My Dreams are my Life, my Heart and my Future!

Friday, March 19, 2010

နှစ်ပတ်လည်နေ့များ


မင်္ဂလာပါဗျာ...။ဒီတစ်ခါတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်က anniversary လို့ခေါ်တဲ့ နှစ်ပတ်လည်နေ့လေးတွေ အကြောင်းရေးချင်တယ်ဗျာ။ anniversary လို့ဆိုရင်တော့ ကမ္ဘာကြီးနဲ့ဆိုင်တဲ့ နှစ်ပတ်လည် နေ့တွေ၊ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုနဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့တွေကစလို့ မိသားစုတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တဲ့နှစ်ပတ်လည်နေ့တွေရယ် ဆိုပြီိးအမျိုးမျိုးရှိကြမယ် ထင်ပါတယ်နော်။ ကျွန်တော့်အထင်တော့ ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူတွေ၊ နိုင်ငံတွေ အားလုံးရဲ့ ကိုယ်ပိုင်နှစ်ပတ်လည်နေ့လေးတွေ အားလုံးစုလိုက်မယ်ဆိုရင်တော့ တစ်နှစ်မှာရှိတဲ့ (၃၆၅) ရက်လုံးလုံး နှစ်ပတ်လည်နေ့တွေနဲ့ပဲ ပြည့်နေမယ်ထင်ပါရဲ့။

အမှန်တကယ်လည်း လူတိုင်းကိုယ်စီမှာ ကိုယ်နဲ့ဆိုင်တဲ့အမှတ်တရ နှစ်ပတ်လည်နေ့လေးတွေ ရှိကြမှာပါ။ တစ်ချို့နေ့လေးတွေကလည်း ပြန်တွေးကြည့်ချင်စရာ ပျော်စရာနေ့လေးတွေ ဖြစ်နိုင်ပြီး၊ တစ်ချို့နေ့တွေကတော့ မေ့ချင်ယောင်ဆောင် နေရက်နဲ့ကို သတိရနေမိတဲ့ ၀မ်းနည်းစရာနေ့လေးတွေ ဖြစ်ကြမှာပါ။ ကိုယ်ဘွဲ့ရတာ နှစ်ပတ်လည်တဲ့နေ့မျိုး၊ ကိုယ့်ချစ်သူနဲ့ ချစ်သူတွေဖြစ်ကြတာ နှစ်ပတ်လည်ကြတဲ့နေမျိုး၊ ကိုယ်အိမ်ထောင်ဖက်က ကိုယ့်ကို သားဦးသမီးဦးလေးတွေ မွေးဖွားပေးခဲ့တဲ့နေမျိုးတွေဆိုရင်တော့ အရမ်းကိုပျော်စရာကောင်းတဲ့ နှစ်ပတ်လည်နေ့လေးတွေဖြစ်ကြမှာပေါ့ဗျာ။ အဲ....ဒါပေမယ့် ကိုယ့်အိမ်ကလူကြီးသူမတစ်ယောက် ဆုံးပါးသွားတာ နှစ်ပတ်လည်တဲ့နေ့မျိုး၊ ကိုယ့်ချစ်သူနဲ့လမ်းခွဲခဲ့တာ နှစ်ပတ်လည်တာမျိုးဆိုရင်တော့ ၀မ်းနည်းစရာ၊ လွမ်းဆွေးစရာနေ့ရက်လေးတွေ ဖြစ်ကြမှာပါနော်။

ဘာပဲပြောပြောပါ လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ လူအသိုင်းအ၀န်းတစ်ခုမှာ ကျင်လည်ရင်း နှစ်ပတ်လည်နေ့လေးတွေကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ရှိဖူးလာကြမှာပါ။ အဲဒီ့လို နှစ်ပတ်လည်နေ့မျိုးတွေ ရောက်လာကြပြီဆိုရင်လည်း အဲဒီ့နေ့အတွက် ရည်ရွယ်ပြီးတော့ အထိမ်းအမှတ်ပွဲလေးတွေဖြစ်ဖြစ် အမှတ်တရတစ်ခုခုလုပ်ကြတာကို ကိုယ်ကိုယ်တိုင်မဟုတ်ရင်တောင်မှ ကျွန်တော်တို့ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေဆီမှာ ကြုံဖူးကြမှာပါနော်။

သူငယ်ချင်းတို့မှာရော ကိုယ်နဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့လေးတွေ ဘယ်လောက်များများရှိလည်း ပြန်တွေးကြည့်ကြပါအုံး။ ပြီးတော့ ပျော်စရာကောင်းတဲ့နေ့တွေနဲ့ ၀မ်းနည်းစရာကောင်းတဲ့နေ့တွေမှာ ဘယ်ဟာကပိုများလည်း ဆိုပြီးတော့လည်း စဉ်းစားကြည့်ကြပါအုံး။ တစ်ရက်မှမရှိဘူးလို့တော့ "ဘူး"မခံကြပါနဲ့ဗျာ။ အနည်းဆုံးတော့ ကိုယ့်အမေကိုယ့်ကို မွေးတဲ့နေ့ကတော့ ကျွန်တော်တို့အတွက် လူ့လောကမှာ ပထမဆုံးသော အထိမ်းအမှတ်နေ့လေးတစ်နေ့ မဟုတ်လား။ လူတိုင်းလိုလိုကလည်း ကိုယ့်အမေ ကိုယ့်ကိုလူသားတစ်ယောက်ဖြစ်စေခဲ့တဲ့ နေ့ရက်လေးကို တန်ဖိုးထားကြမယ်ထင်ရဲ့နော်။

အဲ...သူများတွေကိုချည်း လိုက်မေးနေပြီးတော့ ကျွန်တော်ကိုယ်တိုင်မှာရော နှစ်ပတ်လည်နေ့လေးတွေ မရှိဘူးလားလို့ ပြန်မေးချင်နေကြတယ်မလား။ ရှိတာပေါ့ဗျာ...အများကြီး။ ပထမဆုံးပြောရရင်တော့ အောက်တိုဘာလထဲက ကျွန်တော်မွေးနေ့။ ပြီးရင်ကျွန်တော်မွေးရပ်မြေကို စွန့်ခဲ့တဲ့နေ့။ ကျွန်တော်တက်ခဲ့ဘူးတဲ့ သင်တန်းတစ်ခု(ဘာသင်တန်းလည်းလို့တော့ မပြောတော့ပါဘူး) စတက်တဲ့နေ့၊ ပြီးတော့အဲဒီ့သင်တန်းဆင်းတဲ့နေ့။ ကျွန်တော်စပြီးလုပ်ငန်းခွင်စ၀င်တဲ့နေ့။ စသဖြင့် စသဖြင့် အများကြီးပါပဲဗျာ။ အများကြီးလျှောက်ပြောပြနေရင်လည်း ဘယ်သူမှစိတ်ဝင်စားကြမယ် မထင်ပါဘူး။ ကျွန်တော်ကလည်း ဘာကောင်မှမဟုတ်တဲ့ သာမန်လူတစ်ယောက်ပဲမဟုတ်လား။ ဒါပေမယ့် ဒီလောက်များတဲ့နေ့တွေကို ဘယ်လိုမှတ်မိနေလည်းလို့တော့ သိချင်နေကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ တစ်ခြားလူတွေလို ဒိုင်ယာရီရေးတဲ့ အကျင့်မရှိဘူးဗျ။ ရေးချင်စိတ်ကို မရှိတာပါဗျာ။ အဲ....ဒါပေမယ့် ကျွန်တော့်မှတ်စုစာအုပ်ထဲက ပြက္ခဒိန်လေးတွေမှာတော့ ကိုအမှတ်တရဖြစ်တဲ့နေ့မျိုးဆိုရင်တော့ ကွင်းဝိုင်းပြီး စာနဲ့ ဒါမှမဟုတ် သင်္ကေတ တစ်ခုခုနဲ့ အတိုကောက်မှတ်တတ်တဲ့ အကျင့်တော့ ရှိတယ်ဗျ။ အဲလိုဆိုတော့လည်း အမြဲတမ်းအဲဒီစာအုပ်တွေကို ပြန်လှန်လှောရင်း မှတ်မိနေတာပေါ့ဗျာ။ ပြီးတော့ တစ်ခြားသူတစ်ယောက်ခိုးဖတ်ရင်တောင် ဘာမှနားလည်မှာမဟုတ်ဘူး မဟုတ်လား။ အဲ အဲ ...ပြောရအုံးမယ်ဗျ။ အခုဒီပိုစ့်လေးကို တင်ဖို့ဒီစာကို ရေးနေတဲ့ ဒီနေ့ကလည်း ကျွန်တော့်ရဲ့အမှတ်ရစရာ နှစ်ပတ်လည်နေ့တွေထဲက တစ်ရက်ပေါ့ဗျာ။ အဲဒါနဲ့ပါတ်သက်ပြီး တစ်ခုခုရေးမယ်လုပ်ရင်း အခုလိုနှစ်ပတ်လည်နေ့လေးတွေအကြောင်း ရေးဖြစ်သွားတယ်ပဲ ဆိုပါစို့။

နှစ်ပတ်လည်နေ့လေးတွေ အကြောင်းရေးရင်း ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ သမိုင်းပညာရှင်ကြီးတစ်ယောက်ရေးခဲ့ဘူးတဲ့ အဆိုအမိန့်တစ်ခုကိုပြန်သတိရမိတယ်ဗျာ။ မူရင်းပညာရှင်ရဲ့နာမည်ကတော့မေ့နေလို့ ဆောရီးပါ။ အဲ...သူကဘာပြောလည်းဆိုတော့ သမိုင်းဆိုတာ မှတ်စုစာအုပ်ထဲမှာ ထည့်မှတ်ထားရမယ့် နေ့စွဲသက်သက်မဟုတ်ပါဘူးတဲ့။ အဲဒီ့နေ့တွေမှာ ဖြစ်ခဲ့၊ ကြုံခဲ့ရတဲ့ အကောင်းအဆိုးတွေကို သမိုင်းသင်ခန်းစာယူရင်း ရှေ့လာမယ့်အနာဂတ်မှာ အတိတ်ကအဆိုးအကောင်းတွေကို နည်းနာယူရင်းအကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်သွားရမယ့် ပညာရပ်တစ်ခုပါတဲ့ဗျာ။ အားလုံးလည်း ကိုယ့်ရဲ့အထိမ်းအမှတ်နေ့လေးတွေကို ပြန်လည်အမှတ်ရကြရင်း၊ အဲဒီ့နေ့လေးတွေထဲမှာ ကိုယ်ပြုပြင်ရမယ်ထင်တဲ့ အရာတွေရှိခဲ့ကြမယ်ဆိုရင်လည်း အဲဒါတွေကိုသင်ခန်းစာယူရင်း ရှေ့ဆက်ပြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြပါလို့ အကြံပြုရင်း....။
အားလုံးပျော်ရွှင်နိုင်ကြပါစေ။

မျိုးဇော် (၂၅.၀၂.၁၀)

No comments:

Post a Comment