My Dreams are my Life, my Heart and my Future!

Friday, April 30, 2010

တစ်ထောင့်လေးရာ ကိုးဆယ့်ကိုး


လောကကြီးရှိ လူသားတို့ကြားတွင် ချစ်ခြင်းမေတ္တာများစွာ ရှိကြပါသည်။ အကြမ်းဖျင်းအားဖြင့် မေတ္တာတရားကို (၅၂၈)ဟုခေါ်သော မိဘနှင့်သားသမီးအကြားတွင် ရှိသောချစ်ခြင်း၊ ချစ်သူရည်စားတို့ကြားတွင် ရှိသည့် (၁၅၀၀) ချစ်ခြင်း ဆိုပြီး နှစ်မျိုးခွဲခြားထားကြပါသည်။ လူသားတို့ ကြားတွင် မောင်နှမလိုချစ်ခြင်းမျိုး၊ သူငယ်ချင်းလို ချစ်ခြင်းမျိုး၊ ဆွေမျိုးရင်းချာတွေလို ချစ်ခြင်းမျိုးတွေကိုတော့ (၅၂၈)မေတ္တာတရားအောက်တွင် ထည့်၍ရမည်ထင်ပါသည်။ တစ်ခါတစ်လေတော့လည်း (၅၂၈)ထက်ပိုသော (၁၅၀၀)လည်း မပြည့်သည့် ချစ်ခြင်းမျိုးတွေ လူသားတို့ကြားတွင် ရှိခဲ့ဘူးကြမည် ဆိုရင်ရော သင်တို့လက်ခံကြမှာလား။ အကယ်၍များ အဲဒီ့လိုချစ်ခြင်းမျိုးတွေရှိခဲ့မည်ဆိုရင်ရော အဲဒီလိုချစ်ခြင်းမျိုးကို သင်တို့ဘယ်လိုအမျိုးအစားတွေထဲမှာ ထည့်ချင်ပါသလဲ။ အခုကျွန်တော်ပြောပြမည့် ဇာတ်လမ်းလေးသည် လူသားနှစ်ယောက်ကြားရှိ (၅၂၈)လိုမဖြုစင်သော၊ (၁၅၀၀)လည်း မပြည့်မှီသော ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်မည် ထင်ပါသည်...။


~ အခန်း(၁) ~
(သူငယ်ချင်းများ) ဟဲ့... ကောင်လေး.. ဒီနေ့ပြီးရင် ကျောင်းကြီးက ပိတ်တော့မှာနော်... နင်အခုထိ ကောင်မလေးကို ဖွင့်မပြောသေးဘူးလား?

(ကောင်လေး) အာ... ငါ့မှာ ပြောစရာစကား ဘာမှာမှမရှိတာ.... ဘာကိုဖွင့်ပြောရမှာလဲ?

(သူငယ်ချင်းများ) ဟယ်... နင်တို့နှစ်ယောက်ကတွဲနေကြတာ သမီးရည်းစားတွေ အတိုင်းပဲလေ... အဲဒါနင်တို့ တစ်ယောက်နဲ့တစ်ယောက်စိတ်ဝင်စားနေကြတာ မဟုတ်ဘူးလား?

(ကောင်လေး) အဲလိုလည်းမဟုတ်ရပါဘူးဟာ.. ငါကကောင်မလေးကို ရိုးရိုးလေးပဲ ခင်တာပါ... ညီမလေးတစ်ယောက်လို... သူငယ်ချင်းတစ်ယောက်လို.............

(သူငယ်ချင်းများ) ဟဲ့... သေနာ နင်ကရိုးရိုးလေးခင်နေ... ဟိုမှာ နင်တို့အကြောင်းက တစ်တန်းလုံးပျံ့နေပြီ... ဘယ်လိုလုပ်မှာလဲ... ဟိုကမိန်းကလေးလေ.... သနားပါတယ်....

(ကောင်လေး) .......

(သူငယ်ချင်းများ) ကြာပါတယ်ဟာ... ဒီနေ့ပဲ သူကိုနင်ဖွင့်ပြောလိုက်တော့နော်... ဖိတ်ချင်ဖိတ် ကိုယ့်အိတ်ထဲပဲဖိတ် ရမယ်မဟုတ်လား... အဟီး ...... ဒါမှ ငါတို့လည်း မုန့်စားရမှာ... အဟေး ဟေး....

(ကောင်လေး) ဟာ... ငါ့ရင်ထဲမှာဖွင့်ပြောရအောင်လည်း ဘာမှာမှမရှိတာ.... ဘာပြောရမှာတုန်းဟ... ပြီးတော့ ငါကောင်မလေးနဲ့ အခင်အမင်မပျက်ချင်ဘူးလေ.....

(သူငယ်ချင်းများ) နင်ဟာလေ.... တကယ့်ငကြောင်ပဲ.... စိတ်ပျက်တယ်.....



~ အခန်း(၂) ~
ကန်တော်ကြီးရေရင်ပြင်က တည်ငြိမ်နေသည်။ တစ်ခါတစ်ခါ ကန်ရေပြင်ကိုဖြတ်ပြီး တိုက်ခိုက်လာသော လေပြင်ညှင်းတွေသာ မရှိခဲ့လျှင် ကန်တော်ကြီးတစ်ခုလုံး အသက်မဲ့နေသည်ဟုသာ ထင်စရာရှိပါသည်။ ကန်ရေပြင်ကြီး၏ ဘေးရှိမြက်ခင်းပြင်တစ်ခုပေါ်မှာတော့ ကောင်လေးနှင့်ကောင်မလေးတစ်ယောက် ငြိမ်သက်စွာဖြင့် ကန်ရေပြင်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်ရင်း ထိုင်နေကြပါသည်။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ချင်၍ ကန်ရေပြင်သို့ မျက်နှာလွှဲထားကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မကြာသေးခင်အချိန်ကတော့ ဒီနေရာလေးမှာ သူငယ်ချင်းတွေတစ်ပုံတစ်ပင်ကြီးနဲ့ ဆူညံနေခဲ့သေးသည်။ ဒါပေမယ့် သိပ်မကြာလိုက် သူငယ်ချင်းတွေ အားလုံးကအကြောင်းပြချက်ကိုယ်စီနှင့်ထွက်သွားကြ၍ ဒီနေရာလေးမှာ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်သာ ကျန်ခဲ့ခြင်းဖြစ်ပါသည်။ သူငယ်ချင်းတွေ ဘာကြောင့်သူတို့နှစ်ယောက်တည်းကို ထားခဲ့ပြီး ထွက်သွားတာလည်း ဆိုတာကို ကောင်လေးရော ကောင်မလေးရော သူ့အလိုလိုသဘောပေါက်နားလည်ထားပြီးဖြစ်မည် ထင်ပါသည်။

(ကောင်မလေး) ကောင်လေး... နင့်အဒေါ်ဆေးရုံတက်နေရတာ သက်သာသွားပြီလား?

(ကောင်လေး) အင်း... တစ်ဖြည်းဖြည်းတော့ သက်သာလာပါပြီ....

(ကောင်မလေး) အင်း.........

(ကောင်လေး) ငါလည်းသူ့ကိစ္စတွေနဲ့ ပင်ပန်းနေတာဟ... အခုတစ်လော ခေါင်းထဲမှာ ဘာမှထည့်ထားလို့ မရသလိုဖြစ်နေတယ်....

(ကောင်မလေး) အင်း... ငါနားလည်ပါတယ်........

(ကောင်လေး) ..........

(ကောင်မလေး) ..........

(သူငယ်ချင်းများ) ဟဲ့... နင်တို့နှစ်ယောက်စကားစမပြတ်ကြသေးဘူးလား.... ငါတို့တော့ ဒီ့ထက်ပိုပြီးရှောင်မပေးနိုင်တော့ဘူး... နောက်တစ်ခါ ထပ်ရှောင်ပေးဖို့ဆိုရင်တော့ ဒီအတိုင်းမရဘူးနော်.... ဟဲဟဲ ဒီလောက်တော့ အလိုက်သိတတ်ရမှာပေါ့ဟာ....


~ အခန်း(၃) ~
ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်မှာ သူငယ်ချင်းတစ်သိုက် ဆူညံစွာ လမ်းလျှောက်လာကြသည်။ အဲဒီ့အဖွဲ့ထဲမှာပဲ ကောင်မလေးတစ်ယောက်ကတော့ ခေါင်းကိုငုံ့ထားသည်။ ကောင်လေးတစ်ယောက်ကတော့ သူ့ဟာသူပင် မခန့်မှန်းနိုင်သော သက်ပြင်မောတွေထပ်ခါထပ်ခါချရင်း သူငယ်ချင်းတွေနဲ့ လျှောက်လာမိပါသည်။

(သူငယ်ချင်းများ) ဟဲ့.. ကောင်မလေး... ပြောစမ်း... ဟိုငနာက နင့်ကိုဘယ်လိုစကားတွေနဲ့ propose လုပ်လိုက်တာလဲ... ငါတို့သိချင်လို့ပါဟာ... နင်ကလည်း ရှက်မနေပါနဲ့... အချင်းချင်းတွေပဲဟာ.....

(ကောင်မလေး) အင်း.....

(ကောင်လေး) .........

(သူငယ်ချင်းများ) ဟဲ့ နင်တို့နှစ်ယောက်ဘာဖြစ်နေကြတာလဲ....

(ကောင်လေး) ဘာမှမဖြစ်ပါဘူး.... အရင်တိုင်းပါပဲဟာ....

(သူငယ်ချင်းများ) ဘာလဲဟ... အရင်တိုင်းဆိုတာ..... ဘာလဲ ဟိုဟာမလေးက နင့်ကိုငြင်းလိုက်လို့လား... အင်း ဖြစ်နိုင်တယ်... ဖြစ်နိုင်တယ်... နင့်လိုကောင်မျိုးကို မိန်းကလေးတိုင်းက ငြင်းမှာပဲ... ဟား ဟား ဟား
ဟဲ့ ကောင်မလေး... ဟုတ်တယ်မလား....

(ကောင်မလေး) ..........

(ကောင်လေး) အင်း... ဟုတ်တယ်.... သူငါ့ကို ငြင်းလိုက်.... တယ်.....

(သူငယ်ချင်များ) ဟဲ့ တကယ်လား.... ကောင်လေး... ငါတို့ကိုမနောက်နဲ့နော်.... ဒီနေ့ပြီးရင် ငါတို့သူငယ်ချင်းတွေနောက်ဘယ်တော့ပြန်ဆုံရမယ်ဆိုတာ မသိနိုင်တာဟာ... နင်အဲလို ငါတို့ကို ကျီစားဖို့မကောင်းပါဘူး.....

(ကောင်လေး) နင်တို့မယုံရင် ကောင်မလေးကို မေးကြည့်ပေါ့...

(သူငယ်ချင်းများ) ဟဲ့... ကောင်မလေး... ဟုတ်လား.... ဟုတ်လားလို့မေးနေတယ်လေဟာ

(ကောင်မလေး) .......

(သူငယ်ချင်းများ) ကောင်မလေးရယ်... နင်ကောင်လေးကို အဲလိုလုပ်ဖို့တော့ မကောင်းပါဘူးဟာ.....

(ကောင်မလေး) ........

(ကောင်လေး) ဟုတ်တယ်.... သူ့မှာ အိမ်ကစေ့စပ်ပေးထားတဲ့ သူရှိတယ်တဲ့....

(သူငယ်ချင်းများ) ဟယ်.... တကယ်?


~ အခန်း(၄) ~
ကောင်လေး ကောင်မလေးကိုအခုလို သူမအိမ်ပြန်ဖို့အတွက် စောင့်စီးရသောဘတ်စ်ကားဂိတ်အထိ လိုက်ပို့ပေးတာ အခုချိန်က နောက်ဆုံးအခွင့်အရေးတစ်ခုဖြစ်နိုင်ပါသည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ ပူပြင်းမှုကို သရဖူဆောင်းထားသော နွေနေပူက ကောင်လေးနှင့်ကောင်မလေးနှစ်ယောက်ကြားရှိ အပူအပင်တွေကိုတော့ မှီနိုင်မည်မထင်ပါ။

(ကောင်မလေး) ကောင်လေး.....

(ကောင်လေး) အင်း.....

(ကောင်မလေး) နင်ဘာလို့ သူငယ်ချင်းတွေကို လိမ်ပြောလိုက်ရတာလဲ?

(ကောင်လေး) ငါလည်း သူငယ်ချင်းတွေကို နောက်ဆုံးလမ်းခွဲခါနီးမှာ လိမ်မပြောချင်ပါဘူးဟာ... ဒါပေမယ့်...

(ကောင်မလေး) ဒါပေမယ့်... ဘာလဲ.. ငါ့အတွက်လို့ နင်ပြောမလို့မလား.... မလိုပါဘူးဟာ.... အခုငါ့ရင်ထဲမှာ ဘာဆိုဘာမှမလိုချင်တော့ပါဘူး... ကံတရားတစ်ခုအတိုင်းပေါ့....

တကယ်တော့ အဲဒီ့နေ့က ကောင်လေးက ကောင်မလေးကိုသူ သူမကိုချစ်နေကြောင်းဖွင့်မပြောခဲ့သလို၊ ကောင်မလေးကလည်း ကောင်လေးကို ယင်းကိစ္စများနှင့် ပတ်သက်ပြီး ဘာစကားမှတစ်စွန်းတစ်စမပြောခဲ့ပါ။

ညီမလေးတစ်ယောက်လို တန်ဖိုးထားသော၊ သူငယ်ချင်းတစ်ယောက်လို ခင်စရာကောင်းသော ကောင်မလေးကို ကောင်လေးအမှန်ပင် တွေ့စကစိတ်ဝင်စားခဲ့ပါသည်။ ဒါပေမယ့် ချစ်သူတွေဖြစ်ရလောက်တဲ့အထိတော့ ရင်မခုန်ခဲ့တာကို ကောင်လေးလည်း နောက်မှကိုယ့်ကိုကိုယ်နားလည်လာသည်။ ဒါပေမယ့် အဲဒီ့အချိန်မှာ ကောင်မလေးကလည်း ကောင်လေးအပေါ်မှာ မချည်နှောင်သင့်သော သံယောဇဉ်တစ်စက ရစ်ပတ်ပြီးသည့် အချိန်ကာလတစ်ခုသို့ ရောက်နေပါပြီ။ ဒါပေမယ့် နောက်ဆုတ်လို့ရသေးသည့် အချိန်မလွန်သေးသော ကာလတစ်ခုမှာပဲ ကောင်လေး ကောင်မလေးကို ချစ်သူတွေအဖြစ်သို့ မရောက်ရန် အပြုမူတွေကို ပြင်ဖို့ဆုံးဖြတ်ခဲ့ပါသည်။ ကောင်မလေး၏ မိန်းကလေးတစ်ယောက်မှာ ရှိရမည့် သိက္ခာတရားတစ်ခုအတွက် ပါပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ကောင်လေး၏ ကောင်မလေးအပေါ်တွင်ထားသော ချစ်ခြင်းသည် (၅၂၈)လို မဖြုစင်သောလည်း (၁၅၀၀)လိုမညစ်နွမ်းသေးသော ချစ်ခြင်းတစ်ခုဖြစ်မည်ထင်ပါသည်။ နှလုံးသားနှင့်ရင်း၍မရသော ဥဏှောက်၏အသိကသာ လက်ခံသော ချစ်ခြင်းမျိုးသည် ယင်းသက်ဆိုင်ရာ ပုဂ္ဂိုလ်အပေါ်တွင် အချိန်ကာလတစ်ခုတွင် အဆိပ်ခပ်သလို ဖြစ်စေတတ်သည်ဆိုတာကို ကောင်လေးနာလည်ထားပါသည်။ ထို့ကြောင့်လည်း အချိန်တွေမလွန်ခင်မှာပဲ ကောင်လေးအရာအားလုံး (သူငယ်ချင်းဆိုသော ဆက်ဆံရေး) ကိုပါစွန့်လွန့်ခဲ့ရပါသည်။ အရမ်းခင်စရာကောင်းသော နှစ်လိုဖွယ်ကောင်မလေး တစ်ယောက်ကို ကောင်လေးစွန့်လွှတ်ခဲ့ရခြင်းသည် တကယ်တော့ ကောင်လေးအတွက် မဟာစွန့်စားခန်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ အကယ်၍ ယခုလိုချစ်ခြင်းမေတ္တာမျိုးကို လူသားတွေတိုင်းတာနေကြသည့် စံချိန်စံညွှန်းတစ်ခုနဲ့ တိုင်းတာမည်ဆိုပါလျှင် (၁၅၀၀) ပြည့်ရန် တစ်မှတ်သာလိုသော (၁၄၉၉) ဟု သတ်မှတ်နိုင်မည် ဟုထင်ပါသည်။ ဒါပေမယ့် အဲဒီ့အမှတ်တစ်မှတ်ပြည့်မှိဖို့ကို မည်သို့ဖြည့်စွက်ရမည် မသိသောကောင်လေးကတော့ အရမ်းခင်စရာကောင်းသော ကောင်မလေးကို အမှတ်တစ်မှတ်၏ တန်ဖိုးနှင့်ပင် သူ့ဘ၀တစ်ခုလုံးကနေ ထာဝရစွန့်လွှတ်ခဲ့ရပါတော့သည်။


လူသားတိုင်း ဖြုစင်အေးမြတဲ့ (၅၂၈)မေတ္တာကို ပိုင်ဆိုင်ခွင့်ရနိုင်ကြသလို မိမိချစ်တဲ့သူနဲ့ပါ (၁၅၀၀)ပြည့်မှီတဲ့ အချစ်တစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ.....

မျိုးဇော်(၃၀.၀၄.၁၀)

ရိုးရိုးလေး...


(၁)
ကောင်မလေးရေ...
အပြာရောင်ကောင်းကင်ကြီးနဲ့
အ၀ါရောင်တိမ်တိုက်တွေ တွန်းတိုက်မိတဲ့
အခုသော sunday မှာ
ငါတို့ တွေ့ဆုံခဲ့ကြတယ်နော်...

ကောင်မလေးရေ...
နင့်ရဲ့ဆံနွယ်တစ်ချို့ ငါ့ရင်ခွင်မှာ
"ရင်ခ"ခဲ့တဲ့ တစ်ခုသောနေ့လေးမှာ
ငါတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်...
အဲဒီ့နေ့က နှင်းဆီတွေ ဆူးမထွက်ခဲ့ကြဘူးတဲ့။

ကောင်မလေးရေ...ငါတို့တွေ
ရိုးရိုးလေးပဲ ချစ်ခဲ့ကြတာပါနော်......

(၂)
ကောင်မလေးရေ...
ပုဇွန်ဆီရောင်ကောင်းကင်ကြီးနဲ့
အညိုရောင်တိမ်တိုက်တွေ တွန်းတိုက်မိတဲ့
တစ်ခုသော sunday မှာ
ငါတို့တွေ ဝေးခဲ့ကြရတယ်နော်

ကောင်မလေးရေ...
လူတွေကပြောတယ်
အဲဒီ့နေက စံပယ်ဖြုတွေပွင့်ခဲ့ကြတယ်တဲ့
ဒါပေမယ့် ငါတော့ဘာရနံ့တစ်ခုမှ မရခဲ့ပါဘူး။

အဲဒီ့နေ့က...
ငါတို့တွေ ရိုးရိုးလေးပဲ...
ဝေး.. ဝေးခဲ့ကြတာပါဟာ... နော်

မျိုးဇော် (၂၉.၀၄.၁၀)

ဒေဝေါကြီးရေ မလာပါနဲ့


၁၉၉၁ ခုနှစ်၊ တစ်ခုသော မေလဆန်းပိုင်း နေ့တစ်နေ့

အိမ်အပြင်ဘက်မှာ မိုးရိပ်တွေမြင်တော့ ကျွန်တော်အလွန်ပျော်ပါသည်။ ဘာကိုပဲမြင်မြင်ပျော်စရာဟုသာ
ထင်နေသေးသော အပူအပင်ဆိုတာဘာမှန်းမသိသေးသည့် ကလေးဘ၀ပဲမဟုတ်လား။ မိုးရိပ်တွေမြင်တာနဲ့ ကျွန်တော်လည်းအားရ၀မ်းသာအပြင်ပြေးထွက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ကျွန်တော်တို့မြို့လေး၏ အနောက်တောင်ထောင့်ဆီမှာ မိုးသားမိုးလိမ့်တွေမည်းနေသည်ပဲ။ ဒါဆိုရင်မကြာခင်မိုးရွာတော့မည်။ မိုးမရွာခင်တိုက်ခတ်လာသော လေပြေတွေကြားမှာ အမိုးအကာပါမလာသူ လမ်းသွားလမ်းလာများကလည်း မိုးမရွာခင်သူတို့လိုရာခရီးရောက်ဖို့ ခြေကုန်သုတ်နေကြသည်။ အမေကတော့သူလှမ်းထားသော အ၀တ်အစားများမိုးစိုကုန်မည်စိုး၍ အပြေးအလွှားလိုက်ရုတ်နေသည်။ အဖွားကတော့ မိုးဦးလေဦးအချိန်မှာ လေပြင်းတွေတိုက်တတ်၍ အပြင်မထွက်ရန် ကျွန်တော့်ကိုအော်ပြောသည်။ ကျွန်တော်ကတော့ မကြာခင်မိုးရွာပါက မိုးရေထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ဘောလုံးကန်ရင်ကောင်းမလား၊ ဒါမှမဟုတ်တစ်ယောက်ထဲ လမ်းထဲမှာလျှောက်ဆော့ရလျှင်ကောင်းမလားဆိုတာကိုသာ ဝေခွဲမရဖြစ်နေသည်။ အဖွားပြောနေသော စကားတွေကိုခေါင်းထဲမထည့်အား။ အလွန်ပူလောင်သော နွေရာသီကိုဖြတ်သန်းလာရတာကြာပြီမို့ အခုလိုမိုးကြိုကာလမှာ မိုးသားမိုးလိမ့်တွေမြင်လျှင် ပျော်ကြရွှင်ကြတာ ကျွန်တော်တစ်ယောက်တည်းတော့ဟုတ်မည်မထင်ပါ။

ဆန်ရေစပါးကိုတိုင်း၏ အဓိကစီးပွားရေးအနေဖြင့်မှီခိုအားထားနေရသော ကျွန်တော်တို့၏ မြစ်ဝကျွန်းပေါ်ဒေသလေးရှိ တောင်သူလယ်သမားတွေကလည်း မိုးကိုမျှော်နေကြတာ ကြာလှပြီထင်ပါသည်။ နွေရာသီ၏ပူပြင်းမှုနှင့် ရေပြတ်လပ်မှုဒဏ်ကြောင့် ၄င်းတို့စိုက်ပျိုးထားသော သီးနှံတွေဖြစ်ထွန်းဖို့အတွက် သဘာဝတရားကဖန်တီးပေးထားသော မိုးရာသီကိုသာ အများဆုံးအားထားကြရသည်မဟုတ်လား။ အရေးကြီးတာက မိုးတွေအဆက်မပြတ်ပြင်းထန်စွာရွာပြီး လေပြင်းတွေကြောင့် သီးနှံတွေမဆုံးရှုံးရဖို့ပဲဖြစ်သည်။ လောကကြီးမှာ ဘာပဲဖြစ်ဖြစ်အစွန်းရောက်တရားတွေ လွမ်းမိုးနေရင် ပျက်စီးဆုံးရှုံးမှုတွေ များတတ်သည်မဟုတ်လား။

ဒီနေ့မိုးတွေစရွာပေမယ့် အဖွားကကျွန်တော့်ကို အပြင်သို့ပေးမထွက်။ အခုမှစရွာသောမိုးက လူတွေကိုဖျားစေတတ်သည်၊ မျက်စိနာတတ်သည်၊ ပြီးတော့မိုးဦးလေဦးမို့ လေပြင်းတွေကြောင့်သစ်ကိုင်းများကျိုးကြတတ်သည်၊ လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျတတ်သည်ဆိုသော သူမရှည်လျားစွာ ဖြတ်သန်းလာခဲ့ရသော လူ့ဘ၀ခရီးရှည်ကြီးမှ အတွေ့အကြုံပေါင်းများစွာဖြင့် ကျွန်တော့်ကိုတားမြစ်သည်။ ကျွန်တော်ကတော့ အဆော့မက်သောကလေးဘ၀ပဲမို့ မိုးရေထဲထွက်ဆော့ဖို့လောက်ကို အားသန်နေပြီး အဖွားပြောပြသော အရာတွေကို ခေါင်းထဲမထည့်အား။ နောက်ဆုံးအပြင်မထွက်ရတော့ အာခေါင်ခြစ်ပြီးအော်ငိုသည်။ အမေကတော့ နင်အပြင်ထွက်ရင် ဒေဝေါကြီးကိုက်လိမ့်မယ်ဟု ကျိမ်းသည်။ ဒီတော့အဖေက ကလေးကိုဆိုဆုံးမပါက မိမိပြောလိုသည်ကို လက်ခံလာအောင်ပြောရန်၊ ဒါမှမရလျှင်နောက်ဆုံး ရိုက်နှိက်ဆုံးမလိုလျှင်ဆုံးမရန်နှင့် ကလေးကိုတသက်လုံးလူရာမ၀င်ဖြစ်စေတတ်သည့် အကြောက်တရားများနှင့် မခြောက်လှန့်ရန် အမေ့ကိုပြောသည်။ ကျွန်တော်တို့မြန်မာလူမျိုးများ၏ အကျင့်တစ်ခုက ကလေးများကို ပြောဆိုဆုံးမ၍မရပါက မိမိပင်တစ်ခါမှ မမြင်ဘူး မကြားဘူးသော နာနာဘာဝများ၊ စကားဆန်းများနှင့် ခြောက်လှန့်တတ်ကြသည်မဟုတ်ပါလား။ အမှန်တကယ်တော့ ယင်းသို့ခြောက်လှန့်မှုများကြောင့် ကလေးများက လူကြီးမိဘများ၏ ပြောစကားများကို နာခံလာမည် ဆိုရင်တောင်မှ ၄င်းတို့အရွယ်ရောက်လာသည့် အချိန်တွင် ယင်းအကြောက်တရားဆိုသည့် အကျင့်ဆိုးကြီးက တွဲကပ်ပါလာပြီး လူတန်ဖိုးတစ်ခုကို အခြေအနေတစ်ခုထိဆွဲချတတ်ပါသည်။ တကယ်တော့ အကြောက်တရားသည် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် သို့မဟုတ် နိုင်ငံတစ်ခုကို တည်ထောင်ရာတွင် အကျိုးယုတ်စေတတ်သည်မဟုတ်ပါလား။

မိုးကဒီနေ့မှစရွာသည်ဆိုပေမယ့် မိုးဦးလေဦးမို့လေအနည်းငယ်ပါသလို မိုးကလည်းတော်တော်နှင့်မစဲ။ နောက်ဆုံးအိမ်တံခါးမကြီးကိုပိတ်ပြီး အိမ်တွင်ရှိသည့်ထမင်းနှင့်ဟင်းကိုဖြစ်သလိုစားရင်း အဖေနားထောင်နေသော လိုင်းသိပ်မမိသည့် ရေဒီယိုအိုကြီးဆီမှ ကျွန်တော်တစ်ခါမှမကြားဘူးသော နိုင်ငံတစ်ခုမှ မုန်းတိုင်းတိုက်ခိုက်သွား၍ လူတွေသေကြပုံ ဒုက္ခရောက်ကြပုံကို နားထောင်နေမိသည်။ အဖွားကတော့ လေကြီးမိုးကြီးတွေတိုက်ခိုက်မည်စိုး၍ ကျွန်တော့်ကိုသင်ပေးဘူးသော သဗ္ဗုဒ္ဒေဂါထာတော်ကြီးကို ပါးစပ်ကတစ်တွတ်တွတ်ရွတ်နေသည်။ ကျွန်တော်ကတော့ အဖွားရွတ်နေသော ဘုရားစာနှင့် အဖေနားထောင်နေသော ကျွန်တော်မသိသောနိုင်ငံခြားတိုင်းပြည်တစ်ခုမှ မှန်းတိုင်းသတင်းကို နားစွင့်ရင်း အမေပြောသော ဒေဝေါဆိုသည့်အကောင်ကြီးကို စိတ်ကူးပုံဖော်ကြည့်နေမိပါတော့သည်။

*****

၂၀၀၈ ခုနှစ်၊ မေလ(၂)ရက်

ဒီနေ့ကျွန်တော့်အလုပ်က ညနေအဆိုင်းမို့ နေ့လည်(၂)နာရီလောက်မှာ အိမ်ကထွက်ခဲ့သည်။ မနေ့ကမိုးတွေအဆက်မပြတ်ရွာ၍ ရန်ကုန်မြို့လည်ခေါင်မှာတောင် ရေတွေက ခြေသလုံးမြုပ်နေပြီ။ ဒါပေမယ့် ဒီနေ့ကျတော့မိုးကစဲသွား၍တော်သေးသည်။ ရန်ကုန်မြို့ကြီး၏ ကောင်းကင်တစ်ခုလုံးမှာလည်း ကြည်လင်နေသည်။ ဒါဆိုရင်ဟိုနေ့ကကြားလိုက်ရသော မုန်တိုင်းကပြီးသွားပြီထင်သည်။ ဒါပေမယ့်ရုံးရောက်တော့ ဟိုမှသည်မှပြောနေကြသော မုန်တိုင်းသတင်းကိုပြန်ကြားလာရသည်။ ကျွန်တော်တို့ရုံးမှာတောင် Cyclone Alert လုပ်ထားသည်တဲ့။ ကျွန်တော်ကတော့ အရင်ကလည်းဒီလိုပဲ မိုးဦးလေဦးတွေမှာ မြန်မာနိုင်ငံကို မုန်တိုင်းတွေအဖျားခတ်ရိုက်တတ်ပြီး ပျက်စီးမှုကလည်း ဆိုရုံမျှနှင့်ပြီးသွားတတ်သည်မို့ သိပ်ပြီးဂရုမစိုက်မိ။ မုန်တိုင်းတကယ်ဝင်ခဲ့လျှင်တောင် ရခိုင်ဘက်ကစစ်တွေဘက်လောက်မှာပင် မြန်မာပြည်ကနေပြန်ထွက်သွားနိုင်သည်ဟု ကျွန်တော်ထင်သည်။ ရန်ကုန်မြို့၏ ညနေခင်းကောင်းကင်ကြီးကလည်း ကြည်လင်နေသည်မဟုတ်ပါလား။ တစ်ခါတစ်ခါလေပွေတစ်ချို့လောက်သာတိုက်ခတ်တတ်ပြီး အရင်နေ့တွေကလို မိုးစက်မိုးပေါက်တွေတောင်မရွာတော့သည်မို့ ရာသီဥတုကသာယာနေသည်ဟုပင်ပြောနိုင်သည်။ ဒါပေမယ့်ရာသီဥတုသာယာနေသည်ကို ကျွန်တော်ကြာကြာပင်မခံစားလိုက်ရ။ နိုင်ငံခြားတီဗီရုပ်သံတစ်ခုမှ မုန်တိုင်းသတင်းက မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဝင်လာနေသည်ဟု သတင်းတွေစကြားလာရသည်။ ညနေ(၆)နာရီလောက်မှာတော့ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှလှမ်းပို့သော အီးမေလ်တစ်စောင်မှာတော့
“ > နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည်။
> ခန့်မှန်ချက်အရ ဒီနေ့မနက် ၇နာရီတွင်မော်တင်စွန်းသို့ စတင်ဝင်ရောက်မည်။ ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည်။
>ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိ ညက်ညက်ကြေသွားနိုင်သည်။
> ရန်ကုန်တွင် လေပြင်းတိုက်က ဆိုင်းဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည်။
> မုန်တိုင်းသတင်းကိုဒီနေ့တောက်လျှောက် စောင့်ကြည့် ပေးကြပါ။ လက်ဆင့်ကမ်းပေးကြပါ။
> မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ။ ပိုပြီးအားကောင်းလာနေပါသည် အရှေ့ဘက်သို့ လျှင်မြန်စွာ ရွေ့နေသည်။
> နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်းကြီးကျွန်းအနီးမှဖြတ်မည်။
> လေတိုက်နှုန်း တနာရီ မိုင်၆၀ကျော်မည်။
> မုန်တိုင်းဗဟိုနှင့် အနီး မိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်။
> မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ။ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ်။
> လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေကမုန်တိုင်အကြာင်မယုံကြပါ
>မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်းလမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်းကူဖုန်းဆက်ပေးကြပါအုံး။” ဟူ၍ဖြစ်သည်။

ဒီနောက်ပိုင်းမှာတော့ မုန်တိုင်းသတင်းကို လူတွေပိုပြီး သတိထားမိလာကြသည်။ ရုံးမှလူတွေ သက်ဆိုင်ရာအိမ်တွေဆီဖုန်းတွေဆက်ကြသည်။ အပြင်မှ မိသားစုဝင်တွေဆီမှလည်း မုန်တိုင်းအကြောင်းကို သတင်းအနေနဲ့ရော ကောလဟာသအနေနဲ့ရော ဖုန်းတွေဝင်လာသည်။ ကောလဟာသတွေက ရန်ကုန်မင်္ဂလာဒုံဘက်ကိုတောင် မုန်တိုင်းကစ၀င်လာပြီဟုဆိုသည်။ ရန်ကုန်မှာမိုးဆိုရုံလောက်လေး ရွာပြီးရပ်သွားပြန်သည်။ လေအနည်းငယ် တစ်ခါတစ်လေတိုက်တာကလွဲလျှင် အခြေအနေကပုံမှန်ဖြစ်နေသည်။

ကျွန်တော်ရုံးကပြန်ဖို့လုပ်တော့ ည (၁၂)နာရီထိုးခါနီးနေပြီ။ ရန်ကုန်မြို့၏ ကောင်းကင်ကြီးကလည်း ကြည်လင်နေသည်မို့ မုန်တိုင်းကအားပျော့ပျက်ပြယ်သွားပြီလားမသိ။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံက သဘာဝဘေးအန္တာရာယ်တွေနဲ့ပတ်သက်လျှင် ပထ၀ီအနေအထေားအရ ဘေးအကင်းဆုံးနိုင်ငံပေပဲ။ ရုံးကအပြန်အတော်ပျော်စရာကောင်းသည်။ ကောင်းကင်ကြီးတစ်ခုလုံးက ကြည်လင်နေပြီး အင်လျားလမ်းတစ်ခုလုံးမှ သရက်ပင်တွေ၊ အုန်းပင်တွေဆီမှ သရက်သီးတွေ၊ အုန်းသီးတွေကကြွေကျနေသည်။ ဖယ်ရီကားပေါ်က တစ်ချှိုဝန်ထမ်းတွေက ကားပေါ်မှဆင်းပြီး သရက်သီးတွေ၊ အုန်းသီးတွေကောက်ကြသည်။ ကျွန်တော်အိမ်ပြန်ရောက်တော့ ည(၁၂)နာရီကျော်သွားပြီ။ လူခြေတိတ်ချိန်လေပြင်းတစ်ချက်တိုက်လိုက်သောကြောင့် အိမ်တစ်ခုမှပြတင်းပေါက်မှန်တစ်ခု ကျကွဲသံကြားလိုက်ရသည်။

*****

၂၀၀၈ခုနှစ် မေလ(၃)ရက်

ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်ရှိလူများ ဘယ်သူမှမအိပ်ကြသေး။ သူတို့အားလုံးလည်း မုန်တိုင်းသတင်းကို ကြားပြီးသားမို့အိပ်နိုင်ကြသေးပုံမရ။ ညဉ့်နက်သည်နှင့် လေတိုက်နှုန်းကလည်းတစ်ဖြည်းဖြည်းပြင်းလာသည်။ ကျွန်တော်လည်း မျက်စိကျယ်နေ၍ အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်နေလိုက်သည်။ လျှပ်စစ်မီးများဖြတ်တောက်ထား၍ ရန်ကုန်မြို့လမ်းမကြီးများက မှောင်မည်းတိတ်ဆိတ်ငြိမ်သက်နေသည်။ တစ်ဖြည်းဖြည်းနဲ့ လေပြင်းတွေကြားမှာ လေချွန်သံလိုအသံတွေပါ ပါလာသည်။ မနက်မိုးလင်းခါနီးတော့ ကျွန်တော်မှေးကနည်းအိပ်ပျော်သွားသည်။ သိပ်မကြာလိုက် ကျွန်တော်အိပ်နေသော အိပ်ရာကယိမ်းထိုးသလိုဖြစ်နေ၍ လန့်နိုးလာတော့ မနက်(၇)နာရီကျော်နေပြီ။ ဒီအချိန်မှာပဲ ရန်ကုန်မြို့၏ မုန်တိုင်းအခြေအနေက အထွဋ်အထိပ်သို့ရောက်နေပြီထင်သည်။ ကျွန်တော်တို့ အထပ်မြင့်တိုက်တွေပေါ်မှနေ၍ လမ်းတစ်ချို့ရှိသစ်ပင်ကြီးတွေပြိုလဲနေတာကို မြင်နေရသည်။ မိုးနှင့်လေစဲသွားသော နေ့လည်(၁)နာရီလောက်အချိန်တွင် ကျွန်တော်လှည်းတန်းလမ်းဆုံဘက်သို့ထွက်ဖြစ်သည်။ ဒီတော့မှပဲ မုန်တိုင်းဆိုတာဂျိုနဲ့လားဟု မေးရလောက်အောင် ဖြစ်ခဲ့ကြသော ကျွန်တော်တို့တွေအတွက် မုန်တိုင်းရိုက်ခတ်မှု၏ ဆိုးရွားမှုအခြေအနေတွေကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည်။ လှည်းတန်းလမ်းဆုံရှိ ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ နှစ်ရှည်သစ်ပင်ကြီးများ၊ ဓါတ်တိုင်များအားလုံးလိုလိုပြိုလဲနေသည်။ တစ်ခြားနေရာတွေမှာရော ဘာတွေဖြစ်ကုန်ပြီလဲ။ လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်းနှင့် အင်တာနက်လိုင်းတွေ ကတော့အားလုံးပြတ်တောက်ကုန်ပြီ။ အိမ်အတွက်စားစရာတစ်ချို့ဝယ်မည်လုပ်တော့ ဆိုင်တွေကလုမှာယှက်မှာကြောက်၍ဆိုပြီး ပိတ်ကုန်ကြပြီ။ ဖွင့်ထားသောတစ်ချို့ဆိုင်တွေကလည်း ပစ္စည်းကိုလိုသလောက်ဝယ်မရတော့။ ရသောပစ္စည်းတွေကလည်း ကာလတန်ဖိုးထက် နှစ်ဆနီးပါးဖြစ်နေသည်။ ညဘက်ရေဒီယိုကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော်တို့ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေ၊ ရွာတွေအတော်များများ နာဂစ်ဒဏ်ခံလိုက်ရသည်တဲ့။ တစ်ချို့ရွာလေးတွေဆိုရင် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပြီတဲ့။ အသေအပျောက်ကလည်း မခန့်မှန်းနိုင်သေး။ ကျွန်တော် ကျွန်တော့်မြို့လေးဆီသို့ ဖုန်းလှမ်းဆက်ပေးမယ့် ဆက်၍မရတော့....။

*****

၂၀၁၀ ပြည့်နှစ် ဧပြီလ(၂ရ)ရက်

ဒီနှစ်နွေကစံချိန်တင်လောက်အောင်ကို အတော်ပူသည်။ အရိပ်ရသစ်ပင်ကြီးတွေရှားသွားသော ရန်ကုန်မြို့ရှိ လမ်းတွေမှာ ရနိုင်သမျှအရိပ်အာဝါသကို ကျွန်တော်အမှီပြုရင်း လျှောက်လာမိသည်။ သင်္ကြန်ပြီးသွားလို့ ကဆုန်လတောင်ရောက်နေပြီဆိုပေမယ့် အခုထိရန်ကုန်မှာ မိုးမမြင်ရသေး။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းကျတော့မှ ကျွန်တော်တို့မြန်မာပြည်သူတွေလည်း သဘာဝတရားကြီး၏ ယိုယွင်းပျက်ဆီးလာမှုကို ပိုပြီးသတိထားမိလာကြသည်။ အနောက်နိုင်ငံရှိ မီဒီယာတွေမှာ နှစ်အတော်ကြာအောင် အော်ဟစ်နေကြသော ကျွန်တော်တို့နိုင်ငံနှင့်ဘာမှမသက်ဆိုင်သလိုနေခဲ့ကြသော Global warming ကို ကျွန်တော်တို့တွေ လျစ်လျှရှုနေ၍မရတော့ဆိုတာကို ဒီနှစ်နွေကပဲ သက်သေပြနေပြီမဟုတ်ပါလား။ ပူပြင်းလှသော နေရောင်ကိုကာကွယ်ရန် လမ်းဘေးရှိအိမ်အရိပ်တစ်ခုအနီးမှ ကပ်လျှောက်ရင်း ယင်းအိမ်ထဲမှ အမေလုပ်သူက ကလေးကိုပြောဆိုဆုံးမ၍ မရသည်ထင့် နာဂစ်လာလိမ့်နော်ဟု ကလေးကိုခြောက်လှန့်နေတာ ကြားလိုက်ရသည်။ ကျွန်တော်ပြုံးမိပါသည်။ လွန်ခဲ့သော အနှစ်နှစ်ကျော်ကလည်း ကျွန်တော့်အမေက ကျွန်တော်ပြောစကားနားမထောင်သည့် အခါတိုင်း ဒေဝေါကြီးလာလိမ့်မယ်နော်ဟု ခြောက်လှန့်ခဲ့ဖူးပါသည်။ အဲဒီ့အချိန်တုန်းကလည်း ဒေဝေါဆိုသော ကြောက်စရာကောင်းသည့်ဆိုသည် အကောင်ကြီးကို ကျွန်တော့်နည်းကျွန်တော့်ဟန်နှင့် စိတ်ကူးပုံဖော်ကြည့်ဖူးသည်။ အခုတော့ကလေးတွေကို ဒေဝေါဆိုတာနဲ့ခြောက်စရာမလိုတော့။ နာဂစ်ဆိုတာနဲ့ အားလုံးကကြောက်ရွံ့နေကြပြီ။ တကယ်လည်း အိမ်နီးချင်းနိုင်ငံတစ်ခု၏ ဘာသာစကားအရ ပန်းတစ်ပွင့်၏နာမည်ကို ကိုယ်စားပြုသော နာဂစ်သည် ကျွန်တော်တို့မြန်မာ့သမိုင်းမှာတော့ သမိုင်းဝင်လူဆိုးကြီးဖြစ်ခဲ့ပြီမဟုတ်လား။

ကျွန်တော်ကောင်းကင်ကိုမော့ကြည့်မိတော့ ပူပြင်းသော နေရောင်ခြည်တွေကြားမှာ တိမ်စိုင်တိမ်လိမ့်တစ်ချို့ကိုတွေ့လိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် ကျွန်တော်ကလေးဘ၀တုန်းကတော့အခုလို ပူပြင်းသောနွေရက်တွေမှာ တိမ်စိုင်တွေအုံ့စိုင်းလာပြီဆိုလျှင် မိုးရွာမည်ကိုမျှော်ရင်း ကျွန်တော်အလွန်ပျော်ပါသည်။ အခုရော ကျွန်တော့်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေလေးရှိရာ ဧရာဝတီတိုင်းမှာ ကျွန်တော်ကလေးဘ၀ကပျော်ခဲ့သလို မိုးရိပ်တွေမြင်တိုင်း အဲဒီဒေသက ကလေးတွေ ပျော်နိုင်ကြပါသေးရဲ့လား။ နွေရာသီ၏ အပူဒဏ်မှကင်းလွတ်ပြီး မိမိတို့စိုက်ပျိုးထားသည့် လယ်ယာစိုက်ခင်းများကို ပိုမိုအထွက်တိုးစေမည့် မိုးရာသီကိုရော အဲဒီ့ဒေသက လယ်သမားတွေမျှော်ရဲကြတုန်းပဲလားဆိုတာ ကျွန်တော်မသိနိုင်တော့ပါ။ ကျွန်တော်ငယ်ငယ်က အဖေဖွင့်သော ရေဒီယိုအိုကြီးမှသာကြားဖူးသော နိုင်ငံခြားတိုင်းပြည်များမှ ဆိုးရွားလှသည့် ဘေးဆိုးကပ်ဆိုးကြီးများကို ဒီဒေသကလူတွေကတော့ နဖူးတွေ့ဒူးတွေ့ ခါးခါးသီးသီးရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးကြပါပြီ။

ဘာလိုလိုနဲ့နောက်ရက်အနည်းငယ်ဆိုလျှင် ကျွန်တော်တို့နိုင်ငံသို့ နာဂစ်မုန်တိုင်းကြီး ၀င်ရောက်တိုက်ခတ်ခဲ့တာ (၂)နှစ်ပင်ပြည့်တော့မည်။ (၂)နှစ်ဆိုသော ကာလသည့် အတိုင်းအတာတစ်ခုထိရှည်ကြာခဲ့ပေမယ့် ကျွန်တော်တို့အတွက်ကတော့ မနေ့တစ်နေ့ကအဖြစ်အပျက်တွေလို မမေ့နိုင်ကြသေး။ အဲဒီ့ဒေသက မိဘမဲ့ဖြစ်ခဲ့ကြသော ဒေသခံကလေးတွေ၊ မိသားစုဝင်တွေနဲ့ သေကွဲကွဲခဲ့ရသော ပြည်သူတွေ၊ မိမိပိုင်ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ကြသော နာဂစ်ဒဏ်ခံသူတွေကတော့ ကျွန်တော်တို့ခံစားခဲ့ရတာထက် အဆပေါင်းများစွာ ပိုဆိုးလိမ့်မည်ထင်ပါသည်။အခုချိန်ထိလည်းနာဂစ်ဒေသရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းချက်များမှာ လိုအပ်ချက်တွေရှိနေဆဲ၊ နာဂစ်ဒဏ်ခံဒေသရှိ ပြည်သူတွေမှာလည်း အကူအညီတွေများစွာ လိုအပ်ဆဲအခြေအနေမှာတင် ရှိနေသေးသည်။ တကယ်တော့ သဘာဝဘေးဆိုးကြီး နာဂစ်သည် သဘာဝတရားကြီးက သူ့အလိုလိုဖန်တီးခဲ့ခြင်းမဖြစ်နိုင်ပါ။ ကျွန်တော်တို့လူသားတွေကသာ တိုးတက်လာသောနည်းပညာတွေနဲ့ လူနေမှုပုံစံတွေဖြင့် သွယ်ဝိုက်၍တစ်ဖုံ တိုက်ရိုက်တစ်မျိုး နာဂစ်ကိုဖန်တီးခဲကြခြင်းသာဖြစ်ပါသည်။ နောက်ထပ်အခုလိုဖြစ်ရပ်ဆိုးကြီးတွေ ထပ်ဖြစ်လာနိုင် ဖြစ်မလာနိုင်ဆိုတာကလည်း ကျွန်တော်တို့လူသားတွေ၏ သဘာဝပတ်ဝန်းကျင်အပေါ် ပြုမှုကျင့်ကြံနေထိုင်သည့် အလေ့အကျင့်ပေါ်တွင်သာမှီခိုနေမည်ဟု ကျွန်တော်ထင်ပါသည်။ သဘာဝဘေးအန္တရာယ်တွေကျရောက်တိုင်း ကိုယ့်လူမျိုးအချင်းချင်း သို့မဟုတ် နိုင်ငံခြားတိုင်းပြည်များသို့ အထောက်အပံ့များပေးပိုးခြင်းမှာ လူသားပီသသော အလွန်မြတ်နိုးဖွယ်ကောင်းသည့် ကိုယ်ချင်းစာတရာများ ဖြစ်ကြပါသည်။ သို့သော်ကျွန်တော်ကတော့ ထိုသို့သော လူသားပီသမှုနှင့်ရောက်ရဲကျေနပ်မနေပဲ ပြဿနာ၏ဇစ်မြစ်ကိုဖော်ထုတ်နိုင်မှသာလျှင် ကမ္ဘာကြီးကို အစစ်အမှန်ကာကွယ်နိုင်လိမ့်မည်ဟုတွေးမိပါသည်။ ဆိုလိုသည်မှာ သဘာဝဘေးအန္တာရာယ်ကြီးတစ်ခုဖြစ်လာတိုင်း ယင်းဒေသများသို့သွားရောက်ကူညီခြင်းထက် ယင်းသဘာဝဘေးဆိုးကပ်ဆိုးကြီးများနောက်ထပ်ဖြစ်မလာစေရန် ပြဿနာ၏ဇစ်မြစ်ကိုဖန်တီးသလိုဖြစ်နေသည့် ကျွန်တော်တို့လူသားတွေ၏ သဘာဝပတ်ဝန်းကျင်ပေါ် အန္တာရာယ်ရှိသည့်ကျင့်ကြံနေထိုင်မှုပုံစံများကို ပြောင်းလည်းခြင်း၊ ကာကွယ်နေထိုင်ခြင်းကသာလျှင် ယနေ့ဖြစ်ပေါ်လျှက်ရှိနေသော သဘာဝဘေးဆိုးကပ်ဆိုးတွေဒဏ်မှ ကာကွယ်ဖြေရှင်းနိုင်မည့် အဓိကသော့ချက်ဖြစ်သည်ဟုထင်ပါသည်။

မကြာခင်မုတ်သုန်ရာသီသို့ ၀င်ရောက်လာတော့မည်။ မိုးလေတွေတိုက်သည့် မိုးရာသီရောက်တိုင်း ဟိုးအရင်ချိန်က ကျွန်တော်တို့ဒေသရှိကလေးတွေကြောက်စရာအနေနဲ့ ပြောလေ့ ရှိသည့် ဒေဝေါကြီးလာတော့မည် ဆိုတာကိုရော သူတို့တွေပြောနေကြတုန်းပဲလား။ ဒါမှမဟုတ် ဒေဝေါဆိုသောနေရာတွင်နာဂစ်ဆိုသည့် ဝေါဟာရအသစ်ကပဲ အစားထိုးသွားပြီလားဆိုတာ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာတစ်ခုတော့ရှိပါသည်။ အဲဒီ့ဒေသလေးရှိလူတွေအားလုံးလိုလိုကတော့ ဒေဝေါကြီးဆိုတာကိုရော၊ နာဂစ်ဆိုတာကိုရော ထပ်ပြီးကြားချင်စိတ်ရှိကြတော့မည် မဟုတ်တော့တာပဲဖြစ်ပါသည်။

မျိုးဇော် (၂၇.၀၄.၁၀)