ဆောင်းရေ….။
နင့်ကိုငါမျှော်နေခဲ့တာကြာလှပါပြီ။ မိုးရာသီကြီး ပြီးတော့မယ်ဆိုကတည်းက နင်နဲ့တွေ့ရတော့မယ် ဆိုတဲ့အသိတစ်ခုနဲ့ ငါပျော်ခဲ့ရတယ် ဆောင်း။
မနက်စောစောထခဲ့ရတဲ့ မနက်ခင်းတွေမှာလည်း အိမ်ရှေ့မှာ နင်ရဲ့အငွေ့အသက်တွေများ ကြိုရောက်နေပြီလားလို့ အခါအခါရှုရှိုက်ကြည့်ခဲ့ရတာလည်း ကြာခဲ့ပြီဆောင်း။
ဆောင်းရဲ့ငွေ့အသက်တစ်ခုဖြစ်တဲ့ မြုခိုးတွေ ခုချိန်ထိဘာလို့မဝေနိုင်သေးတာလည်း ဆောင်း။
ဆောင်းရာသီတစ်ခုရဲ့ လွမ်းဆွတ်စရာကောင်းတဲ့ အေးမြမှုတွေနဲ့ ငါဝေးခဲ့ရတာလည်း ကြာခဲ့ပြီဆောင်း။
နွေတွေ၊ မိုးတွေအခါခါရောက်တိုင်း သူတို့တာဝန်သူတို့ကျေခဲ့ပေမယ့် မင်းရဲ့အလှည့်ဆောင်းရောက်ရင်တော့ ဘာလို့အရင်တုန်းကလို မအေးမြရတော့တာလည်း ဆောင်း။
နင့်ရဲ့ အေးမြမှုဆိုတာတွေကို ငါကများဖျက်ဆီးခဲ့မိတာလားလို့လည်း အကြိမ်ကြိမ် ယူကြုံးမရဖြစ်ခဲ့ရတယ် ဆောင်း။
တစ်ချိန်ကနင် ငါ့အတွက်ပေးခဲ့ဖူးတဲ့ အေးမြမှုတွေကို ငါလစ်လျှူရှုခဲ့လို့ အခုလိုအရင်လောက် မအေးမြတော့တာလား ဆောင်း။
ဆောင်းရာသီရဲ့ နေ့လည်ခင်းတစ်ခုအောက်က ငါ့ရဲ့ဆုံးဖြတ်မှုတစ်ခုကြောင့် နင်အရည်ပျော်သွားခဲ့ရတာလား ဆောင်း။
ဘာပဲပြောပြောပါ ဆောင်းရောက်တိုင်း ငါကတော့ မြုခိုးတွေရဲ့ကြားမှာ နင်ပြုံးခဲ့တဲ့ အပြုံးတွေကို ပြန်ရှာကြည့်နေမိတယ် ဆောင်း။ ဆောင်းရဲ့ဆည်းလည်းတစ်ခုဖြစ်ခဲ့ဖူးတဲ့ ငါတို့ရဲ့ ရယ်သံလေးတွေကိုလည်း နားထဲမှာ ပြန်ကြားယောင်မိတယ် ဆောင်း။ နင်သာ ဒီစာလေးကို ဖတ်မိရင် နင်မှတ်ထင်ထားခဲ့တဲ့ ငါရဲ့မိုက်မဲ့မှုတွေကို ခွင့်လွှတ်မှာလား ဆောင်း။
ဒါမှမဟုတ် နင်ငါ့ကိုပေးဆပ်ခဲ့ဖူးသလိုပဲ ငါလည်း ငါအရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်ကို နင့်လိုပဲပေးဆပ်နေရတယ်ဆိုတာ နင်သိရင် နင်ဘာလုပ်မှာလည်းဆောင်း။ နင်ဟားတိုက်ပြီးရယ်မှာလား၊ ဒါမှမဟုတ် မဲ့ပြုံးလေး ပြုံးရုံးပဲလား၊ ဒါမှမဟုတ် ငါ့အတွက်နဲ့ နင်ငိုမှာလား၊ ဒါမှမဟုတ် ……။
ဘာပဲဖြစ်ဖြစ်ပါ ဥတုသုံးလီလည်ပတ်နေတဲ့ ငါရင်ထဲမှာ ဆောင်းဆိုတဲ့နင့်အတွက် နေရာတစ်နေရာ ချန်ထားခဲ့ဖူးတယ် ဆိုတာနင်သိခဲ့ရင်ရော ဆောင်း။
မျိုးဇော် (၁၈.၁၀.၀၉)
No comments:
Post a Comment