My Dreams are my Life, my Heart and my Future!

Friday, March 19, 2010

ဌက်ရေးတဲ့ ပန်းချီကား


ကျွန်တော်သာ ပန်းချီဆရာတစ်ယောက်ဖြစ်မယ်ဆိုရင်
အဖြုရောင်ကင်းဗတ်တစ်ခုကို ဒီအတိုင်းပစ်မထားချင်ဘူး
ဖြုစင်ခြင်းရဲ့တန်ဖိုးကို ကျွန်တော်နားလည်ပေမယ့်
ကင်းဗတ်ပေါ်မှာ ကာလာတွေတင်ရတာကိုက
ပန်းချီဆရာတစ်ယောက်ရဲ့ ဘ၀ရပ်တည်ချက်မဟုတ်လား။

ကျွန်တော်သာ ပန်းချီဆရာတစ်ယောက်ဖြစ်မယ်ဆိုရင်
ဘယ်လိုပန်းချီကားတွေ ဖန်တီးရင်ကောင်းမလဲ
ကျွန်တော်စဉ်းစားကြည့်မိတယ်…
ဗင်ဆင့်ဗန်ဂိုးရဲ့ “ကြယ်စုံည” လိုလား၊
ဒါဗင်ချီရဲ့မိန်းမတစ်ယောက်ရဲ့ ကမ္ဘာကျော်အပြုံးမျိုးလား
ဒါမှမဟုတ် မြန်မာပြည်ကဇော်မင်းယုလို ကောက်ကြောင်းတွေမသုံးပဲ
ကာလာတွေချည်း မော်ဒန်ဆန်ဆန် အားပြိုင်ကြည့်ရင်ကောင်မလား

တော်ပါပြီ… သူများလက်ရာတွေကူးမချပဲ
နှလုံးသားတစ်ခုနဲ့ ကိုယ်ပိုင်ပန်းချီကားပဲရေးတော့မယ်
သစ်ကိုင်းတစ်ကိုင်းပါမယ်၊
ပြီးတော့ ဌက်တွေရဲ့ အိမ်ဂေဟာ အသိုက်အမြုံတစ်ခုပေါ့
ပြီးတော့ တေးသီတတ်တဲ့ ဌက်ကလေးတစ်ကောင်...

ပြခန်းတစ်ခုရဲ့ ထောင့်တစ်ထောင့်မှာ
ဌက်နှစ်ကောင်နဲ့ ပန်းချီကားတစ်ချပ်ရှိတယ်။
လူတွေကတော့ ပန်းချီဆရာနာမည်ကို မသိကြဘူး
ကာလတန်ဖိုးက နှလုံးသားတစ်ခုတဲ့
ဘယ်သူမှ မ၀ယ်နိုင်ကြဘူး
ပရိသတ်တွေ လှည့်ပြန်သွားတယ်...။

ပန်းချီကားထဲက
ဌက်တစ်ကောင်ကတော့ ပြုံးလို့ပေါ့ …
တစ်ကယ်တော့ ဒီပန်းချီကိုရေးတုန်းက
ဌက်ကလေးတစ်ကောင်တည်းဆိုတာ
လူတွေသိခွင့်မရသွားကြဘူး။
တကယ်တော့ နောက်ထပ်ဌက်တစ်ကောင်က
နှလုံးသားကိုသွေးရင်း စုတ်ချက်တွေတင်ခဲ့တဲ့
ပန်ချီဆရာတစ်ယောက်သာ အသွင်ပြောင်းခဲ့တာဆိုရင်...

မျိုးဇော် (၂၀.၀၃.၁၀)

No comments:

Post a Comment