My Dreams are my Life, my Heart and my Future!

Monday, March 29, 2010

အရွဲ့တိုက်ခြင်း


လောကကြီးရေ....
နင့်ကိုငါအရွဲ့တိုက်ဖို့ ဘ၀ဆိုတဲ့ပင်လယ်ကြီးထဲ
မာနဆိုတဲ့ရွက်ကိုလွှင့် ရည်မှန်းချက်ဆိုတဲ့ ပဲ့ကိုထိန်းပြီး
ပစ္စုပ္ပန်ဆိုတဲ့လှေကြီးစီး ငါခရီးထွက်ခဲ့တယ်။

လောကကြီးရေ....
ကြမ်းလိုက်တဲ့လေ ထန်လိုက်တဲ့လှိုင်း
လောကဓံတရားကို အံတုလို့
အနာဂတ်ဆိုတဲ့လင်းရောင်ခြည်ကိုအားပြုရင်း
ဘ၀ပင်လယ်ထဲ ငါရွက်လွှင့်ခဲ့တယ်။

လောကကြီးရေ...
လောကီဆိုတဲ့ မြုမှုန်တွေကြား
ငါလမ်းတွေပျောက်လို့ ကမ်းမမြင်လမ်းမမြင်ဖြစ်
နောက်ဆုံးတော့ ကျွန်းတစ်ကျွန်းကို ငါ့လှေဝင်တိုက်
ငါ့ရဲ့ရည်မှန်းချက်ဆိုတဲ့ ပဲ့ကကျိုး
မာနဆိုတဲ့ ရွက်ကစုတ်ပြတ်
ကြည့်လိုက်တော့ ကျွန်းနံမည်က"အချစ်"တဲ့လေ။

လောကကြီးရေ...
ရောက်တဲ့နောက်တော့ မထူးပါဘူး
အချစ်ဆိုတဲ့ကျွန်းပေါ်ငါတက်
ချိုမြိန်တဲ့အသီးတွေ ငါဆွတ်ခူး
အေးမြတဲ့ ရေစင်တွေကို ငါသောက်သုံးရင်း
လောကကြီးကို အရွဲ့တိုက်မယ့် စိတ်ကူးတွေပျက်သုဉ်း
အချစ်ဆိုတာကို ယစ်မူးခဲ့ရတယ်။

လောကကြီးရေ...
အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့လောကကြီးမှာ
သစ်သီးတိုင်းက ချိုမြိန်ကြတာတော့ မဟုတ်ပါဘူး။
ကျွန်းပေါ်မှာ ခါးတဲ့အသီးကို ငါစားမိ
ယစ်မူးမှုတွေကနိုးထ မာနဆိုတဲ့ရွက်ကိုပြန်လွှင့်
သစ်ပင်တွေကိုဖောင်ဖွဲ့ အချစ်ဆိုတဲ့ကျွန်းကို ငါစွန့်ခဲ့တယ်
ငါ့ဖွဲ့ခဲ့တဲ့ဖောင်နံမည်က "စွန့်လွှတ်ခြင်း" တဲ့လေ။

လောကကြီးရေ....
နင့်ကိုငါအရွဲ့တိုက်ဖို့
မာနဆိုတဲ့ ရွက်စုတ်ကိုပြန်လွှင့်
စွန့်လွှတ်ခြင်းဆိုတဲ့ ဖောင်ကိုငါစီး
ရည်မှန်းချက်ဆိုတဲ့ ပဲ့ကျိုးကိုပြန်ထိန်းရင်း
ဘ၀ပင်လယ်ထဲ ငါပြန်ရွက်လွှင့်ခဲ့ပြီ
နင်သတိသာထားပေတော့။

မျိုးဇော် (၂၅.၀၃.၁၀)