
အတန်းတစ်ခုမှာ ဆရာက ကျောင်းသားတွေကို ကျောက်သင်ပုန်းပေါ်မှာ အရွယ်အစားရော ပုံစံပါတူတဲ့ မျဉ်းဖြောင့်နှစ်ကြောင်းကို ဆွဲပြတယ်။ ပြီးတော့ အဲဒီ့မျဉ်းဖြောင့်နှစ်ကြောင်းကို ထပ်ပြီးတော့ ဆက်လည်းမဆွဲ၊ ဒါမှမဟုတ် မူလရှိပြီးသား အရှည်ကို ဖျက်လည်းမပစ်ပဲ၊ ပိုပြီးတော့ တိုလာအောင်၊ ဒါမှမဟုတ် ရှည်လာအောင် ဘယ်သူလုပ်နိုင်လဲလို့ မေးတယ်။ ပထမတော့ အတန်းတစ်ခုလုံး ငြိမ်သွားတယ်။
နောက်တော့ ကောင်လေးတစ်ယောက်က သူလုပ်နိုင်ပါတယ်ဆိုပြီး အတန်းရှေ့ကို ထွက်လာခဲ့တယ်။ ပြီးတော့ ပထမမျဉ်းတစ်ကြောင်းရဲ့ နဘေးမှာ သူ့ထက်ပိုတိုတဲ့ မျဉ်းတစ်ကြောင်းကို ဆွဲလိုက်တယ်။ အဲဒီတော့ ပထမရှိပြီးသား မျဉ်းဟာ ပိုပြီးရှည်သွားတယ်ပေါ့။ နောက်ပြီး ဒုတိယမျဉ်းဖြောင့်ရဲ့ ဘေးမှာတော့ သူထက်ပိုပြီးတော့ ရှည်တဲ့မျဉ်ဖြောင့် တစ်ကြောင်းကို ဆွဲလိုက်တယ်။ အဓိပ္ပာယ်က ရှိပြီးသား မျဉ်းဖြောင့်တစ်ကြောင်းက ပိုတိုသွားတယ်လို့ မြင်ရတယ်လေ။
ဟောဒီဇာတ်လမ်းလေးက ရူပဗေဒပညာရှင်ကြီး အိုင်စတိုင်းရဲ့ relativity theory လို့ခေါ်တဲ့ ကမ္ဘာကျော် နှိုင်းရသီအိုရီကို ဥပမာပြပေးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါ။
အဲဒီ့ နှိုင်းရသီအိုရီရဲ့ တန်ဖိုးအကြောင်းကို ယုံကြည်လက်ခံတဲ့ ကောင်လေးတစ်ယောက်က သူချစ်တဲ့ကောင်မလေးရဲ့ အသည်းနှလုံး တစ်ခုပေါ်မှာ ရှိနေပြီးသား မျဉ်းကြောင်းတစ်ခုဘေးမှာ သူရဲ့အချစ်တွေကို မျဉ်းဖြောင့်တစ်ကြောင်း အဖြစ်အသက်သွင်းခဲ့ပါတယ်။ သူ့အမြင်မှာတော့ သူဆွဲခဲ့တဲ့ မျဉ်းဟာ ကောင်မလေးရဲ့ နှလုံးသားမှာ အရှည်ဆုံးပေါ့။ ဒါပေမယ့် တကယ့်တကယ်ပြန်ကြည့်လိုက်တော့ သူဆွဲခဲ့တဲ့ မျဉ်းတစ်ကြောင်းက ကောင်မလေးအတွက် အတိုဆုံးဖြစ်နေခဲ့တယ်။
ဒါဆိုရင် နှလုံးသားတစ်ခုထဲက မျဉ်းဖြောင့်တစ်ကြောင်းမှာရော အိုင်းစတိုင်းရဲ့ relativity theory က အကျိုးသက်ရောက်မှု မရှိတော့ဘူးလား။ ဟောဒီ့ အဖြစ်အပျက်ဟာ universal true နီးပါး မှန်ကန်ပါတယ်လို့ အားလုံးက ယုံကြည်လက်ခံထားတဲ့ relativity theory ရဲ့ပျော့ကွက်လား၊ ဒါမှမဟုတ် အဲဒီကောင်လေးဆီက အချစ်တွေရဲ့ ပျော့ကွက်လာဆိုတာတော့ မသိနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အိုင်စတိုင်းကြီး ကွယ်လွန်သွားခဲ့တာ ရာစုနှစ် တစ်ခုတောင် စွန်းခဲ့ပြီ။ ကောင်မလေးလည်း ကောင်လေးရဲ့ နဘေးကနေ ထွက်သွားခဲ့တာ ရက်တွေအတော်ကြာနေခဲ့ပြီလေ...။
မျိုးဇော်(၂၇.၀၆.၀၉)
No comments:
Post a Comment