
ဖေဖော်ဝါရီ (၂၅)
ဘ၀မှာ ထင်မှတ်မထားတဲ့
ကမ်းလှမ်းမှု တစ်ခုနဲ့
ငါတို့စတင် ဆုံစည်းခဲ့ကြတယ်။
ငါကလည်း ကျေကျေနပ်နပ်နဲ့
လက်ဆွဲနှုတ်ဆက်ရင်း
အဲဒီ့ နေ့ကသာ
ငါ့ဘ၀၊ ငါ့ခံယူချက်တွေကို
ပြောင်းလည်းစေမယ့်
နိဒန်းတစ်ခုဆိုတာ သိခွင့်ရခဲ့ရင်…။
မတ် (၂၇)
စိတ်ကူးတောင် ယဉ်မကြည့်ဘူးခဲ့တဲ့
ခရီးတစ်ခုကို ငါသွားခဲ့ရတယ်။
ငါချစ်တဲ့သူတွေနဲ့၊ ပြီးတော့ …
သူတို့တွေကို ငါဆန့်ကျင်ရင်း
အိပ်မက်ဆိုးတစ်ခုကို
စတင်မက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။
အဲဒီနေ့ကသာ
ငါ့ရဲ့ခံယူချက်၊ ငါ့မာနတွေကို
ပြောင်းလည်းပစ်ဖို့၊ ခွန်အားတွေကို
ဖြစ်စေခဲ့တယ် ဆိုတာသိခဲ့ရင်…။
ဧပြီ (၄)
ဧပြီဖူးလ်မှာ စရ၊ နောက်ရတာကို
ခုံမင်တဲ့ငါ ဒီနှစ်တော့
အိပ်မက်တွေထဲ နှစ်မွန်းနေမိတယ်။
ဧပြီဖူးလ်ဒေးအပြီး လေးရက်ကြာတော့
ကောင်မလေးတစ်ယောက်က ပြောတယ်
Belated April fool ပါတဲ့။
ငါ့နှလုံးသားတွေ တစ်ခုလုံး
ကြေမွလို့၊ ရူးသွပ်သွားခဲ့ရတယ်။
ဒီလိုနေ့မျိုး....
ဘ၀မှာ ရှိလာခဲ့မယ်လို့များ
ကြိုသိခွင့် ရခဲ့ရင်…။
မေ (၂)
နွေနေပူရဲ့ နေ့လည်ခင်းကို
ရွံ့မုန်းတဲ့ငါ ဒီတစ်ခါတော့
ငါ သိပ်ဖြစ်ချင်ခဲ့တဲ့
ဌက်တစ်ကောင်လို၊
နွေနေပူထဲ၊ ပျံသန်းခဲ့မိတယ်၊
အပြာရောင်ထီးလေးတစ်ချောင်းနဲ့
အဲဒီနေ့ကသာ နွေနေပူထက်ပူတဲ့
အကြည့်တွေကိုများ မြင်တွေ့ခွင့်
ရခဲ့မယ်ဆိုရင်…။
တော်ပါပြီ
နောက်လာမယ့် ဇွန်၊ ဇူလိုင်တွေ
ရင်မဆိုင်ချင်တော့လို့
အခန်းထဲက ပြေးထွက်
နံရံပေါ်က ပြက္ခဒိန်ကို ဆွဲယူရင်း
ရက်တွေ၊ လတွေကို
တစ်ရွက်ချင်း ဆွဲဆုတ်နေလိုက်မိတယ်။
ဒါပေမယ့်…။
ဒီဇင်ဘာ စာမျက်နှာအရောက်
ပြက္ခဒိန်ပေါ်က
ဆံပင်တိုတိုကောင်မလေး တစ်ယောက်က
ပြုံးကြည့်နေတာ တွေ့လိုက်ရတယ်။
အပြုံး…။
ဒီအပြုံးတွေ၊ သူ့အပြုံးတွေ
ငါ့မှတ်မိနေမိတယ်။
ကြမ်းရှလှတဲ့ စုတ်ချက်တွေနဲ့ “ဒါဗင်ချီ”ရဲ့ရှေ့မှာ
မာနတစ်ခုနဲ့ ပြိုင်ဆိုင်ခဲ့တဲ့
နူးညံ့သိမ်မွေ့လှတဲ့
မိန်းမတစ်ယောက်ရဲ့ အပြုံး
မိုနာလီဇာရဲ့ အပြုံး
ငါမျက်နှာလွှဲခဲ့ရဖူးတဲ့၊ အပြုံး...။
ဟုတ်တယ်…။
ဒီအပြုံးတွေ၊ သူ့အပြုံးတွေသာ
ဖေဖော်ဝါရီကောင်မလေး
မြင်တွေ့ခွင့် ရခဲ့မယ်ဆိုရင်…။
မျိုးဇော် (၀၉.၀၇.၀၉)
(ဒီကဗျာလေးကို ကျွန်တော့်ဘလောဂ်လေးမှာ တင်မယ်လုပ်တော့ အရင်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ အကြမ်းချရေးကြည့်မိတယ်။ တစ်ခါမှ မရေးခဲ့ဘူးတဲ့ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ခရစ်စမတ်လက်ဆောင်ရခဲ့ဘူးတဲ့ ဘောလ်ပင် အ၀ါရောင်လေးနဲ့ပါ။ ကျွန်တော်ပြန်ပေးခဲ့ဘူးတဲ့ အဖြုနဲ့အနီကျား ဘောလ်ပင်လေးကတော့ ဘယ်ရောက်နေတယ် မသိ။)
No comments:
Post a Comment