My Dreams are my Life, my Heart and my Future!

Saturday, February 6, 2010

မြန်မာတို့ရဲ့ ဖေဖော်ဝါရီ(၁၃)


ဒီနေ့ကျွန်တော်ရန်ကုန်မြို့ထဲရောက်တော့ ခါတိုင်းနေ့တွေနဲ့မတူ ကျွန်တော့်မြင်ကွင်းထဲမှာ တစ်မျိုးဖြစ်နေသည်။ ဟုတ်သားပဲ… ဖေဖော်ဝါရီလ(၁၄)ရက်နေ့ဆိုရင် ချစ်သူများနေ့ရောက်တော့မှာမို့ ကုန်တိုက်ကြီးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ စူပါးမတ်ကက်တွေ အားလုံးလိုလိုမှာ valentine day နဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေ၊ ပရိုးမိုးရှင်းတွေလုပ်နေသည်ကိုး။ ဒါ့ကြောင့် ဘယ်နေရာကြည့်ကြည့် နှင်းဆီပန်းတွေ၊ အနီရင့်ရောင်အပြင်အဆင်တွေနဲ့မို့ ကျွန်တော်အမြင်မှာတစ်မျိုးဆန်းနေခြင်းဖြစ်သည်။ ဒီလိုအပြင်အဆင်တွေနဲ့ valentine day ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ခန်းတစ်နားကျင်းပလာခဲ့ကြတာ ကျွန်တော့်အထင် ဆယ်နှစ်ပင်မပြည့်တတ်သေး။ အင်တာနက်နှင့်အတူ ခေတ်မှီတိုးတက်လာသော မီဒီယာခေတ်၏အလိုအရ တားမရဆီးမရပဲ ၀င်ရောက်လာသော အနောက်တိုင်းယဉ်ကျေးမှုနဲ့အတူ သည်လိုအထိမ်းအမှတ်နေ့မျိုးတွေ ၀င်လာကြတာကဆန်းတော့မဆန်း။ လူသားတိုင်းမှာ အသည်းနှလုံးရှိကြသည်မို့ ဘယ်သူမဆိုအချစ်နှင့်ပတ်သက်လျှင် နူးညံ့ကြ၊ သာယာပျော်ရွှင်ကြတာကတော့ လူ့သဘာဝမို့ အပြစ်ဆိုစရာ မရှိပါ။ ထားတော့… အခုကျွန်တော်ပြောချင်တာက ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့အကြောင်းမဟုတ်။ မြန်မာတွေမေ့နေကြတဲ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့ အကြောင်း….။

ဖေဖော်ဝါရီ(၁၃)ရက်နေ့အကြောင်းဆိုရင်တော့ လူအတော်များများက အဲဒီ့နေ့က ဘာနေ့မို့လို့လည်းလို့ မေးကြမည်ဟု ကျွန်တော်ထင်သည်။ ယခုနောက်ပိုင်း လူငယ်အတော်များများကတော့ ၄င်းတို့သာယာပျော်ရွှင်စွာ ဆင်နွဲကြသည့် ဖေဖော်ဝါရီ(၁၄)ရက်နေ့၏ ရှေ့တစ်ရက်က မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်ဆိုတာ သိခွင့်ရကြရင်တော့ အံ့သြကြလိမ့်မည်ဟု ကျွန်တော်ထင်သည်။ တကယ်တော့ ဖေဖော်ဝါရီ(၁၃)ရက်နေ့သည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ အတိအကျဆိုရရင်တော့ ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ယခုထက်တိုင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိမယ်ဆိုရင်တော့ အသက်(၉၅)နှစ်ပင် ပြည့်တော့မည်။ ဒါပေမယ့် တကယ့်တကယ် ဗိုလ်ချုပ်အသက်ရှင်သန်ခွင့်ရခဲ့သည်က (၃၂)နှစ်ကျော်ရုံလေး။ ၁၉၄၇ ရောက်တော့ အမျိုးကိုသစ္စာဖောက်ခဲ့သည့် လူတစ်စုလက်ထဲမှာ တိုင်းပြည်အတွက် သူ့အသက်ကိုစွန့်ရင်း ကွယ်လွန်ခဲ့ရသည်။ သူ့အသက်ရှင်ခဲ့ရသည့် ကာလနှစ် (၃၀) ကျော်မှာလည်း တိုင်းပြည်လွတ်လပ်ရေးအတွက် ဘ၀ကိုသူပုံအပ်ခဲ့ရသည်။ တိုင်းပြည်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခွင့်ရခဲ့တာတောင် သူရိုးပုံ၊ ဂုဏ်ပကာသနမမက်ပုံတွေက မြန်မာမှာသာမက ကမ္ဘာကပါလေးစားးခဲ့ရသည်။ တစ်ဖက်က ရိုးသားအေးဆေးပေမယ့် တိုင်းပြည်အရေးကိစ္စနဲ့ ပတ်သက်လာရင်စပ်စပ်ထိမခံခဲ့သော ဗိုလ်ချုပ်ရဲ့ သတ္တိကလည်း ကမ္ဘာ့ခေါင်းဆောင်းတွေ လေးစားအတုယူခဲ့ကြရသည်။ ဒီလိုဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ လေးစားစရာအလွန်ကောင်းတဲ့ မိမိတို့တိုင်းပြည်ရဲ့သူရဲကောင်းတစ်ယောက်ရဲ့ မွေးနေ့ကို မြန်မာပြည်သူတစ်ချို့မေ့နေကြသည်ကတော့ တော်တော်ရှက်စရာကောင်းသည်ဟု ကျွန်တော်ထင်သည်။

အချစ်ဆိုသော အရာတစ်ခုအတွက် ရှေ့ကနေကာကွယ်ပေးခဲ့သည်ဆိုသော လူပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုသည်ဆိုသည့် ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ပုဒ်မှ ပေါက်ဖွားလာသော မိမိတို့ယဉ်ကျေးမှုမဟုတ်သည့် Valentine day ကိုမြန်မာပြည်သူတွေ အမြဲတမ်းအမှတ်ရနေကြလျှင်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုးစီးပွားအတွက် ကိုယ့်ကျိုးမဖက်အသက်ကိုစွန့်ပြီးကာကွယ်ခဲ့သူ မိမိတို့တိုင်းပြည်ရဲ့ သူရဲကောင်းအာဇာနည်တစ်ဦးရဲ့ မွေးနေ့ကို အမှတ်ရဖို့ဆိုတာကြတော့ကော ဘာကြောင့် ၀န်လေးနေကြမှာလဲ။

ဘာပဲဖြစ်ဖြစ် မကြာခင်ဗိုလ်ချုပ်မွေးနေ့ရောက်တော့မည်။ တစ်နည်းဆိုရလျှင် ရှေးယခင်က ဗိုလ်ချုပ်ကိုဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ထားသော မြန်မာ့ကလေးများနေ့ရောက်တော့မည်။ ဗိုလ်ချုပ်၏ မွေးနေ့အခါသမယမှာ ကွယ်လွန်သူဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေကို ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေ အမှတ်ရကြရင်း တိုင်းပြည်ရဲ့အနာဂတ်ပဲ့ကိုင်ရှင်တွေဖြစ်လာကြမယ့် ကလေးတွေကို ဗိုလ်ချုပ်လို တိုင်းပြည်အတွက်မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်အောင်ဝိုင်းဝန်းစောင့်ရှောက်ကြရအောင်လို့ တိုက်တွန်းရင်း ယခုခေတ်ကလေးတွေရဲ့ မူလတန်းဖတ်စာအုပ်တွေမှာ ဖတ်ခွင့်မရ၊ သင်ကြားခွင့်မရတော့တဲ့ (အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်မသင်ကြားခဲ့ရတဲ့) ကျွန်တော်တို့ အဖိုးတွေ အဖေတွေခေတ်က သင်ကြားခဲ့ရတဲ့ ကဗျာလေးကို ဗိုလ်ချုပ်ကိုဂုဏ်ပြုရင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ကလေးများနေ့မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ…။

မျိုးဇော် (၀၇.၀၂.၁၀)


ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်းများ
ဗိုလ်ချုပ်ချမှတ်သွား…။

No comments:

Post a Comment