ်လိုအင်းအားမျိုးတွေနဲ့ သူတို့နှစ်ယောက်ရှေ့ခရီးဆက်ကြမှာလဲ။ ဒီအတွေးခါးခါးကြီးတွေနဲ့ပဲ ကောင်မလေးဟာ ကောင်လေးကို “နင် ငါ့ကိုအထင်သေးတယ်၊ စော်ကားတယ်။” ဆိုတဲ့ စကားတစ်ခွန်းကို ကန်ရေပြင်ကို စိုက်ကြည့်ရင်း ပြောလိုက်မိသည်။ ကောင်မလေးရဲ့ စကားအဆုံးမှာ ကောင်လေးဟာ တင်းမာတဲ့ မျက်နှာထားနဲ့ ငြိမ်သက်သွားခဲ့ပါတယ်။ အမြဲပြုံးနေတတ်တဲ့ ကောင်လေးကို မျက်နှာတစ်ချက် မငြိုးစေချင်တဲ့ ကောင်မလေးအတွက်တော့ ရင်မဆိုင်ချင်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတာပါပဲ။
"ငါနင့်ကို ချစ်တဲ့ အချစ်တွေက အခုမှ ဖြစ်လာတာမဟုတ်ဘူး။ ရေကာတာကြီးတစ်ခုလိုပဲ၊ နည်းနည်းချင်း ပြည့်လာပြီး နောက်ဆုံးကျမှ လျှံကျလာတာမျိုးလေ။ အခုဘယ်လိုမှ ဆက်ထိန်းလို့ မရတော့လို့ လျှံကျသွားတာလေ။” လို့ကောင်လေးက ပြန်ပြောလိုက်တဲ့ အခါ ကောင်မလေးမှာ ပြန်ပြောစရာ စကားလုံဝမရှိဖြစ်ခဲ့ရပါတယ်။ “ဒါဆိုနင့်ရဲ့ သက်ဆိုင်သူကရော” လို့ကောင်လေးရဲ့ မျက်နှာကို စိုက်ကြည့်လို့ ကောင်မလေး မေးလိုက်မိပါတယ်။ “ဘာလို့ အဲဒါတွေ လျှောက်တွေးနေရတာလဲ။ ငါလည်း ငါ့ရင်ထဲမှာ ရှိတဲ့ အတိုင်း အခုပြောတယ်။ နင်လည်းနင့်ရင်ထဲမှာ ရှိတဲ့အတိုင်းပြောလေ။ အများကြီး မတွေးပါနဲ့” လို့ အဖြေမဟုတ်တဲ့ စကားတွေကို ကောင်လေးဆီက ကြားလိုက်ရပါတယ်။ အဖြေမဟုတ်ပေမယ့်လည်း အဖြေတစ်ခုထက် ပိုပြီးပြည့်စုံတဲ့ စကားတွေကို ကောင်မလေးကြားလိုက်ရတဲ့ အချိန်မှာ တစ်ခါမှ စိတ်ကူးယဉ်မကြည့်ဘူးခဲ့တဲ့ လှပတဲ့ အနာဂတ်တစ်ခုဟာ ဝေေ၀၀ါးဝါးပေါ်လာသလို ခံစားရပါတယ်။ “ ငါက တစ်ခုခုကို လုပ်ပြီဆိုရင် နောက်ပြန်လှည့်ကြည့်နေမှာ မဟုတ်ဘူး“ ဆိုတဲ့ ကောင်လေးရဲ့ ကတိစကားမဟုတ်တဲ့ တီးတိုးရေရွတ်သံတစ်ခုဟာ ကောင်မလေး အတွက်တော့ အင်အားတွေကို ဖြစ်စေခဲ့ပါတယ်။ အဲဒီနေ့က “ ချစ်ပါတယ် “ ဆိုတဲ့ အဖြေစကားတစ်ခွန်း ကောင်မလေးနှုတ်က လုံးဝမထွက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အပြန်လမ်းမှာ တင်းကျပ်စွာ ပြန်လည်ဆုပ်ကိုင်ထားခဲ့တဲ့ ကောင်မလေးရဲ့ လက်တွေဟာ “ ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း ထက်ပိုပြီး ခိုင်မာစေခဲ့ပါတယ်။

အဲဒီ့နေ့ရက်လေးကို နှစ်ယောက်အတူ ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဘယ်သူတစ်ဦးတစ်ယေက်မှ မသိတဲ့၊ နှစ်ဦးတည်းသာ သိနိုင်သော ချစ်သူများ အဖြစ်ကို မျက်ဝန်းများနှင့်သာ စကားပြောရင်း တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ကြပါတော့တယ်။ ကောင်လေးနဲ့ သူ့သက်ဆိုင်သူအကြောင်း သိထားသော သူငယ်ချင်းများကြားတွင် ကောင်လေးရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ထောက်ထားပြီး သူတို့အကြောင်းတွေကို အတတ်နိုင်ဆုံး လျှို့ဝှက်ထားဖို့ ကောင်မလေး ကြိုးစားခဲ့ပါတယ်။ ကောင်မလေးရဲ့ မာန၊ ကောင်လေးရဲ့ ဂုဏ်သိက္ခာတွေသည် သူတို့နှစ်ယောက်ရဲ့ အချစ်တွေထက် ပိုပြီးတန်ဖိုးထားသင့်သည်ဟု ကောင်မလေးက ယုံကြည်ထားခဲ့မိပါသည်။ အဲဒီ့ ယုံကြည်ချက်တွေကြောင့်ပဲ နာကျင်ခံစားခဲ့ရတဲ့ အချိန်များတွင် မျှဝေခံစားမဲ့သူမရှိပဲ တစ်ယောက်တည်း ကြိတ်မှိတ်မြိုသိပ်ရင်း ရူးမတတ်ခံစားခဲ့ရသည်။
ကောင်လေးရဲ့ သက်ဆိုင်သူဆီမှ ဖုန်းလာသော အခါများတွင် ဖုန်းလက်ခံစကားပြောနေသော ကောင်လေးရဲ့မျက်နှာကို ငေးကြည့်ရင်း ရင်ထဲမှာ ဆူးတစ်ချောင်း စိုက်ဝင်နေသလို ခံစားနေရပေမယ့်၊ ကောင်လေး အနေခက်မှာ စိုးတဲ့စိတ်နဲ့ ဟန်ဆောင်အားတင်းပြီး ပြုံးနေခဲ့တဲ့ ကောင်မလေးဟာ ဘ၀မှာ ဟန်ဆောင်ခြင်းဆိုတဲ့ အတတ်ပညာတစ်ခုကို ပထမဆုံး တတ်မြောက်ခဲ့ပါတယ်။ တစ်ခြားသော သူငယ်ချင်းများနဲ့ အတူတကွ ကောင်လေးကို စနောက်ရင်း ပေါ့ပါးစွာ ရယ်နေခဲ့တဲ့ ကောင်မလေးကို ကြည့်နေတဲ့ ကောင်လေးရဲ့ အကြည့်ထဲမှာ “ နင် ငါ့ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လား။” လို့မေးနေသလိုပါပဲ။ “အားလုံးမမြင်နိုင်တဲ့ အချိန်ကျမှ မငိုပဲကျလာတဲ့ မျက်ရည်စက်တွေကိုတော့ နင် ဘယ်မြင်နိုင်မှာလဲ ကောင်လေးရယ်” ကောင်မလေးက တွေးနေမိပါတယ်။
ဒီလိုနဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ ပိုင်ဆိုင်ခဲ့ဘူးတဲ့ အမှတ်တရ နေ့ရက်လေးကို ဖြတ်ကျော်လာခဲ့တာ နှစ်လကျော် ဆိုတဲ့အချိန်ကာလ တစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။ ဒီကာလလေး အတွင်မှာ ကောင်မလေးအနေနဲ့ ပျော်ရွှင်စရာ လှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခဲ့ရသလို၊ ကြေကွဲနာကျင်ရတဲ့ နေ့ရက်ပေါင်းများစွာကိုလည်း ကြုံဆုံခဲ့ရပါတယ်။ ကောင်လေးက “ ဒီကမ္ဘာလောကကြီး တစ်ခုလုံးမှာ ကောင်မလေးကိုသာ အချစ်ဆုံးပါ” လို့ ဘုရားရှေ့မှာ တိုင်တည်သစ္စာဆိုပြတဲ့ အခါ အတိုင်းအဆမရှိ ကြည်းနူးခဲ့ရတဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ ခွဲခွာဖို့အတွက် အင်းအားတစ်ခုကို ရလိုက်သလိုပါပဲ။ ဘယ်တုန်းကမှ ပေါင်းဖက်ဆုံစည်းဖို့ မတွေးခဲ့တဲ့(မတွေးရဲ့ ခဲ့တဲ့) ကောင်မလေးဟာ ကောင်လေးနဲ့ တစ်နေ့တာ ဆုံတွေ့ပြီး လမ်းခွဲခါနီးတိုင်းမှာ မနက်ဖြန်ဆိုတာကို မမျှော်လင့်ရဲဘဲ မျက်ရည်ဝဲခဲ့ရတာ နေ့စဉ်နေ့တိုင်းပါပဲ။

ကောင်လေးက သူနဲ့သူရဲ့သက်ဆိုင်သူအကြောင်းကို နှစ်ဖက်မိဘတွေနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀န်းတစ်ခုလုံး သိထားပြီးသာမို့ မရက်စက်ချင်ဘူးလို့ ပြောလာတဲ့ အခါ ကြိုတွေးထားပြီးတဲ့ ကောင်မလေးက ရယ်ချင်လွန်းတဲ့ မျက်နှာနဲ့ကောင်လေးကို ကြည့်နေခဲ့ပါတယ်။ အနေရခက်စွာ မျက်နှာလွှဲထားတဲ့ ကောင်လေးကို ငဲ့ညှာစွာနဲ့ “ ငါနားလည်ပါတယ် “ ဆိုတဲ့ စကားတစ်ခွန်းကိုပဲ နာကျင်စွာပြောဖြစ်ခဲ့ပါတယ်။ ပိုပြီး အဓိပာယ်ပြည့်စုံစေဖို့ အတွက် အပြုံးလေးပါစွက်ပြီး ပြောဖြစ်ခဲ့တာပါ။ ကောင်လေးက ဒီအပြုံးကို ကြည့်ရင်း “ နင် ကပျော့ညံ့မလိုလိုနဲ့ စိတ်အရမ်းမာတယ်၊ နင့်ကို ငါစိတ်ချတယ်၊ သူကတော့ ငါထားခဲ့ရင် အရမ်းခံစားသွားရမှာ “ လို့ကောင်လေးက နှိမ့်သိမ့်သလိုလို၊ ခွင့်ပန်သလိုလို ပြောလာတဲ့ အခါမှာတော့ ငိုစရာမျက်ရည်တွေတောင် ပျောက်ဆုံးသွားတော့မတတ် ခါးသက်သွားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကို ကောင်လေးကြိုမတွေးခဲ့တာလား၊။ တစ်သက်လုံး ထုတ်ပြောဖြစ်မှာ မဟုတ်တဲ့ ရင်ဘတ်နှစ်ခုထဲက အချစ်ဆိုတဲ့ အရာကို စတင်တူးဖော်ဆွဲနှုတ်ခဲ့ပြီးမှ “ဆန္ဒတစ်ခုထက် လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်ရတာပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ လွယ်လွယ်လေး အဆုံးသတ်ဖို့ကြိုးစားခဲ့သတဲ့လား။

ချစ်ခြင်းဆိုတာ ပိုချစ်တဲ့သူကို ပိုရှုံးတယ်တဲ့။ ကောင်မလေးရဲ့ မာနအရတော့ ကောင်လေးထက် ပိုမရှုံးချင်ခဲပါဘူး။ ဘာလို့လဲဆိုတော့ ကောင်လေးဆီက သူမထက်ပိုများတဲ့ အချစ်တွေကို ရချင်ခဲ့လို့ပါပဲ။ ဒါပေမယ့် ကောင်လေးရဲ့ ပြုံးနေတဲ့ မျက်နှာတစ်ခုကို မြင်ရဖို့၊ ကောင်မလေးလိုချင်တဲ့ ကောင်လေးဆီက ပိုများတဲ့ အချစ်တွေကို စတေးခဲ့ရပါတယ်။ ကောင်မလေးကပဲ ကျေနပ်စွာ အရှုံးပေးခဲ့ပါတယ်။ တစ်ခါတစ်လေ ပိုရှုံးတာက ပိုကျေနပ်ဖို့ကောင်းတယ် ဆိုတာကို ကောင်မလေး သိလိုက်ရတယ်။ အရာရာကို ခွင့်လွတ်နားလည်ပေးနိုင်လွန်းခဲ့ပြန်တော့လည်း အဲဒီလောက်ထိ နားလည်ပေးလွန်းလို့ ဆိုပြီး ကောင်လေးက ကောင်မလေးကို မကျေမနပ်ဖြစ်ခဲ့ရ ပြန်တယ်လေ။ ကောင်မလေးက ကောင်လေးထက် ပိုပြီး သူမရဲ့မာနကို အလေးထားတယ်လို့ သတ်မှတ်သွားခဲ့ ပြန်တယ်။ ကောင်လေးရေ…ကောင်မလေးဆီက နင် ဘယ်လိုတုန့်ပြန်မှုမျိုးတွေကို လိုချင်ခဲ့တာလဲ။ နင်ဘာဖြစ်ချင်ခဲ့တာလဲ။ “ နင့်ကို နင့်သက်ဆိုင်သူက ထားခဲ့ရင်လည်း ငါမာနအရ နင့်ကို လက်မခံဘူး။ နင်က သူ့ကိုထားခဲ့မယ် ဆိုရင်လည်း နင့်ကိုအဲဒီလို လူတစ်ယောက်အဖြစ် လက်မခံနိုင်ဘူး။ နင်တို့နှစ်ယောက်လုံး သဘောတူညီစွာ ခွဲခွါဖို့ဆိုရင်လည်း ငါလုံးဝအားမပေးဘူး။ အဲဒီတော့ နင်နဲ့ ငါနဲ့ လက်တွဲနိုင်ဖို့ဆိုတာ ဒီတစ်သက်မဖြစ်နိုင်တော့ဘူး။” လို့သွေးအေးငြိမ်သက်စွာ ကောင်မလေးက ကောင်လေးကို ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကောင်လေးက ကောင်မလေးကို စူးစူးနစ်နစ်စိုက်ကြည့်ရင်း “ နင် မာနကြီးမှန်း ငါသိပါတယ်။ “ ဆိုတဲ့စကားတစ်ခွန်းကို ပြန်ပြောခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နာကျည်းခြင်း၊ မုန်းတီးခြင်းမရှိပါပဲ “ ချစ်တယ် “ ဆိုတဲ့စကားကို အခါခါပြောရင်း လက်တွဲဖြုတ်ခဲ့ကြတဲ့ သူနှစ်ယောက် အတွက်ကတော့ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ပိုင်ဆိုင်ခဲ့ရတဲ့ အရာတိုင်းဟာ တစ်သက်စာ လွမ်းစရာချည်းပါပဲ။ တစ်ခါတစ်ရံ မမျှော်လင့်ပဲ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တမဲ့လေးတွေဟာ အမှတ်တရလေးတွေ ဖြစ်သွားတတ်သလို အဲဒီအမှတ်တရတွေဟာလည်း ကာယကံရှင်တောင် သတိမထားမိလိုက်ပဲ အမှတ်တမဲ့ ပြန်လည်ပျောက်ကွယ် သွားတတ်ပါတယ်။
ကောင်လေးရေ…အမြဲတမ်း ပြုံးနေတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အပြုံးတွေကိုမှ ချစ်မိတဲ့ ကောင်မလေးတစ်ယောက်ဟာ အဲဒီ့အပြုံးတွေကို သူအမြဲပိုင်ဆိုင်စေနိုင်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ ရပ်ကြည့်ပြီး ကျန်နေရစ်ခဲ့လိုက်ပြီလေ။ ရှေ့ဆက်ရမယ့် ဘ၀ခရီးမှာ နောင်တမဲ့စွာနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်းသွားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်….။ ကောင်လေးရေ…မကြာခင်မှာ လက်ခံရတော့မယ့် ဖိတ်စာတစ်စောင်ကို စောင့်မျှော်ရင်း လွမ်းဖြစ်ရင်တောင် မငိုမိစေဖို့ ကောင်မလေး ကြိုးစားတတ်ခဲ့ ပြီလေ။ ဒါပေမယ့်လည်း မိုးရာသီရဲ့ မိုးစက်တွေကြားမှာ လမ်းလျှောက်မိတိုင်း ကောင်လေးရဲ့နာမည်ကို ယောင်ယမ်းပြီး တီးတိုးအော်ခေါ်နေမိတယ်လေ။ ဘယ်လိုပဲ ထင်မြင်ကြပါစေ၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း ကင်းစွာနဲ့ ဘ၀ရဲ့ နေ့ရက်တွေကို ခံစားချက်မဲ့စွာ ဖြတ်သန်းဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ကတော့ ဒီကမ္ဘာမြေပေါ်မှာ ယနေ့ထက်တိုင် ရပ်တည်ရှင်သန်နေဆဲပါပဲ…။
စူးရှဝိုင်