My Dreams are my Life, my Heart and my Future!

Saturday, August 18, 2012

ကန်ရိပ်သာလမ်းပေါ်မှာ မမက်ခဲ့ရသော အိပ်မက်များ


တိမ်စိုင်တိမ်လိပ်တွေကင်းစင်သွားပြီဖြစ်သော အခုလိုနေ့မျိုးတွေရဲ့ မနက်စောစောနဲ့ ညနေခင်းအချိန်တွေမှာ အအေးဓာတ်ကိုခံစားလာရသည်။ ဒါဆိုရင် တစ်ဆောင်းသစ်ပြန်တော့မည်ပေါ့။ အထက်မှာရေးခဲ့သော စာနှစ်ကြောင်းနှင့်ပင် ရန်ကုန်ဆောင်း၏ သရုပ်ကပြီးပြည့်စုံနေပြီ။ ဟိုးတစ်ချိန်ကလို နှင်းတွေဝေနေသော၊ မြုတွေဆိုင်းနေတတ်သော ရန်ကုန်ဆောင်းက အတိတ်မှာကျန်ခဲ့ပါပြီ။ နှစ်တွေကြာသွားပေမယ့်လည်း အေးစိမ့်သော အအေးဓာတ်တွေကြားမှာ နှစ်စဉ်မပျက်မကွက် လုပ်နေကြအလုပ်တစ်ခုကတော့ ယခုအချိန်ထိ ကျွန်တော်ကတော့တစ်နှစ်မှ မပျက်ကွက်ခဲ့။ တစ်နှစ်တစ်ခါဆောင်းရောက်တိုင်း လက်ချိုးရေတွက်လာခဲ့တာ မနှစ်ကဆိုလျှင် ငါးနှစ်တောင်ပြည့်ခဲ့ပြီမို့ လက်သီးဆုပ်ကလေးဖြစ်ခဲ့သည်ဟု မနှစ်ကဆောင်းမှာ ကျွန်တော်ရေးခဲ့သည်။ အခုတော့ ဆဌမမြောက်နှစ်အတွက် ဆုပ်ထားသောလက်သီးကလေးမှ လက်မကလေးကို ပြန်ဖြည်လိုက်မိတော့ ကျွန်တော်တစ်ယောက်တည်း လက်မထောင်မိသလိုဖြစ်သွားသည်။

ကျွန်တော်ပြုံးမိပါသည်။ ခြောက်နှစ်မြောက်နှစ်သည် လက်မထောင်ရမည့်နှစ်လား။ ဒါမှမဟုတ် သူ့ဟာသူ့ဖြစ်လာခဲ့သော နမိတ်ပုံရိပ်တစ်ခုလား ကျွန်တော်မပြောတတ်ပါ။ ဒါပေမယ့်အရင်နှစ်တွေတုန်းကလိုတော့ ပင်ပန်းခဲ့တာတွေ၊ အလိုမကျတာတွေကို ကျွန်တော့်ရဲ့ကန်ရိပ်သာအိပ်မက်တွေထဲမှာ ထည့်မရေးချင်တော့တာတော့ အမှန်ပင်ဖြစ်ပါသည်။ ဘယ်လောက်ပဲ ထိုးနှက်ချက်တွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ သိမ်ငယ်မှုတွေရှိခဲ့ပါစေ ကျွန်တော်ချစ်ခင်နှစ်သက်ရသော ဒီလောကလေးကို ဘယ်လိုအခြေအနေပဲရောက်ရောက် စွန့်ခွာမသွားခဲ့ပဲ မြတ်မြတ်နိုးနိုးနဲ့ဆုပ်ကိုင်ထားခဲ့ခြင်းက ကျွန်တော်ကိုထိုက်သင့်သော အကျိုးကျေးဇူးတွေကို လက်တွေ့ပြန်လည်ခံစားစေခဲ့ရသည်ဟု ကျွန်တော်ထင်သည်။ ကန်ရိပ်သာကအိပ်မက်တွေက လက်တွေ့ဘ၀ထဲမှာ ထင်တာထက်ပိုခဲ့ပြီမို့ ကျွန်တော်ပျော်ပါသည်။

ဒါပေမယ့် ကျွန်တော်အပျော်တွေက ဒီလောက်နှင့်ပင်ကျေနပ်နေလို့မဖြစ်နိုင်သေး။ ဆောင်းလေအေးတွေကြားမှာ ကန်ရိပ်သာကိုမျှော်ကြည့်မိတော့ ကန်ရိပ်သာကဟိုးအဝေးမှာ ကျန်ခဲ့ပါပြီ။ ဒါပေမယ့် မြောက်ပြန်လေညှင်းတွေ ကြားမှာတော့ ခေါင်းလောင်းထိုးသံတွေကကြားနေရဆဲဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ဟုတ်သည်။ ကျွန်တော်တို့လည်းတစ်ချိန်က အဲဒီ့ကျောင်းတက်ခေါင်းလောင်းထိုးသံတွေကြားမှာ ရည်မှန်းချက်ကိုယ်စီနှင့် ပျော်ခဲ့ရဖူးသည်။ နေခြည်သာသောမြေပြင်ကျယ်ကြီးဆီက ပျိုးပင်ကလေးတွေကို ဖူးပွင့်ရှင်သန်လာအောင်၊ ကျွန်တော်ဒီချင်ခင်ရသော ဒီလောကလေးကို အလှဆင်တတ်လာအောင် ပေါင်းသင်ရေလောင်းပေးဖို့ကလည်း ကျွန်တော်တို့တွေဆီမှာ တာဝန်အပြည့်ရှိသည်။ အတက်ရှိလျှင် အကျဆိုတာလည်းရှိရမည်ဆိုသော လောကရဲ့ဝိသေသတွေကြားမှာ မျိုးဆက်သစ်တွေကို လက်လှမ်းမှီသလောက်တွဲခေါ်သွားပြီး ဒီလောကလေးကို ချစ်တတ်ခင်တတ် ဂုဏ်ယူတတ်အောင် လေ့ကျင့်ပေးဖို့လည်း တာဝန်ရှိပါသည်။ ကျောင်းတက်ခေါင်းလောင်းသံတွေ ငြိမ်သွားတော့ ကျွန်တော်အိပ်မက်တစ်ခုထပ်မက်မိပါသည်။ အဲဒီ့အိပ်မက်တွေက တစ်ချိန်က ကျွန်တော် ကန်ရိပ်သာမှာ မမက်ခဲ့ရသော အိပ်မက်များဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မျိုးဇော်
၁၉၊ အောက်တိုဘာ ၂၀၁၁




ဆောင်းရောက်တော့မည်ဆိုတိုင်း ကန်ရိပ်သာအကြောင်းကို ကျွန်တော်ရေးလာခဲ့တာ ဒါပါနဲ့ဆို သုံးပုဒ်မြောက်နှင့် သုံးနှစ်မြောက်ဖြစ်ပါသည်။ ကျွန်တော်ကန်ရိပ်သာကအိပ်မက်တွေ အကြောင်းရေးတိုင်း ပါနေကြအကြောင်းအရာလေးတွေရှိသည်။ အဲဒါတွေက ကျွန်တော်ရယ်၊ ကန်ရိပ်သာလမ်းကြီးရယ်၊ ခရစ္စမတ်လက်ဆောင်ရခဲ့သော ဘော့ပင်လေးတစ်ချောင်းရယ် ပြီးတော့ ကျွန်တော်တို့မွေးဖွားခဲ့သော အမိနိုင်ငံတော်ကြီးရယ်ဖြစ်ပါသည်။ ဒီတစ်နှစ်တော့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကို ထည့်မရေးဖြစ်တော့ပါ။ နိုင်ငံတစ်ခု၏ အပြောင်းအလဲကာလတစ်ခုမှ ဘေးကနေဝေဖန်ရတာထက် စိတ်စိတ်နေစောင်ကြည့်ရတာက အကောင်းဆုံးဖြစ်မည်ထင်သောကြောင့်ဖြစ်ပါသည်။ မည်သို့ဆိုစေ လွန်ခဲ့သော (၁၅)နှစ်ခန့်က ခရီးသွားနှစ်မှာ ကျွန်တော်တို့လောကသားတွေ မက်ခဲ့ဖူးသော မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဦးရေ (၃)သန်းဝင်ရေးဆိုသည့် အိပ်မက်သည့် ပြောင်းလည်းလာသော အခြေအနေတွေကြားမှာ မဝေးတော့ဟု ကျွန်တော်ထင်ပါသည်။ အကယ်၍သာ လွန်ခဲ့သော ၁၅ နှစ်ခန့်က အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့မည်ဆိုလျှင် ကျွန်တော်တစ်ယောက်တည်းမက်နေခဲ့ရသော ကန်ရိပ်သာလမ်းက အိပ်မက်များထက် တစ်နိုင်ငံလုံးပြုံးပျော်ကြရမည်သာဖြစ်ပါသည်။ အဲဒီ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာ မဖြစ်လာဆိုတာကိုတော့...

အိပ်မက်ထဲက ကောင်ကလေး


တစ်ခါက ကောင်လေးတစ်ယောက်ရှိသည်။ အဲဒီ့ကောင်လေးက စာဖတ်ရတာ အတော်ဝါသနာပါသည်။ ဒါပေမယ့် စာရေးဖို့ဆို နည်းနည်းလေးမှ စိတ်မ၀င်စား။ သူစာဖတ်ဝါသနာပါပုံက စာမဖတ်တတ်သေးခင် ငယ်ငယ်လေးကတည်းက ရွှေသွေးစာစောင်လို ကာတွန်းစာစောင်တွေကို အမေ့ကိုဝယ်ပေးဖို့ပူဆာရင်း အမေရင်ခွင်ထဲခေါင်းထည့်ကာ သူ့အမေဖတ်ပြတာကို နားထောင်ရင်း အိပ်ပျော်သွားတတ်သည်။ ဒါပေမယ့် သူကစာအရေးအသားတော့ အတော်ညံ့သည်။ ကျောင်းတွင်မြန်မာစာ စာမေးပွဲစစ်ပါက မေးခွန်းထဲတွင်ပါလေ့ရှိသော စာစီစာကုံးလို မေးခွန်းမျိုးဆိုရင် ကိုယ်တိုင်ဖန်တီးပြီး ရေးဖို့ထက် သူများရေးပြီးသားကို အလွတ်ကျက်ပြီး ဖြေဖို့လောက်သာ အားသန်သူတစ်ယောက်ဖြစ်သည်။
နောက်ထပ်သူ့မှာ အားနည်းချက်တစ်ခုရှိသေးသည်။ အဲဒါကတစ်ခြားမဟုတ်။ သူစာဖတ်ဝါသနာပါပုံက အပြင်စာသက်သက်သာ ဖြစ်သောကြောင့် ကျောင်းစာဖတ်ဖို့ဆိုလျှင် နည်းနည်းလေးမှ စိတ်မ၀င်စား။ ဒီလိုနဲ့ပဲ ကျောင်းစာကျက်ရမယ့် အချိန်တွေမှာ ဖတ်စာအုပ်အောက်မှာ ကာတွန်းစာအုပ်ထိုးပြီး ခိုးဖတ်တာ သူ့အဖေမိလို့ အဆူခံရတာလည်း မကြာခဏဖြစ်သည်။ နောက်ဆက်တွဲအကျိုးဆက်က သူကအတန်းထဲတွင် စာတော်သော ကျောင်းသားများစာရင်းတွင် တစ်ခါမှ မပါဘူးခြင်းဖြစ်သည်။
ဒီလိုနဲ့ပဲ သူအရွယ်ရောက်လာတော့ ကာတွန်းအပြင် တစ်ခြားစာအုပ်တွေပါ ရှာဖွေဖတ်တတ်လာသည်။ ဒါပေမယ့် သူကအချစ်အကြောင်းချည်းရေးသော အပျော်တမ်းဖတ်ဝတ္တုတွေဆို နည်းနည်းလေးမှ စိတ်မ၀င်စား။ ဒါပေမယ့် အရာရာတွင် အချစ်နဲ့မကင်းသောလူ့လောက၏ ထုံစံအတိုင်း အခြားသော စာပေအမျိုးအစားများတွင်လည်း အချစ်အကြောင်းတွေက တစ်နည်းမဟုတ်တစ်နည်းဖြင့် ပါလာလေ့ရှိသည်။ အဲဒီ့လိုစာအုပ်မျိုးဆိုရင်တော့ သူမှာအတော်ရယ်စရာကောင်းသော အကျင့်တစ်ခုရှိသည်။ သိပ်တော့ မထူးဆန်းပါ။ ဇာတ်သိမ်းခန်းတွင် ဇာတ်လိုက်နှစ်ယောက် ပေါင်းဖက်ရမဖက်ရ ခိုးခိုးဖတ်ပြီးမှ အဲဒီ့စာအုပ်ကို ဌားဖတ်လေ့၊ ၀ယ်ဖတ်လေ့ရှိခြင်းဖြစ်သည်။
နုနယ်သော ဘ၀ရဲ့အချိန်တစ်ခုမှ ၀တ္တုစာအုပ်ထဲက ဇာတ်သိမ်းမှာ ဘာဖြစ်မည်ဆိုတာကို စာမျက်နှာတွေ ကြိုကြည့်လေ့ရှိသော အဲဒီ့ကောင်ကလေး.....
ဘ၀ရဲ့ဝတ္တုတစ်ပုဒ်မှာ စာမျက်နှာတွေ ကြိုတင်ကျော်ဖတ်၍ မရသောအခါမှာ....
သူထင်မှတ်မထားသော၊ မျှော်လင့်မထားသော ဘ၀ရဲ့အချိုးအကွေ့တွေကို ရင်ဆိုင်လာရတဲ့ အချိန်မှာ....
သူများရေးပြီးသားစာတွေကို ၀င်ရောက်ခံစားဖို့ထက် ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို ဖွင့်ချရေးပြဖို့ ဖြစ်လာခဲ့သည်။
လက်တွေ့ဘ၀ထဲက သူ မနှစ်သောအရာတွေ... သူ့လက်တွေ့ဘ၀မှ ပိုင်ဆိုင်ခွင့်မရခဲ့ပေမယ့် သူ့ရဲ့အိပ်မက်ထဲက ရူးသွပ်မှုတွေကို ဖွင့်ဟလိုက်တဲ့ အခါ....
စာအရေးအသားအလွန်ညံ့သော၊ စာရေးရတာ ၀ါသနာမပါသော အဲဒီ့ကောင်ကလေးက အိပ်မက်များ ဆိုသော ဘလောဂ့်လေးတစ်ခုကို မွေးဖွားဖြစ်ခဲ့ပါသည်။
ဘာလိုလိုနဲ့ လာမည့် ၂၀၁၁၊ ဇွန်လ(၁)ရက်နေ့ဆိုရင် သူ့ရဲ့အိပ်မက်များ တောင် (၃)နှစ်ပြည့်ပေတော့မည်...။

(၃)နှစ်ပြည့်သည်အထိ အဘက်ဘက်မှ ၀ိုင်းဝန်းဝေဖန် အကြံပေးကြသော၊ အားပေးချီးမြှောက်ပေးကြသော သူငယ်ချင်းအားလုံးကို အိပ်မက်များမှ ကျေးဇူးအထူးတင်ရှိပါသည်။

အိပ်မက်များ
၂၀၁၁၊ မေလ(၂၉)



အလွမ်းတွေရောင်းတဲ့ ကော်ဖီဆိုင်




ငါတို့နှစ်ယောက် အတူတူဆုံနေကြ
နီညိုရောင်ရင့်ရင့် နံရံတွေရှိတဲ့ ကော်ဖီဆိုင်

လူလစ်လို့ နင့်ကိုခိုးခိုးနမ်းရင်
ချောင်းချောင်းကြည့်တတ်တဲ့ ၀ါကျင့်ကျင့် မီးဆိုင်းတွေ
တွဲလျောင်းခိုနေတဲ့ ကော်ဖီဆိုင်

ငါတို့တွေရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
အမျိုးစုံဒဏ်တွေကို သည်းငြီးခံပေးတတ်တဲ့
အဖြုရောင် ခုံပုပုလေးတွေရှိတဲ့ ကော်ဖီဆိုင်

မနေ့က အဲဒီ့ကော်ဖီဆိုင်လေးကို ငါတစ်ခေါက်ပြန်ရောက်သွားတော့
ကော်ဖီဆိုင်လေးက မေးတယ်
"အစ်ကို ကောင်မလေးမပါဘူးလား" တဲ့။

ငါခေါင်းခါပြလိုက်တော့ သူတို့တွေကပြောတယ်
"၀မ်းနည်းပါတယ်.. ဒါဆိုရင် ရောင်းစရာအလွမ်းတွေပဲရှိတယ်"
"ကော်ဖီကတော့ တစ်ခြားအတွဲတွေကို ရောင်းလိုက်လို့ ကုန်သွားပါပြီ"တဲ့

ငါအဲဒီ့အလွမ်းတွေကို မ၀ယ်ခဲ့ဘူး
ဆိုင်ထဲကချက်ချင်း ပြန်လှည့်ထွက်ခဲ့တယ်။
ငါမှာလည်း ယောင်္ကျားတစ်ယောက်ရဲ့ မာနနဲ့ သိက္ခာတရားပဲကျန်တော့တာ
အဲဒီ့အလွမ်းတွေကို ၀ယ်နိုင်လောက်တဲ့ အချစ်ဆိုတာမှ မရှိတော့တာ။

မျိုးဇော်
၂၀၁၁၊ ဧပရယ်(၂၁)


လိုက်ဖ်ရှိုး ရောဂါ


လိုက်ဖ်ရှိုး... လိုက်ဖ်ရှိုး... အဲဒီ့လိုက်ဖ်ရှိုးဆိုတဲ့ စကားကိုကြားကြားမိနေတာ အတော်ကြာလှပြီခင်ဗျ။ ဘောလုံးပွဲလည်း လိုက်ဖ်ရှိုး၊ တစ်ခြားဘာဘာညာညာအားကစားပွဲတွေလည်း လိုက်ဖ်ရှိုး။ စူပါကော်ဖီမစ် အဲလေအကယ်ဒမီဆုပေးပွဲလည်းလိုက်ဖ်ရှိုး။ ဟို ကျွန်တော်တို့တွေ လှည်းတန်းတို့ မြေနီကုန်းတို့မှာ တစ်ထောင်ဖိုး သုံးခွေနဲ့ ၀ယ်ဝယ်ကြည့်ရတဲ့ နိုင်ငံခြားဇာတ်ကားတွေကို ဆုပေးတဲ့ အော်စကာကလည်း လိုက်ဖ်ရှိုး။ အဲဒီ့လိုက်ဖ်ရှိုးဆိုတာကြီးက အခုခေတ်မှာ အတော်ခေတ်စားသားခင်ဗျ။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကထင်ပါရဲ့ ဗွီစီဒီကာရာအိုကေခွေတွေတောင် လိုက်ဖ်ရှိုးခွေမှ ရောင်းရတယ်ဆိုပဲ။ အစပိုင်းတုန်းကတော့ တကယ့်ရှိုးပွဲကြီးတွေမှာ ကင်မရာကြီးတွေနဲ့ ကြိုးစားပမ်းစားရိုက်ပြီး အခွေပြန်ထုတ်တာဆိုတော့ တကယ့်ရှိုးပွဲကြီးကို လိုက်ဖ်ကြည့်နေရသလို ခံစားရတယ်ဆိုပြီး ကျွန်တော်တို့ပရိသတ်တွေက အတော်အားပေးကြသဗျ။ အဲ နောက်ပိုင်းကြတော့ အခန်းတစ်ခန်းဌား အဆိုတော်တွေ၊ တီဝိုင်းထဲကလူတွေရဲ့ အမျိုးတွေ ရပ်ကွက်ထဲကလူတွေကို စင်အောက်မှာလူရှိရင်ပြီးရော ထိုင်ခိုင်းပြီး လိုက်ဖ်ရှိုးအင်တုတာတွေများသွားတော့ အခုနောက်ပိုင်းတော့လည်း လိုက်ဖ်ရှိုးခွေတွေ နည်းနည်းတောင် မှေးမှိန်သွားသလားလို့။ ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ ရွှေနိုင်ငံကြီးမှာတော့ လိုက်ဖ်ရှိုးဈေးကွက်ကအတော်ရှိသဗျ။ နောက်ဆုံးဟိုးတလောလေးကမှ နာမည်ကြီးပြီး၊ ပြီးသွားတဲ့ နာမည်ကျော်မင်းသားနဲ့ မင်းသမီးရဲ့ မင်္ဂလာဆောင်တာသာကြည့်။ ဘာသတင်းဖြစ်ဖြစ် အမြဲတမ်းနောက်ကျမှ လွှင့်တတ်တဲ့ ရုပ်သံလိုင်းက လိုက်ဖ်ရှိုးလွှင့်သွားတာအံ့ရောပဲ။ အဲဒီ့တုန်းကလည်း တော်သေးတာပေါ့။ မင်းသားနဲ့မင်းသမီးကလည်း မင်္ဂလာပွဲအခမ်းအနားပြီးသွားတော့ အစီအစဉ်ပြီးပါပြီဆိုလို့ တော်သေးတာ။ နို့မို့ဆိုရင် ၇ ရက်သားသမီးတွေ နောက်ထပ်စိတ်မချမ်းမသာတွေ ခံစားနေရအုံးမယ်။ ကျွန်တော်တို့ဆီမှာ လိုက်ဖ်ရှိုးက အဲလောက်ကို ခေတ်စားတာခင်ဗျ။

အဲ အခုလည်း နောက်ထပ်လိုက်ဖ်ရှိုးအမျိုးအစားအသစ်တွေတောင် ပေါ်လာသေးသဗျ။ မနေ့ကပေါ့ဗျာ။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့ကနေ ဖြတ်လျောက်သွားတော့ တီဗွီမှာလာနေတာတွေကို လက်ခုတ်လက်ဝါးတီးပြီးတော့ အားပေးနေကြတာတွေ့လိုက်ရသဗျ။ ချကွ ဆော်ကွ ဟုတ်ပြီကွ ထိသွားပြီးကွ ဆိုတဲ့အသံတွေကလည်း ညံနေတာပဲ။ အော်.. ဒီအင်္ဂလိပ်အက်ရှင်ကားက နောက်အသစ်ထွက်တဲ့ အခွေပဲဖြစ်ရမယ်လို့ တွေးနေတုန်းရှိသေး ဘေးနားကဖြတ်လျောက်သွားတဲ့ ကလေးနှစ်ယောက်ပြောမှပဲသိရတော့တယ်။ အဲဒါအနောက်နိုင်ငံက စစ်တပ်တွေက လစ်ဗျားကိုလေကြောင်းကနေတိုက်နေတာကို စလောင်းကနေ လိုက်ဖ်လွှင့်နေတာကို အားပေးနေကြတာတဲ့ခင်ဗျ။ မှတ်ကရော။ လိုက်ဖ်ရှိုးဆိုရင် ဘောလုံးပွဲလောက်ပဲ သိတဲ့ကျွန်တော်က အခုခေတ်ကြီးမှာ စစ်တိုက်တာကိုတောင် လိုက်ဖ်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ နိုင်ငံဘက်က အားပေးလို့ရတယ်ဆိုတာ အသိနောက်ကျသွားလို့ ကိုယ့်ကိုကိုယ်တောင် ရှက်လိုက်မိသေး။ ကျွန်တော်ကတော့ သတင်းတွေလည်းစိတ်ဝင်စားသားဆိုတော့ အိမ်ရောက်တော့ ဂျပန်ငလျင်နောက်ဆက်တွဲ သတင်းတွေကိုဖွင့်ကြည့်လိုက်မိပါရဲ့။ ဒါလည်း လိုက်ဖ်ရှိုးပဲခင်ဗျ။ ဂျပန်ပြည်သူတွေ ရိက္ခာတွေဝယ်မရလို့ စိတ်ညစ်နေကြတာတွေ၊ ပျောက်သွားတဲ့ ဆွေမျိုးပုံတွေရဲ့ပုံတွေကို ကိုယ်မှာချိတ်ဆွဲပြီး အပျက်အစီးကြားထဲမှာ လိုက်ရှာနေကြတာတွေ အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေပေးနေတာပါ တွေ့ရသဗျာ။ နည်းပညာတွေကလည်း အတော့်ကိုတိုးတက်နေတာဆိုတော့ ကမ္ဘာ့ဘယ်အခြမ်းမှာ ဘာဖြစ်ဖြစ် အကောင်းရော အဆိုးရော အရာရာကို အချိန်ပိုင်းအတွင်းကြည့်လို့ရနေတာ ဆိုတော့ တစ်မျိုးတော့ ကောင်းတာပေါ့ဗျာ။

ဒါပေမယ့် သူများတွေဒုက္ခရောက်နေတာကြီးကို အပျင်းပြေရုပ်ရှင်ကြည့်သလို ထိုင်ကြည့်နေရတာမျိုးကိုတော့ ကိုယ့်ကိုယ်ကိုသိပ်ကျောမလုံလှဘူးခင်ဗျ။ တကယ်လို့ ငါတို့ဆီမှာသာ အဲဒီလိုခံစားနေရရင်ရော တစ်ခြားသူတွေက အခုလိုတီဗီရှေ့ကနေ ထိုင်ကြည့်ပြီး အားပေးကြအုံးမှာလား။ ဒါမှမဟုတ် ဘာလုပ်ကြမှာလဲလို့တောင် တွေးလိုက်မိသေး။ ကျွန်တော်လည်း ဘယ်လောက်တောင် အတွေးလွန်သွားတယ် မသိပါဘူး။ ဟဲ့ လှုပ်တယ်ဟဲ့ လှုပ်တယ် ဆင်းဆင်း ဆိုပြီး အသံတွေကြားတော့မှ ကျွန်တော်လည်း သတိထားမိတော့တယ်။ ဟုတ်သဗျ တီဗွီထဲမှာတင်လှုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်ထိုင်နေတဲ့ ငါးလွှာကတိုက်ခန်းပါ လှုပ်နေတာခင်ဗျ။ ဘာပဲပြောပြော ခဏနေတော့ အခြေအနေအားလုံးတည်ငြိမ်သွားပါတယ်။ ဒါပေမယ့် သင်္ခန်းစာတစ်ခုတော့ ရလိုက်တာပေါ့ဗျာ။ အရာရာကိုလိုက်ဖ်ရှိုးကြည့်နေနိုင်တဲ့ ခေတ်ကြီးမှာ ကိုယ့်အလှည့်မရောက်ခင် သူများတွေရဲ့ အဖြစ်သနစ်တွေကို ထိုင်ကြည့်ပြီး လေ့ကျင့်နေရတာနဲ့တောင်တူနေပြီ။ ကျွန်တော်တို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်ကြီးကလည်း ကျွန်တော်တို့ လူသားတွေရဲ့လက်ချက်နဲ့ပဲ လုံးပါးပါးပြီး ပျက်စီးလာနေပြီမဟုတ်လား။ အခုလိုအမြဲတမ်းတည်မြဲပါတဲ့ဆိုတဲ့ ပတ်ဝန်းကျင်ကြီးတောင် ပျက်စီးလာပြီဆိုမှတော့ ကျွန်တော်တို့ ခင်ဗျားတို့တွေ ကိုယ်တစ်ယောက်တည်း ကျန်းမာအောင်၊ လှပအောင်၊ အသက်ရှည်အောင် နေနေရုံနဲ့တော့ မလုံလောက်တော့ဘူးထင်တယ်ဗျ။ ကမ္ဘာကြီးကိုပါ ကျန်းမာအောင် တစ်ဖက်တစ်လမ်းကနေ ဂရုစိုက်သင့်နေပြီ။ အခုလည်း ကိုယ်ကိုယ်တိုင်က ကျန်းမာပါရဲ့နဲ့ ကမ္ဘာကြီးမကျန်းမာလို့ မြေဇာပင်ဖြစ်သွားရတဲ့ လူတွေရဲ့အဖြစ်ကို လိုက်ဖ်ရှိုးတွေကနေတစ်ဆင့် မြင်တွေ့နေကြရပြီမဟုတ်လား။ ကျွန်တော်တို့တွေလည်း အဲဒီ့အဖြစ်တွေကို သင်္ခန်းစာယူရင်း ကမ္ဘာကြီးကျန်းမာအောင် ကိုယ်စွမ်းသလောက် စောင့်ရှောက်ကြရအောင်လား။ လိုက်ဖ်ရှိုးတိုင်းက မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ ယူတတ်ရင် သင်္ခန်းစာတွေအများကြီးရသလို အကျိုးလည်း ရှိသင့်သလောက်ရှိပါရဲ့နော်။

မျိုးဇော်
၂၀၁၁၊ မတ်လ(၂၅)
၂၀၁၁၊ မတ်လ(၂၄)ရက်နေ့က မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်းအား ရစ်ချားစကေား ၇.၀ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် လမ်းတံတားများ ပျက်စီးဆုံးရှုံးမှုကို တွေ့ရစဉ်။(ဓါတ်ပုံ-အင်တာနက်)

လက်ရှိအချိန်ထိ လူပေါင်း(၇၀)ကျော်သေဆုံးပြီး၊ ရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေရသော လွယ်မွေငလျင်ဒဏ်သင့်ဒေသမှ ပြည်သူများမှ သင်တို့၏ အကူအညီကို အထူးလိုအပ်နေကြပါသည်။ (ဓါတ်ပုံ-EMG)

အချစ်မရှိတဲ့ ကောင်းကင်





အချစ်မရှိရင် လူတစ်ယောက်ဟာ
နေမရှိတဲ့ ကောင်းကင်နဲ့တူတယ်။
လောင်ကျွမ်းစရာတော့ မရှိဘူးပေါ့
ဒါပေမယ့် တောက်ပတဲ့ လင်းရောင်ခြည်
တွေရဲ့ အလှတရားကို မရနိုင်ဘူး။

အချစ်မရှိရင် လူတစ်ယောက်ဟာ
တိမ်တွေမရှိတဲ့ ကောင်းကင်နဲ့တူတယ်။
လေပြင်းတွေတိုက်ရင် ငိုချစရာတိမ်တွေ
မရှိတာတော့ ကောင်းတာပေါ့။
ဒါပေမယ့် လွမ်းဆွတ်တမ်းတခြင်းဆိုတဲ့
အနုပညာတစ်ခုကိုလည်း မခံစားတတ်တော့ဘူး။

အချစ်မရှိရင် လူတစ်ယောက်ဟာ
ကြယ်တွေမရှိတဲ့ ကောင်းကင်နဲ့တူတယ်။
လှပတဲ့ကြယ်လေးတွေ ကြွေကျမြေခမှာတော့
မစိုးရိမ်ရတော့ဘူးပေါ့။
ဒါပေမယ့် မြတ်နိုးယုယခြင်းဆိုတဲ့
အဓိပ္ပာယ်ကို နားလည်နိုင်မှာ မဟုတ်တော့ဘူး။

အချစ်မရှိရင် လူတစ်ယောက်ဟာ
လမရှိတဲ့ ကောင်းကင်နဲ့တူတယ်။
မှောင်မိုက်တဲ့လမိုက်ညတွေကို မုန်းတီးရတာ
လပြည့်ညတွေကို မျှော်ရတာတွေတော့ မရှိဘူးပေါ့။
ဒါပေမယ့် စွန့်လွှတ်ခြင်း၊ မျှော့်လင့်ခြင်းဆိုတဲ့
လူသားဆန်ခြင်းတွေကိုတော့ ဆုံးရှုံးရတယ်။

အချစ်မရှိရင် လူတစ်ယောက်ဟာ
ကောင်းကင်မရှိတဲ့ ကောင်းကင်နဲ့တူတယ်။
ရှင်လျက်နဲ့ သေနေရသလိုပါပဲ။


မျိုးဇော်
၂၀၁၁၊ မတ်လ(၂၁)

လူ့ဘဝ



တစ်နေ့တစ်နေ့
နေ၀င်တာနဲ့ နေထွက်တာလောက်ကိုပဲ
ထိုင်ကြည့်နေရုံသက်သက်အတွက်နဲ့တော့
လူဖြစ်ရတာ ဘာတန်ဖိုးရှိပါ့မလဲ။

တစ်နေ့တစ်နေ့
နေ၀င်တာနဲ့ နေထွက်တာတောင်
သတိမပြုမိလောက်အောင် အလုပ်တွေရှုပ်နေရင်ရော
လူဖြစ်ရတာ ဘာတန်ဖိုးရှိပါ့မလဲ။


တကယ်တော့ ဘ၀ဆိုတာ
နေ၀င်တာနဲ့ နေထွက်တယ်ဆိုတဲ့ အချိန်ကာလတစ်ခုအောက်မှ
အလိုက်သင့်ပြုမှုနေထိုင်ခြင်းတစ်မျိုးပါပဲ။
တကယ်တော့ လူဆိုတာ

ရှင်ခြင်းနဲ့သေခြင်းဆိုတဲ့ ကာလတစ်ခုအောက်မှာ
အလိုက်သင့်ရုန်းကန်နေထိုင်ရတဲ့ သတ္တ၀ါတစ်မျိုးပါပဲ။

မျိုးဇော်
၂၀၁၁၊ ဖေဖော်ဝါရီ ၁၅

သူမ





အခုတလော ကျွန်တော့်ဘလောဂ်လေးတွင် "သူမ"ဆိုသော နာမ်စားဖြင့် စာတွေအတော်ရေး ဖြစ်နေသည်။
အမှန်အတိုင်းဝန်ခံရလျှင် ထို"သူမ"ကို ကျွန်တော်မသိပါ။
"သူမ"သည် ကျွန်တော်ချစ်ရသော(သို့မဟုတ်) မုန်းတီးရသော(သို့မဟုတ်) ကျွန်တော့်ဘ၀လေးထဲကို ၀င်လာခဲ့ဘူးသော(သို့မဟုတ်) ထွက်ခွာသွားခဲ့ဘူးသော(သို့မဟုတ်) ကျွန်တော်နှင့်တစ်ခါမှ မတွေ့ဆုံဘူးသေးသော တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
မည်သို့ဆိုစေ "သူမ"သည် သူမသာဖြစ်ပါတော့သည်။

မျိုးဇော်
၂၀၁၁၊ ဇန်န၀ါရီ ၁၈


ချိန်းတွေ့ကြသူများ



သူမနှင့်ချိန်းထားရာ ကော်ဖီဆိုင်လေးထဲကို ကျွန်တော်ရောက်တော့ အချိန်ကစောနေသေးသည်။ ဒီနေ့သူမနှင့်တဖန်ပြန်ဆုံရအုံးမည်မို့ စိတ်စောစွာဖြင့် ချိန်ထားသည့်အချိန်မတိုင်ခင် သူမထက်အရင် ကော်ဖီဆိုင်လေးထဲသို့ ရောက်နှင့်နေခြင်းဖြစ်သည်။ မရောက်တာနှစ်တွေအတော်ကြာသွားပြီဖြစ်သော ကော်ဖီဆိုင်လေးထဲမှာ ကျွန်တော်ပြန်ထိုင်ဖြစ်တော့ သူမနှင့်ကျွန်တော်ပတ်သက်ခဲ့ဘူးကြသော အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပဲဟု တွေးထင်နေမိသည်။ အရင်ချိန်တွေကဆိုလျှင် ဟောဒီဆိုင်လေးထဲမှာပဲ သူမနှင့်ကျွန်တော် အရိပ်ချင်းထပ်တူညီခဲ့ကြသည်။ နှလုံးသားတွေ ရင်ချင်းအပ်ခဲ့ကြသည်မဟုတ်လား။ အတိတ်တုန်းကအဖြစ်အပျက်တွေကို ကျွန်တော်ပြန်ပြောင်းတွေးမိရင်း အချိန်တန်တော့ သူမရောက်လာသည်။ သူမနှင့်မဆုံဖြစ်သော အချိန်တွေက ကြာခဲ့ပြီဆိုပေမယ့် သူမကတော့ အရင်ကထက်အနည်းငယ်ဝလာတာကလွဲလို့ အရင်ကအတိုင်းပဲဖြစ်သည်။ ကျွန်တော်ထိုင်နေရာ စားပွဲနားရောက်တော့ သူမလက်ထဲမှာ ဟိုးအရင်ချိန်ကအတိုင်း သူမသောက်နေကြ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်ပါလာသည်။ သူမ၏အလေ့အကျင့်တွေမပြောင်းလဲသေးတာလား ဒါမှမဟုတ် ဟိုးအရင်ချိန်က အခြေအနေတစ်ခုကို ပြန်လည်တမ်းတနေ၍လားဆိုတာ ကျွန်တော်မခန့်မှန်းတတ်တော့။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း သူမမလာခင်ကတည်းက သူမနှင့်ကျွန်တော်အရင်ကဒီဆိုင်လေးမှာ ထိုင်ဖြစ်လျှင်မှာနေကြအတိုင်း အာလူးချောင်းကြော်တစ်ပွဲနှင့် ဘရူးကော်ဖီတစ်ခွက်ကို မှာထားခဲ့သည်ပဲ မဟုတ်လား။



"မျိုးဇော် ရောက်တာ ကြာပြီလား"

"မကြာသေးပါဘူး အခုလေးတင်ပါပဲ"

သူမက ကျွန်တော့်ကိုအရင်အတိုင်း ပြုံးပြလိုက်ပေမယ့် သူမ၏အပြုံးတွေက အရင်လိုမလန်းဆန်းမတက်ကြွတော့ဟု ထင်မိသည်။ နှစ်တွေကြာသွားပြီဆိုတော့လည်း သူမလည်း အတော်ရင့်ကျက်နေလောက်ပါပြီ။ ဒါပေမယ့် သူမ၏နှုတ်ခမ်းပေါ်မှာ အရင်ချိန်က ကျွန်တော်တပ်မက်ခဲ့ဖူးသော နှုတ်ခမ်းနီပန်းနုရောင်ဖျော့ဖျော့လေးကတော့ ယခုချိန်ထိထင်ကျန်နေသေးသည်။ ကျွန်တော်နှင့်တွေ့ရန်အတွက် တမင်သက်သက်များ ဆိုးလာတာလားဟု စိတ်ကူးယဉ်မိပေမယ့် အဲဒီ့စိတ်ကူးတွေက ယခုချိန်မှာ ဘယ်လိုမှမအပ်စပ်တော့မှန်းတွေးမိရင်း ကိုယ့်စိတ်ကို ကိုယ်ချိုးနှိမ်လိုက်ရသည်။



ပြီးတော့ သူမနှင့်ကျွန်တော်စကားတွေပြောဖြစ်ကြသည်။ အရင်ချိန်တွေကအတိုင်း သူမမိသားစုအကြောင်းတွေပါသည်၊ ကျွန်တော့်မိသားစုအကြောင်းတွေပါသည်။ ဒါပေမယ့် အရင်ချိန်ကလို အဲဒီ့မိသားစုနှစ်ခုကို ပေါင်းစီးဖို့အတွက်မဟုတ်တော့ပဲ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းနစ်ယောက် အတွေးအမြင်ချင်း ဖလှယ်ရုံသက်သက်သာဖြစ်တော့သည်။ သူမပြောသော အကြောင်းအရာတွေမှာလည်း အရင်ကလိုသူမဖြစ်ချင်သောအရာတွေ စိတ်ကူးတွေကို လောဘတကြီးနှင့်မဟုတ်တော့ပဲ လက်ရှိပိုင်ဆိုင်ထားသော သူမမိသားစုလေးနှင့်ချင့်ချိန်ပြီးပြောတတ်လာတာမြင်တော့ ကျွန်တော်သက်ပြင်းမောတွေချမိသည်။ စကားတွေပြောလာကြရင်း အချိန်အတော်ကြာသွားတော့ သူမက လက်မှနာရီ ကလေးကိုငုံ့ကြည့်ရင်း ပြန်ရန်ပြင်သည်။ အရင်ချိန်တွေက အခုလိုအခြေအနေမျိုးမှာသာဆိုလျှင် သူမလက်မှာနာရီပါပေမယ့် ကျွန်တော့်လက်မှ နာရီလေးကအချိန်ကိုသာ အတည်ယူရင်း ပြီးလျှင် ကန်ဘောင်သွားဖို့၊ ရုပ်ရှင်ကြည့်ရန်သွားဖို့ ပူဆာလေ့ရှိသည်ပဲ မဟုတ်လား။ ကျွန်တော်အတွေးတွေမဆုံးခင် သူမထံမှ နှုတ်ဆက်သံက ကျွန်တော်အတွေးတွေကို ထိုးခွင်းသွားသည်။

" မျိုးဇော်... ငါပြန်တော့မယ်ဟာ.. ငါ အငယ်ကောင်ကို ကျောင်းသွားကြိုဖို့ အချိန်ကနီးနေပြီ။"



ကျွန်တော်က အလိုက်သင့်ခေါင့်ညိတ်ရင်း သူမကော်ဖီဆိုင်လေးထဲကနေ ထွက်ခွာသွားတာကို ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ ကလေးတွေတစ်ဖက်နှင့် အိမ်ထောင်မှုကို ထိန်းသိမ်းနေရသော သူမကို ကျွန်တော်စာနာမိရင်း အတွေးတွေက အတိတ်ကာလထဲကို တကျော့ပြန်ရောက်သွားသည်။ ကျွန်တော်အတွေးတွေက မဆုံးသေး။ အိပ်ကပ်ထဲက ဖုန်းမြည်သံကြားတော့ ကျွန်တော်အလျှင်စလိုထလိုက်မိသည်။ ဟုတ်သည်ပဲ။ ဒီနေ့ရုံးကပြန်လျှင် မိတ်ဆွေတစ်ယောက်နှင့် အလုပ်အကြောင်း ဆွေးနွေးစရာရှိ၍ အိမ်ပြန်နောက်ကျမည်ဟု ဇနီးသည်ကို ဆင်ခြင်ပေးရင်း ဒီနေ့မနက်အိမ်ကနေ ကျွန်တော်ထွက်ခဲ့သည်မဟုတ်လား။ အခုလည်း ဇနီးသည်ထံမှ ဖုန်းကိုကောက်ကိုင်ရင်း မကြာသေးခင်ကထွက်ခွာသွားနှင့်ပြီးဖြစ်သော သူမ၏ခြေလှမ်းတွေအတိုင်း ပစ္စုပ္ပန်ဘ၀ထဲကို ပြန်ပြေးဝင်လိုက်မိသည်။ ကျွန်တော်ပြန်လှည့်ကြည့်မိတော့ နီညိုရောင်ခပ်ရင့်ရင့် ဆိုးထားသော ကော်ဖီဆိုင်လေးက အတိတ်ကာလတစ်ခုမှာ ၀ိုးတ၀ါးကျန်ရစ်ခဲ့တော့သည်။

မျိုးဇော်( ၀၅.၀၁.၁၁)

ဆက်ဖတ်ရန်...

လူဆိုတာမျိုးက ဘယ်တော့မှငြိမ်ငြိမ်နေလေ့မရှိဘူးဗျ။ လူကမတတ်သာလို့ ငြိမ်နေရလျှင်တောင်မှ စိတ်ကဟိုရောက်လိုက် ဒိရောက်လိုက်နဲ့ စိတ်ကစားတတ်တယ်မဟုတ်လား။ အခုတစ်လော ကျွန်တော်တွေးမိတာက ငါသာ နောက် လေး ငါး ခြောက်နှစ်ကြာလို့ အိမ်ထောင်တွေဘာတွေများ ကျသွားရင် ဘာတွေဖြစ်လာမလဲလို့ စိတ်ကူးယဉ်မိပါရဲ့။ အခုတလောခေတ်စားနေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ၀တ္တုတွေမှာလည်း အိမ်ထောင်သည်တွေ ငယ်ရည်စားနဲ့ချိန်းတွေ့တဲ့ ဇာတ်လမ်းတွေက အတော့်ကိုခေတ်စားနေတယ်မဟုတ်လား။ လူဆိုတာမျိုးကလည်း တစ်ခါတစ်လေ လက်ရှိအခြေအနေတစ်ခုမှာ မွန်းကျပ်လာရင် အတိတ်ကရွှေရောင်အတိတ်တွေကို ဘာရယ်မဟုတ် ပြန်ပြောင်းသတိရတတ်ကြတော့ အခက်သား။ အဲဒီ့ထဲမှာမှ ငယ်ကချစ်နှစ်တစ်ရာမမေ့နိုင်ဆိုတော့ ပိုဆိုးတာပေါ့ဗျာ။ အိမ်မှာလက်ရှိ အိမ်ထောင်ဖက်ရှိနေရက်သားနဲ့ ငယ်ရည်စားတွေနဲ့ လူတွေချိန်းတွေကြတာ၊ စိတ်ကူးယဉ်ကြတာက ရုပ်ရှင်၊ ၀တ္တုတွေထဲမှာတင်မဟုတ်ပဲ လက်တွေ့ဘ၀တွေထဲမှာပါ ဒုနဲ့ဒေး။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း သူတို့ကို ကိုယ်ချင်းစားကြည့်ရင်း ရိုးရိုးရှင်းရှင်းအချစ်ဇာတ်လမ်းတွေရေးရတာလည်း ပျင်းလာတာနဲ့ အခုလိုမရောက်သေးတဲ့ အခြေအနေတစ်ခုကို စိတ်ကူးယဉ်ကြည့်ရင်း ဒီပိုစ့်လေးကို ဖန်တီးလိုက်ရပါကြောင်း... :)

မျှော်လင့်ခြင်း နတ်သမီး



ချစ်သူရေ...
လူဆိုတာ အချစ်အတွက်နဲ့ချည်း
အသက်ရှင်နေကြတာတော့ မဟုတ်ဘူးကွဲ့။
ဒါပေမယ့် အချစ်အတွက်တော့
မျှော်လင့်ခြင်းတွေ ထားတတ်ကြတယ် မဟုတ်လား။

အော်... နောက်တစ်ခုရှိသေးတယ်။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ဆက်ကြရတာတဲ့။
ဒါဆိုရင် လူဆိုတာ အချစ်အတွက်နဲ့ အသက်ဆက်နေကြတာပဲပေါ့။

ချစ်သူရေ...
နင်ဟာ ငါ့ရဲ့ "မျှော်လင့်ခြင်းနတ်သမီး" ပါ။

အိပ်မက်များ
၂၀၁၀၊ ဒီဇင်ဘာ(၃၁)




မျှော်လင့်ခြင်း နတ်သမီး


(၁)

" အစ်ကို... မနက်က အစ်ကို့ဆီကို ဖုန်းတစ်ကောလ် လာတယ် သိလား။"

" ဟုတ်လား... ဘယ်သူလို့ပြောသွားသေးလဲ"

" ဟင့်အင်း... ဘာမှတော့ပြောမသွားဘူး... မိန်းကလေးတစ်ယောက်အသံပဲ"

" အော်... သင့်ခ်ယူနော်"

ကျွန်တော်ရုံးကိုရောက်ရောက်ချင်း အော်ပရေတာမလေးက ပြောလာသော မက်ဆေ့ခ်ျဖြစ်သည်။ အရင်နေ့တွေတုန်းကလည်း ကျွန်တော်ရုံးမှာမရှိတဲ့အချိန်တွေမှာ ကျွန်တော်ဆီကိုဖုန်းလာတိုင်း တယ်လီဖုန်းအော်ပရေတာတွေကပြောပြနေကြမို့ ဘာမှတော့မထူးဆန်း။ ဒါပေမယ့် ဒီနေ့တော့ တစ်လမ်းလုံးစိတ်ကူးယဉ်လာသော အရာတစ်ခုနှင့်တိုက်ဆိုင်နေသည်မို့ ကျွန်တော်ရင်ဖိုသွားသည်။ ဟုတ်သည်ပဲ။ ဒီနေ့က သူမနှင့်ကျွန်တော့်ကြားမှာ တစ်ချိန်ကပေးထားခဲ့ဘူးသော ကတိစကားတစ်ခုရှိသည်မို့ ဒီနေ့များ သူမဖုန်းခေါ်လာလျှင်ဟူသော အတွေးတစ်ခုက ကျွန်တော့်ကိုတစ်နေ့ကုန်လွမ်းမိုးထားသည်ပဲမဟုတ်လား။

ယနေ့ဂျုတီကျသော အော်ပရေတာမလေးက ရောက်တာသိပ်မကြာသေးသော ၀န်ထမ်းအသစ်မို့ ကျွန်တော်ဘာမှ ဆက်မမေးဖြစ်တော့။ အရင့်အရင်အော်ပရေတာတွေသာဆိုလျှင် သူမဆီကလာသောဖုန်းဆိုပါက အသံကိုမှတ်မိနေပြီသားမို့ ကျွန်တော့်ကို နောက်ပြောင်ကျီစယ်ရင် လာပြောမှာ သေချာပါသည်။ ကျွန်တော့်ရုံးကိုဖုန်းဆက်တတ်သော သူငယ်ချင်းတွေကလည်း လက်ချိုးရည်ရလောက်အောင် နည်းသားမို့ သူတို့ဆီကိုဖုန်းဆက်ပြီး မနက်ကငါ့ဆီကိုဖုန်းခေါ်လားဟု မေးကြည့်ချင်ပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားထိန်းရင် အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်တော့သည်။


(၂)

ပြာလဲ့လဲ့ပင်လယ်ပြင်ကြီး၏ အနားသပ်ဆီသို့ နေ၀န်းနီနီတစ်ခုက ပုန်းလျှိုးငုံ့ဆင်းဖို့ တာစူနေပြီ။ ဖြုလွှလွှသဲသောင်ပြင်ပေါ်မှာ ကျွန်တော်တစ်ကိုယ်တည်းထိုင်နေရင်း ရေပြင်ကျယ်ကို ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။ မှောင်ရည်ပျိုးလာပြီဖြစ်သော ရေမျက်နှာပြင်ရှိကျောက်ဆောင်တွေကြားမှာ ထူးထူးဆန်းဆန်းအရာဝတ္တုတစ်ခုကို အမှတ်မထင် ကျွန်တော်သတိထားမိသွားသည်။ ရေစပ်ကိုဆင်းရင်း အဲဒီ့အရာဝတ္တုလေးကို သွားရောက်ဆယ်ယူကြည့်တော့ ရှည်ရှည်မျောမျောနှင့် ကြုပ်လိုမျိုးရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေသည်။ ကြုပ်ပေါ်မှာ ကျွန်တော်တစ်ခါမှမမြင်ဘူးသော ဘာသာစကားနှင့်စာတစ်ချို့ကိုရေးထားပြီး အဖုံးနေရာကိုတော့ ချိတ်ပိတ်ထားသည်။ ဒီကြုပ်ကလေးကိုမြင်တော့ ကျွန်တော့်အတွေးထဲကို ရုတ်တရက်ဝင်လာတာက ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ဘူးသော မီးခွက်စောင့်ဘီလူးအကြောင်းနှင့် တီဗွီဇာတ်လမ်းတွဲတစ်ခုထဲက ဂျင်းနီဆိုသော လိုတရဖန်ဆင်းရှင်တွေကိုပဲ ဖြစ်ပါသည်။ ပြီးတော့ အကယ်၍များ ဟောဒီ့ကြုပ်လေးထဲကနေ ကျွန်တော်၏ လိုအင်ဆန္ဒတွေကို ဖန်ဆင်းပေးနိုင်သော တန်ခိုးရှင်တစ်ယောက်သာ ထွက်လာခဲ့လျှင်ဆိုပြီး စိတ်ကူးယဉ်နယ်ချဲ့နေမိတော့သည်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ ကြုပ်လေးထဲမှထွက်လာမည့် တန်ခိုးရှင်ကြီးက ဖန်ဆင်းပေလိုက်သော ကျွန်တော်အရမ်းလိုချင်သည့် စိမ်းလန်းစိုပြေနေသော မြက်ခင်းစိမ်းကျယ်ကျယ်တွေရှိသည့် ခြံဝင်းလေးတစ်ခုနှင့် တိုက်ပုလေးတစ်လုံး၊ ပြီးတော့ဇိမ်ခံကားကြီးတစ်စီး၊ ပြီးတော့ချစ်စရာကောင်းသော ကလေးလေးတွေနဲ့ မိသားစုလေးတစ်ခု စသည်စသည်ဖြင့်...။

အတွေးတွေဆုံးသွားတော့ ကြုပ်ကလေးကို ကျွန်တော်စေ့စေ့ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ပြီးတော့ လက်တစ်ဖက်နှင့် ကြုပ်ကလေးကို အားယူလွှဲရင်း ရေပြင်ကျယ်ကြီးဆီသို့ ဝေးနိုင်သမျှဝေးအောင် အားကုန်သုံးပြီး လွှင့်ပစ်လိုက်သည်။ ကျွန်တော်လွှင့်ပစ်လိုက်သော ကြုပ်ကလေးကတော့ လှိုင်းကြက်ခွပ်ကလေးတွေကိုစီးရင်း ကျွန်တော်နှင့်ဝေးရာ ပင်လယ်ပြင်ကြီးဆီသို့ စီးမျောထွက်ခွာသွားပါတော့သည်။

(၃)

မနက်မိုးလင်းတော့ သူငယ်ချင်းတွေကို ကျွန်တော်ညကမက်ခဲ့သော အိပ်မက်လေးအကြောင်းကို ၀မ်းသာအားရပြန်ပြောဖြစ်သည်။ အိပ်မက်ထဲမှာ ကျွန်တော်က တစ်ခါမှမရောက်ဘူးသော ပင်လယ်ကမ်းခြေတစ်ခုကို ရောက်သွားသည့်အကြောင်း၊ ရှေးဟောင်းကြုပ်လေးတစ်ခုကို အမှတ်မထင်တွေ့ခဲ့သည့်အကြောင်း၊ ကြုပ်လေးထဲကနေ တန်ခိုးရှင်တစ်ယောက်များ ထွက်လာပြီး လိုချင်တာတွေ ဖန်ဆင်းပေးနိုင်လျှင်ဆိုပြီး စိတ်ကူးယဉ်ခဲ့ပုံအကြောင်းတွေနှင့် နောက်ဆုံးတော့ အဲဒီ့ကြုပ်ကလေးကို ဖွင့်မကြည့်တော့ပဲ ပင်လယ်ပြင်ထဲသို့ ပြန်လည်မျှောချလိုက်သည့် အကြောင်း စသဖြင့်ဖြစ်သည်။

ကျွန်တော့်စကားဆုံးသွားတော့ သူငယ်ချင်းတွေက " မင်းကွာ တော်တော်တုံးတာပဲ။ အလကားရတဲ့ အိပ်မက်ထဲမှာတောင် ဘာလို့ကြုပ်ကလေးကို ဖွင့်မကြည့်ပဲ လွှင့်ပစ်လိုက်ရတာလဲ" ဆိုပြီး အားမလိုအားမရ မေးလာကြသည်။ အဲဒီ့တော့ ကျွန်တော်ကလည်း သူတို့ကိုမေးခွန်းတစ်ခု ပြန်ထုတ်ဖြစ်သည်။ "တကယ်လို့သာ ငါစိတ်ကူးယဉ်သလို တန်ခိုးရှင်ထွက်မလာဘူးဆိုရင်ရော... " ဆိုတော့ သူတို့ဆွံ့အသွားကြသည်။

(၄)

အကယ်၍ ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးထဲမှာသာ ကျွန်တော်စိတ်ကူးယဉ်ခဲ့သလို တန်ခိုးရှင်တစ်ယောက်သာ ထွက်မလာနိုင်ခဲ့လျှင်၊ ကျွန်တော်လိုချင်တောင့်တသော အရာတွေမရခဲ့ဘူးဆိုလျှင် ကျွန်တော်လည်း ယနေ့မနက်ခင်းလို စိတ်လက်ကြည်ကြည်သာသာဖြင့်နိုးထလာနိုင်လိမ့်မည် မဟုတ်ပါ။ အခုတော့ အိပ်မက်လေးထဲမှာ ကျွန်တော်က ကျွန်တော်စိတ်ကူးယဉ်ထားသော အရာတွေကိုဖန်ဆင်းပေးနိုင်သည်ဟု ယုံကြည်ထားသော ကြုပ်ကလေးကိုလွှင့်ပစ်ခဲ့သည့်အတွက် တန်ခိုးရှင်ဖန်ဆင်းပေးနိုင်သော အရာဝတ္တုတွေကို မပိုင်ဆိုင်ခဲ့ပေမယ့် "ထွက်လာခဲ့လျှင်"ဟူသော မျှော်လင့်ချက်လေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ အကယ်၍ အိပ်မက်ထဲမှာသာ ကြုပ်ကလေးကိုဖွင့်ကြည့်လိုက်ပြီး ဘာတန်ခိုးရှင်မှထွက်မလာခဲ့လျှင်၊ ကျွန်တော်လိုချင်ခဲ့သောအရာများကို ဆုံးရှုံးရမည့်အပြင်၊ "မျှော်လင့်ချက်"လေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရပါအုံးမည်။

မနေ့ကကျွန်တော့်ဆီကို ဖုန်းဆက်လာသော မိန်းကလေးသည် သူမဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။ အကယ်၍များကျွန်တော်သာ သူငယ်ချင်းတွေဆီကို ဖုန်းဆက်မေးရင်း တစ်ယောက်ယောက်ကများ သူဆက်တာပါဟု ပြောလာလျှင် ကျွန်တော့်ပိုင်ဆိုင်ထားသည့် မျှော်လင့်ခြင်းလေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရအုံးမည်။ အခုတော့ ကျွန်တော်ချစ်ရသောသူမကိုဆုံးရှုံးခဲ့ရရင်တောင်မှ၊ သူမအတွက်မျှော်လင့်ခြင်းလေး တစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ပါသေးသည်။လူဆိုသည်မှာ မျှော်လင့်ခြင်းနှင့် အသက်ရှင်နေကြသူများ ဖြစ်ကြောင်း စာအုပ်တစ်အုပ်တွင်ဖတ်ခဲ့ဘူးသည်။ တစ်ကယ်တော့ လူတိုင်းသည် တစ်ခါတစ်ရံ ကိုယ့်စိတ်ကူးနှင့် ကိုယ်ရူးနေကြသော အတော်ရယ်စရာကောင်းသည် ပုဂ္ဂိုလ်များဖြစ်ကြပါသည်။

ဘာပဲပြောပြော ဒီနေ့ရုံးရောက်ရင်တော့ မနေ့ကအော်ပရေတာမလေးကို ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးအကြောင်း ဖောက်သည်ချရပါအုံးမည်။

မျိုးဇော်

၂၀၁၁၊ ဇန်န၀ါရီ (၁)

Sunday, February 5, 2012

တစ်ကျော့ပြန် ဒီဇင်ဘာ


ဒီဇင်ဘာ...
လတွေအများကြီးထဲမှာမှ နင်ကဘာလို့
အမြဲတမ်းနောက်ကောက်ကျရတာလဲ ဒီဇင်ဘာ။
တစ်နှစ်မှာရှိတဲ့ ရက်ပေါင်းသုံးရာကျော်မှာ
ဘာလို့ငါ့နားမှာ ရက်သုံးဆယ်လောက်ပဲ
နေချင်ရတာလဲ ဒီဇင်ဘာ။

ဒီဇင်ဘာ...
အဖြုရောင်နှင်းတွေ၊ ငွေမှင်ရောင်မြုခင်းတွေ
မြောက်ပြန်လေညှင်းတွေကြားက
ချစ်သံစဉ်တွေ ဘယ်ကိုထွက်ပြေးသွားပြီလဲ
ဒီဇင်ဘာ။

ဒီဇင်ဘာ...
မြုတွေဆိုင်းနေတဲ့ ချမ်းစိမ့်စိမ့်ဆောင်းညတွေမှာ
မေတ္တာအနွေးဓာတ်တွေ ငါ့နားမှာပျောက်ဆုံးနေတာသိလို့
အရင်လို မအေးရဲတော့တာလား ဒီဇင်ဘာ။

မဆုံနိုင်တဲ့လမ်းနှစ်ခုမှာ ဒီဇင်ဘာက ငါ့ကိုစောင့်လိုက်
ငါက ဒီဇင်ဘာကို ရပ်စောင့်လိုက် လုပ်နေလို့ရော
ဘာထူးတော့မှာလဲ ဒီဇင်ဘာ။

ဒီဇင်ဘာကို ရပ်မစောင့်တော့ဘူးလို့
ကိုယ့်ဟာကိုဆုံးဖြတ် သက္ကရာဇ်အသစ်တွေကို
ကူးပြောင်းကြည့်ပေမယ့်လည်း
နှစ်ကုန်ခါနီးရင် နင်ကငါ့ရင်ထဲကို
တစ်ကျော့ပြန်ပြန်ရောက်လာတယ် ဒီဇင်ဘာ။

မျိုးဇော်
၂၀၁၀၊ ဒီဇင်ဘာ(၁၃)