My Dreams are my Life, my Heart and my Future!

Saturday, January 28, 2012

တစ်ရေးနိုး ငွေ့ရည်ဖွဲ့ခြင်း


ကျွန်တော့်ခန္ဒာကိုယ်ပေါ်သို့ ကျရောက်လာသော နေရောင်ခြည်ဒဏ်ခပ်စူးစူးကြောင့် ကောင်းကင်ပြင်ကို မော့ကြည့်မိတော့ ကာလအတန်ကြာအောင် မင်းမူနေကြသော တိမ်မည်းမည်းတွေတောင်မရှိကြတော့။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ တိုက်ခတ်လာသော မြောက်ပြန်လေညှင်းတွေကြောင့် မကြာခင် ဆောင်းရောက်တော့မည်ဆိုတာကိုတော့ အလိုလိုနေရင်းသိလိုက်ရသည်။ မြောက်ပြန်လေညှင်းတွေက တစ်ခြားရာသီတွေမှာ တိုက်ခတ်တတ်သော လေပြေတွေနဲ့မတူ။ အနည်းငယ်အေးစက်သော အငွေ့အသက်တွေကပါလာစမြဲ။ ကျွန်တော်အလွန်နှစ်သက်သော အဲဒီ့အေးစက်သော အငွေ့အသက်တွေက ကျွန်တော့်အတွက်တော့ နှစ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားသော ချစ်သူ၏ကိုယ်သင်းရနံ့တွေလို ဖြစ်နေခဲ့တာကြာခဲ့ပါပြီ။ အခုတော့ အဲဒီ့လိုဆောင်းရဲ့အငွေ့အသက်တွေကို တစ်ဖန်ပြန်လည်ရှုရှိုက်ခွင့်ရနေပြန်ပြီ။

တစ်စုံတစ်ရာကို တစ်စွဲတစ်လမ်းနှင့်အယူသည်းတာရယ်လို့ မရှိသော ကျွန်တော်က တစ်နှစ်တစ်ခါရောက်လာနေကျဆောင်းသည် ကျွန်တော့်အတွက်တော့ ကံကောင်းခြင်းတွေကို အမြဲတမ်းသယ်ဆောင်လာပေးတတ်သည်ဆိုသော အစွဲအလမ်းတစ်ခုရှိနေတာကတော့ အတော်ရယ်စရာကောင်းသည်ဟုထင်ပါသည်။

ဆောင်း၏မနက်ခင်းတွေမှာ ကော်ဖီပူပူတစ်ခွက်ကို ရှေ့မှချထားရင်း ယင်းကော်ဖီခွက်မှထွက်လာသော အငွေ့တွေက ကောင်းကင်ထက်ကကျလာသော မြုတွေနဲ့ ပေါင်းစီးသွားတာကို ထိုင်ကြည့်ရသော ဆောင်းမနက်ခင်းတွေကို ကျွန်တော်အလွန်မြတ်နိုးပါသည်။ ကမ္ဘာမြေအတွက် အေးမြခြင်းတွေယူဆောင်လာသော ဆောင်းကိုယ်တိုင်ကလည်း ချမ်းအေးလွန်းလှ၍ ကော်ဖီငွေ့တွေထဲမှ အနွေးဓာတ်ကိုနှစ်ခြိုက်ပုံရသည်ထင့်။ ဘာပဲပြောပြော ကျွန်တော့်အတွက်ကတော့ တစ်နှစ်တစ်ခေါက်ရောက်လာနေကျ ဆောင်းသည် တစ်နှစ်ထက်တစ်နှစ် အအေးဓာတ်တွေလျော့လာသော်လည်း ကိုယ့်အပေါ်အချစ်တွေလျော့သွားသော်လည်း ဘယ်လိုမှမစွန့်လွန့်နိုင်သော ချစ်သူတစ်ယောက်လို ကျွန်တော်ကတော့ ခုံမင်နှစ်သက်ဆဲဖြစ်ပါသည်။

ဆောင်းရာသီရောက်ပြီဆိုရင် လူအတော်များများက ဆောင်း၏အေးစက်မှုကို နွေးထွေးသောအိပ်ရာထက်မှာ အချိန်ကုန်တတ်ကြပေမယ့် ကျွန်တော်ကတော့ ဆောင်းမနက်ခင်းတွေတိုင်း စောစောထရင်း မြုတွေဆိုင်းနေသော ကောင်းကင်ကြီးမှ နေမထွက်သေးခင်တင်ရှိနေသော ဆောင်း၏အလှကိုငေးကြည့်ရတာကို ပိုပြီးနှစ်သက်သည်။ ဘာလိုလိုနဲ့ အခုနောက်ပိုင်းဆောင်းက နှင်းတွေကို မြင်ခွင့်မရတော့ပေမယ့် မြုခိုးတွေဝေနေတာကို ငေးကြည့်ခွင့်ရှိသေးသည်မို့ တော်ပါသေးသည်။

မကြာခင်ဆောင်းရောက်တော့မည်။ မြစိမ်းရောင်သစ်ရွက်တွေပေါ်မှာ ပုလဲရောင်နှင်းစက်တွေ ငွေ့ရည်ဖွဲ့ကြတော့မည်။ မြောက်ပြန်လေညှင်း သွဲ့သွဲ့ကြားမှာ ချစ်သူတွေမေတ္တာ၏နွေးထွေးမှုကို ဖော်ကျုးကြတော့မည်။ ဒီအကြောင်းတွေကို တွေးမိရင်း ကျွန်တော်နားဆီထဲသို့ မြောက်ပြန်လေတွေနဲ့အတူ ရိုက်ခတ်လာတာက ကိုဌက်ကြီး၏ ဆောင်းသီချင်းတစ်ပုဒ်။ အော်... မကြာခင် "လွမ်းသူ့အိပ်မက်"တွေတောင် တစ်ရေးနိုးကြတော့မည်။ ဒါဆိုရင် တစ်ဆောင်းတောင်သစ်ပြန်တော့မည်ပေါ့။

မျိုးဇော်
၂၀၁၀၊ အောက်တိုဘာ (၆)

No comments:

Post a Comment