My Dreams are my Life, my Heart and my Future!

Saturday, January 30, 2010

ဆောင်းခိုဌက်


ဒီနှစ်ရန်ကုန်ဆောင်းက တော်တော်လေးစိတ်ပျက်ဖို့ကောင်းသည်။ မနက်ပိုင်းလောက်ပဲ မြောက်ပြန်လေအေးအနည်ငယ်ကြောင့် ဆိုသာရုံလေးအေးပြီး ကျန်တဲ့အချိန်တွေမှာ ပူစပ်စပ်နှင့် နွေရာသီလိုဖြစ်နေသည်။ ဆောင်းရာသီကို အလွန်နှစ်သက်သောကျွန်တော် ဒီနေ့တော့ ဘာရယ်မဟုတ် ကျွန်တော်နေထိုင်သော အထပ်မြင့်တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခုရဲ့ အိမ်ရှေ့ပြတင်းပေါက်မှ အပြင်သို့ငေးကြည့်နေရင်း ရုတ်တရက် ခိုတစ်ခေါင်က ကျွန်တော်တို့တိုက်ခန်းလေးမှ ခပ်နိမ့်နိမ့် ဖြတ်ပျံသွားတာ မြင်လိုက်ရသည်။ အခုလိုဌက်တစ်ကောင်ပျံတာကို အပေါ်စီးမှမြင်ခွင့်ရသည်က ကျွန်တော်တို့လိုအထပ်မြင့်မှာနေနေသူတွေ အတွက်ကတော့ အထူးအဆန်းမဟုတ်တော့တာတော့ သေချာသည်။ ဒါပေမယ့် ဒီနေ့တော့ဘာရယ်မဟုတ် အခုလိုဌက်တစ်ကောင်ဖြတ်ပျံသွားတာကိုမြင်တော့ တစ်စုံတစ်ခုကို ပြန်လည်တမ်းတမိသည်။

ဆောင်းခိုဌက်.....
ကျွန်တော်ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်းရဲ့ နယ်မြို့လေးတစ်ခုမှာ ကျွန်တော်နေထိုင်ခဲ့စဉ်က အခုလိုအချိန်တွေဆို ကောင်းကင်ကိုမော့ကြည့်လိုက်ရင် မြောက်ဘက်ဆီကတိုက်ခိုက်လာတဲ့ မြောက်ပြန်လေအေးအေးတွေနဲ့အတူ ကျွန်တော်တစ်ခါမှမမြင်ဖူးသော ဌက်တစ်ချို့အုပ်ဖွဲ့ပြီး ပျံသန်းသွားတာမျိုးကို တစ်ခါတစ်ရံတွေ့ဖူးသည်။ အဖွားကတော့ ဒီဌက်တွေက ကမ္ဘာကြီးရဲ့မြောက်ဘက်အရပ် ရေခဲတွေဖုံးလွှမ်းနေသော တိုက်ကြီးတွေဆီကနေ ဆောင်းခိုဖို့ရောက်လာကြသော ဆောင်းခိုဌက်တွေလို့ ရှင်းပြဖူးသည်။ ဆောင်းခိုဌက်တွေက ကျွန်တော်တို့နယ်မြို့လေးမှာ ဆောင်းခိုဖို့ရောက်လာကြတာတော့ မဟုတ်။ သူတို့နားခိုမည့် အနောက်ရိုးမဆီကို ဦးတည်ရင်း တစ်ခါတစ်ရံ မျက်စိလည်လမ်းမှားပြီး လေစီးကြောင်းတွေနဲ့အတူ ရောက်လာကြခြင်းဖြစ်သည်။ အပူအပင်ဆိုတာကို ဘာမှန်းမသိခဲ့သောအရွယ်မို့ ချမ်းစိမ့်စိမ့်ဆောင်းညနေခင်းတွေမှာ အခုလိုထူးဆန်းသောအရောင်အသွေးစုံသည့် ဌက်ကလေးတွေကို မြင်တွေ့ခွင့်ရတာ တော်တော်လေးပျော်စရာကောင်းသည်။ ချမ်းစိမ့်သော၊ မြုနှင်းတွေဝေနေသော၊ ဆောင်းညနေခင်းတွေရောက်လာပြီဆိုလျှင် ကျွန်တော် တော်တော်လေးအသက်အရွယ်ရောက်သည်အထိ ကောင်းကင်မှာ ရောင်စုံဆောင်းခိုဌက်တွေကို မြင်ရနိုးမျှော်ကြည့်တတ်သည်။

အခုတော့ လူသားတစ်ယောက်ရဲ့ အတ္တတွေနောက်လိုက်ရင်း မြို့ကြီးပြကြီးတစ်ခုမှာ ဆောင်းရောက်ရင် ဆောင်းခိုဌက်တွေကို မျှော်ကြည့်ဖို့သတိမရခဲ့တာ တော်တော်လေးကြာခဲ့ပြီ။ ကျွန်တော်ထားခဲ့သော နယ်မြှိုလေးကလည်း အခုလောက်ဆိုမြှိုကြီးတစ်ခုအရွယ် တိုးတက်လာခဲ့ပြီဖို့ သစ်ပင်တွေနေရာမှာ အထပ်မြင့်တိုက်တွေ၊ ကျွန်တော်တို့ပြေးလွှားဆော့ခဲဖူးသောမြေနီလမ်းနေရာတွေမှာ ကတ္တရာလမ်းမကြီးတွေနဲ့ဖြစ်နေပြီမို့ သဘာဝတရားတွေလည်းတော်တော်လျှော့ပါးကုန်လောက်ပြီ။ ကျွန်တော်အဲဒီ့မြို့လေးကို အခုနေပြန်သွားခွင့်ရခဲ့ရင်တောင်မှ အရင်လိုဆောင်းခိုဌက်တွေဖြတ်ပျံသွားတာကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်တာတော့ သေချာသည်။

ပြီးတော့ ကျွန်တော်ကို ကျွန်တော်လည်း ပြန်တွေးကြည့်မိသည်။ ကျွန်တော်လည်း လူသားတစ်ယောက်ပီသစွာ ဘ၀ဆိုတာကိုရုန်းကန်ရင်း သင့်တော်ရာအရပ်ဆီကို ခိုနားဖို့ရောက်ခဲ့တာအတော်တောင်ကြာခဲ့ပြီပဲ။ ဒါဆိုရင် ကျွန်တော်လည်း ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို ခေတ္တခဏကာကွယ်ဖို့ အတွက်သင့်ရာအရပ်ကို ပျံသန်းခဲ့ရတဲ့ ဆောင်းခိုဌက်တစ်ကောင်ပေါ့...။

မျိုးဇော် (၂၂.၁၂.၀၉)

No comments:

Post a Comment