လေးညှို့က မြှားတစ်စင်းကို လေထဲကိုပစ်မခွင်းခင်မှာပြောတယ် “သင်ရဲ့ လွတ်မြှောက်ခြင်းသည် ကျွန်ုပ်၏လွတ်မြောက်ခြင်းလည်း ဖြစ်ပေသည်” တဲ့။
ဒီစာကြောင်းလေးဖတ်ပြီး ငယ်ငယ်တုန်းက ကျွန်တော်ကစားခဲ့ဘူးတဲ့ ကစားစရာ “လေးနဲ့မြှား” ကို သွားသတိရမိတယ်။ အမေက ကျွန်တော်ကစားရင်း မြှားတံလေးပျောက်သွားမှာ စိုးလို့ ဆိုပြီး မြှားတံနဲ့လေးကို ကြိုးလေးတစ်ချောင်းနဲ့ ချည်ထားပေးတယ်။ လေးညှို့ကနေ မြှားတံလေးကို ဘယ်လောက်ပစ်ပစ် အမေချည်ပေးထားတဲ့ ကြိုးအချည်တစ်ခုထက် အဝေးကို ပိုမသွားနိုင်ဘူးပေါ့။
အခုတော့ အမေချည်ပေးစရာ မလိုပဲ ကြိုးလေးတစ်ချောင်ချည်လိုက်မိတယ်။ ဒါပေမယ့်အမေ ကစားစရာလေးပေါ်မှာ ချည်ပေးခဲ့ဘူးတဲ့ ရိုးရိုးကြိုးတစ်ချောင်းတော့ မဟုတ်ပါဘူး။ ဘယ်လိုလို ဖြတ်ဖြတ်၊ ဖြတ်ရတာတော်တော်ခက်တဲ့ သံယောဇဉ်ကြိုး တစ်ချောင်းပေါ့။ ဒီအကြောင်းတွေသာ အမေသိခဲ့ရင်…။
မျိုးဇော် (၀၆.၁၁.၀၉)