My Dreams are my Life, my Heart and my Future!

Sunday, February 5, 2012

တစ်ကျော့ပြန် ဒီဇင်ဘာ


ဒီဇင်ဘာ...
လတွေအများကြီးထဲမှာမှ နင်ကဘာလို့
အမြဲတမ်းနောက်ကောက်ကျရတာလဲ ဒီဇင်ဘာ။
တစ်နှစ်မှာရှိတဲ့ ရက်ပေါင်းသုံးရာကျော်မှာ
ဘာလို့ငါ့နားမှာ ရက်သုံးဆယ်လောက်ပဲ
နေချင်ရတာလဲ ဒီဇင်ဘာ။

ဒီဇင်ဘာ...
အဖြုရောင်နှင်းတွေ၊ ငွေမှင်ရောင်မြုခင်းတွေ
မြောက်ပြန်လေညှင်းတွေကြားက
ချစ်သံစဉ်တွေ ဘယ်ကိုထွက်ပြေးသွားပြီလဲ
ဒီဇင်ဘာ။

ဒီဇင်ဘာ...
မြုတွေဆိုင်းနေတဲ့ ချမ်းစိမ့်စိမ့်ဆောင်းညတွေမှာ
မေတ္တာအနွေးဓာတ်တွေ ငါ့နားမှာပျောက်ဆုံးနေတာသိလို့
အရင်လို မအေးရဲတော့တာလား ဒီဇင်ဘာ။

မဆုံနိုင်တဲ့လမ်းနှစ်ခုမှာ ဒီဇင်ဘာက ငါ့ကိုစောင့်လိုက်
ငါက ဒီဇင်ဘာကို ရပ်စောင့်လိုက် လုပ်နေလို့ရော
ဘာထူးတော့မှာလဲ ဒီဇင်ဘာ။

ဒီဇင်ဘာကို ရပ်မစောင့်တော့ဘူးလို့
ကိုယ့်ဟာကိုဆုံးဖြတ် သက္ကရာဇ်အသစ်တွေကို
ကူးပြောင်းကြည့်ပေမယ့်လည်း
နှစ်ကုန်ခါနီးရင် နင်ကငါ့ရင်ထဲကို
တစ်ကျော့ပြန်ပြန်ရောက်လာတယ် ဒီဇင်ဘာ။

မျိုးဇော်
၂၀၁၀၊ ဒီဇင်ဘာ(၁၃)

နေထိပန်းတို့ လန်းပါစေ



အနှစ်နှစ်အလလ စောင့်မျှော်ခဲ့ရတဲ့ ရွှေမိုးငွေမိုးတွေ ရွာသွန်းလိုက်သလိုပါပဲ...

နေထိပန်းတို့ လန်းပါစေ...

မိုးဆမ်းပန်းတို့ ပွင့်ပါစေ...


မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ (၁၄)

ဆောင်းအိပ်မက်


နေ့လည်ခင်း နေမွန်းတည့်ချိန်ဆိုပေမယ့် ဆောင်းလေအေးအေးတွေကြောင့် ပတ်ဝန်းကျင်က ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်ထဲသို့ သူမက ရှည်မျောမျော နက်စ်ကော်ဖီမစ်ထုပ်ကလေးထဲမှ ကော်ဖီမှုန့်တွေကို ဖြည်းဖြည်းချင်းလောင်းထည့်သည်။ ကော်ဖီခွက်ထဲက ရေမျက်နှာပြင်မှာ ကော်ဖီမှုန့်တွေများလာလျင် ခဏရပ်သည်။ ပြီးတော့မှ အဲဒီ့ကော်ဖီမှုန့်များ ရေနွေးထဲသို့နှစ်မြုပ်သွားသည့် အချိန်ထိ ဒီအတိုင်းထိုင်ကြည့်နေသည်။ ကော်ဖီမှုန့်တွေရေနွေးထဲသို့ ပျော်ဝင်နှစ်မြုပ်သွားတော့မှ သူမလက်ထဲရှိ ကော်ဖီမစ်ထုပ်လေးထဲမှ လက်ကျန်ကော်ဖီမှုန့်တွေကို ဖြည်းဖြည်းချင်းလောင်းထည့်ပြန်သည်။ ပြီးတော့ အထက်မှာဆိုခဲ့ပါအတိုင်း ကော်ဖီမှုန့်တွေအားလုံး နှစ်မြုပ်သွားသည်အထိစောင့်နေပြန်သည်။ အားလုံးပြီးသွားတော့မှ ဇွန်းသေးသေးလေးနဲ့ မွှေပြန်သည်။ သူမကော်ဖီခွက်ကလေးကို ဖျော်လို့ဝလောက်ပြီထင်သော အချိန်ကြတော့မှ ကျွန်တော်က "ဟင့်အင်း မသောက်တော့ပါဘူး" ဟုပြောလိုက်သည်။ သူမပြောသည့် ' ကော်ဖီသောက်အုံးလေ" ဆိုတာက နောက်ကျနေပြီ။ ပြီးတော့ နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြသည်။ ဒီလိုအဖြစ်အပျက်တွေက သူမနှင့်ကျွန်တော်ကြားမှာ ပထမဆုံးအကြိမ်မဟုတ်တော့တာတော့ သေချာပါသည်။

နေ့လည်ခင်း ထမင်းစားချိန်ရောက်တိုင်း အတူထိုင်နေကြ ဒီလက်ဖက်ရည်ဆိုင်လေးမှာ အတူဆုံဖြစ်ကြတိုင်း သူမက ကော်ဖီကို သူမအကျင့်အတိုင်း ဖြည်းဖြည်းချင်းဖျော်ပြီးသောက်တတ်သလို ကျွန်တော်ကလည်းသူမကော်ဖီဖျော်နေပုံကို အစအဆုံးထိုင်ကြည့်နေတတ်သည်။ ပြီးတော့မှ ကျွန်တော်စားလက်စ ထမင်းကြော်ပန်းကန်ကိုဆက်စားသည်။ ကျွန်တော့်ထမင်းပန်းကန်လေးထဲမှာ သူမအိမ်မှ ကိုယ်တိုင်ကြော်လာသည်ဆိုသော ဆိတ်သားခြောက်ကြော်တွေက နေရာအတော်များများကိုယူထားသည်။ ဒီဆိုင်လေးက ထမင်းဟင်းအစုံမရပေမယ့် ဆိုင်လေးက သန့်သန့်ရှင်းရှင်းရှိသည်မို့ နေလည်ခင်းထမင်းစာချိန်တိုင်း ဟောဒီ့ဆိုင်လေးမှာပဲ သူငယ်ချင်းတွေထိုင်ဖြစ်ကြသည်။

ကျွန်တော်တို့ ထမင်းစားရင်း စကားလက်ဆုံကြနေတာ ဘယ်လောက်ကြာသွားသည်မသိ။ ဆောင်းလေတွေကြားမှာ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားတော့မှ နှစ်ယောက်သားအလန့်တကြားဖြစ်သွားရသည်။ သူမက သူမအိမ်မှပါလာသော ထမင်းချိုင့်လေးကိုအလျင်စလိုသိမ်းနေသလို ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကောင်လေးကို ပိုက်ဆံရှင်းဖို့ ခေါ်ရသည်။ အလျင်စလိုမလုပ်၍ကလည်း မဖြစ်။ တော်တော်ကြာ နှစ်ယောက်သားနောက်ကျပြီးမှ စာသင်းခန်းထဲရောက်သွားလျှင် သူငယ်ချင်းတွေက တစ်မျိုးမြင်ကုန်အုံးမည်။ ဒါပေမယ့်မရတော့ ကျွန်တော့်နားထဲသို့ ခေါင်းလောင်းသံတွေက အဆက်မပြတ်မြည်ဟည်နေပြီ။ ခေါင်းလောင်းထိုးသံ။ ဒါ ကျောင်းတက်ခေါင်းလောင်းထိုးသံမဟုတ်။ ဘာသံတွေမှန်းမသိသော ဆူညံသံတွေက ကျွန်တော့်နားထဲသို့ အတင်းတိုးဝင်လာသည်။

ကျွန်တော်နားနှစ်ဖက်ကို လက်နှစ်ဖက်နှင့်ဖိကပ်ရင်း သတိထားကြည့်လိုက်မိတော့ ညကအိပ်ရာဝင်ခါနီး ကျွန်တော့်အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်ဖို့မေ့နေခဲ့သည်ပဲ။ ပြတင်းတံခါးမှ ဆောင်းလေခပ်ကြမ်းကြမ်းတွေကြားမှာ ကျွန်တော်ခန္ဒာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ရမည်။

ပွင့်နေသောပြတင်းပေါက်ကို ပိတ်လိုက်ပေမယ့် ကျွန်တော်ခန္ဒာကိုယ်က အချမ်းမပြေသေး။ ပြီးတော့ မြောက်ပြန်လေတွေကြားမှ မည်သူမှမကြားနိုင်လောက်ဟု ထင်လောက်သောလေသံဖြင့် တီးတိုးရေရွတ်လိုက်မိသည်။ ဆောင်းရေ... ဒီတစ်ခါ နှင်းတွေမစဲခင် ၀ဠ်ကြွေးတွေ ကြေပါစေတော့......။

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၃)

လက်သီးကလေးဆုပ်မိပြီ ကန်ရိပ်သာ


ဟိုမှသည်မှလူတွေပြောနေကြသည် "ရာသီဥတုကအေးတောင်လာပြီမို့ ဆောင်းတောင်ဝင်ပြီ"တဲ့။ ဟုတ်သည်ပဲ။ နေ့လည်ခင်းနေရောင်ခြည် အောက်မှာတောင် အေးစက်စက်နိုင်လှသော လေတွေတိုက်နေတာကို ဆောင်းကိုမျှော်နေကြကျွန်တော် ဒီတစ်ခါ ဘာကြောင့် သတိမထားခဲ့မိရတာလဲ။ ဘာပဲပြောပြော ဆောင်းရောက်ပြီဆိုတော့လည်း ခါတိုင်းနှစ်တွေကလိုပဲ လုပ်နေကျအတိုင်း လက်ချောင်းကလေး နောက်ထပ်တစ်ချောင်း ကွေးညွတ်ရင်း နှစ်တစ်နှစ်ကို ထပ်တိုးရည်တွက်ရအုံးမည်ပေါ့။

ဒီတစ်ခါ နောက်ထပ်လက်ကလေးတစ်ချောင်း ကွေးညွတ်အပြီးမှာတော့ အရင်နှစ်တွေကလိုမဟုတ်ပဲ တစ်စုံတစ်ခုကို ကျွန်တော် သတိပြုမိသွားသည်။ ဟုတ်သည်။ ဒီတစ်ခါ ကျွန်တော့်လက်တစ်ဖက်က နောက်ဆုံးလက်ချောင်းကလေးကွေးညွတ်အပြီးမှာ လက်သီးဆုပ်ကလေး ဖြစ်သွားသည်ပဲ။ အော်... ဒါဆိုရင် (၅)နှစ်တောင် ပြည့်ခဲ့ပြီဆိုသော အတိတ်နိမိတ် သင်္ကေတတစ်ခုပေပဲပေါ့။

နောက်ဆယ်နှစ်နေရင်... ဆိုသော မေးခွန်းလေးတစ်ခုကို ဘာမှန်းမသိ စိတ်ထဲစွဲနေသော ကျွန်တော်က ကျွန်တော်အသက်မွေးဝမ်းကျောင်းပြုရာ ဒီလောကလေးထဲရောက်ကတည်းက ဆောင်းရောက်တိုင်း မသိစိတ်က သူ့အလိုလို နှစ်တွေကို လက်ချိုးရေတွက်လာခဲ့တာ ငါးနှစ်တောင် ပြည့်ခဲ့ပါပြီ။ ပြီးခဲ့သော နှစ်က မဆိုသလောက်သော လှေကားထစ်တစ်ချို့ကို (၅)နှစ်ပြည့်မြှောက်ခါနီးမှာ ကျွန်တော်တက်လှမ်းခွင့် ရခဲ့ပေမယ့် ကျွန်တော်ကိုကျွန်တော်တော့ မရောင့်ရဲ မတင်းတိမ်နိုင်သေး။ ဟုတ်သည်ပဲလေ။ တစ်ချိန်က ကန်ရိပ်သာကျောင်းတော်သားဘ၀မှာ မက်ခဲ့သော အိပ်မက်တွေက ယခုလက်တွေ့ဘ၀ထက်ပိုပြီး ကြီးကျယ်ခမ်းနားခဲ့သည်ပဲ မဟုတ်လား။ လက်တစ်ဖက်က လက်သီးကလေးဆုပ်ရင်း ဆောင်းလေတွေကြားမှာ ရပ်နေမိသော ကျွန်တော့်ကိုကျွန်တော်ပြန်ငုံ့ကြည့်လိုက်မိတော့ အားရကျေနပ်ဖွယ်က မရှိသေး။ ဒါဆိုရင် ကျွန်တော်ရပ်နေသော အမိမြေကြီးရော ဘာတွေပြောင်းခဲ့ပြီလဲ။ အမှန်အတိုင်းပြောရရင်တော့ သူလည်းကျွန်တော်လိုပဲ ဆောင်းလေတွေကြားမှာ ကိုယ့်ကိုယ်ကို ရှက်ရွှံ့နေသည်ထင့်။

မိမိတစ်ယောက်တည်းအတွက်ရည်ရွယ်ရင်း ဒီလောကလေးထဲကို ၀င်လာခဲ့မိပေမယ့် ကျောင်းတော်ကြီးက ဆရာတွေ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့ဘူးသော Development အကြောင်းတွေကြောင့် ကျွန်တော်လိမ္မာလျှင် ကျွန်တော့်မိသားစုတစ်ခု အတွက်တင်မဟုတ်ပဲ မိမိတိုင်းပြည်၏ development အတွက်ကိုပါ ကူညီမြှင့်တင်ပေးနိုင်သည် ဆိုသော သီအိုရီတွေက လောလောဆယ်မှာတော့ လတ်တလော အခြေအနေတွေကြောင့် စာအုပ်ပုံတွေကြားကနေ ရုန်းမထွက်နိုင်သေး။

ငါးနှစ်ဆိုသော ကာလမှာ အိပ်မက်တွေက တောင်လိုပုံပြီး အမှန်တကယ်ရုန်းမထွက်နိုင်သေးသော ကျွန်တော်က ဒီလောကလေးထဲမှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော နှလုံးသားတစ်စုံနှင့် ခရီးဆက်နေဆဲ။ မျှော်လင့်ချက်ဖြင့် အသက်ရှင်ရသည်ဆိုသော လူသားတွေထဲက ကျွန်တော်လည်း မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေနဲ့ ဒီလောကကြီးထဲမှာ ဒီမြေကိုနင်း၊ ဒီလေကိုရူရင်း ခရီးဆက်နေဆဲ။ ဒါပေမယ့်လည်း အကွေးအကောက်များလှသော လူ့ဘ၀လမ်းခရီးမှာ ဟိုးအရင်ကလျှောက်ခဲ့ဘူးသော ကန်ရိပ်သာလိုတော့ အမြဲတမ်း ပျော်စရာတွေ၊ နွေးထွေးမှုမေတ္တာတရားတွေနဲ့ ပြည့်နေတော့သည် မဟုတ်တာတော့ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ကြုံတွေ့လာရသော အခက်အခဲ အကြမ်းအတမ်းတွေကြားမှာ ကန်ရိပ်သာလမ်းပေါ်က ပျော်စရာဘ၀တွေကို ပြန်လည်းတွေးတောရင်း လက်ရှိဘ၀ကို ဖြေသိမ့်ရင်ဆိုင်ရင်းခရီးဆက်နေဆဲပါပဲ။ လက်တစ်ဖက်က လက်သီးဆုပ်ကလေးတစ်ခု ဖြစ်သွားခဲ့ပြီဆိုပေမယ့် ကျန်နေသေးသော ဖြန့်ထားဆဲလက်ငါးချောင်းကို ကျွန်တော်ငေးမောကြည့်ရင်း ကျွန်တော့်ကို ကျွန်တော်အားပေးနေဆဲ။

ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်မည်ဆိုလျှင် မရောက်တာအတော်ကြာပြီ ဖြစ်သော ကန်ရိပ်သာကို အခွင့်အရေးကလေးရခဲ့လျှင် ဆောင်းလေတွေကြားမှာ နောက်ထပ်တစ်ခါ ထပ်လျှောက်ကြည့်ချင်ပါသေးသည်။ ဖြစ်နိုင်မည်ဆိုလျှင် တစ်ချိန်က ချစ်ရခင်ရသော သူငယ်ချင်းတွေနဲ့ပါ လမ်းလျှောက်ရင်း စကားတွေဖောင်ဖွဲ့ပြောရင်း ဘ၀အမောတွေကို ဖြေသိမ့်လိုက်ချင်ပါသေးသည်။

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၂)


စာဖတ်သူများသို့...
ဒီစာစုလေးကို ဖတ်လိုက်မိသော ကန်ရိပ်သာနှင့် အစိမ်းသက်သက်ဖြစ်နေသူများအဖို့ ကျွန်တော်ဘာတွေရေးပြီး ဘာတွေပြောနေသည် ဆိုတာကို သဘောပေါက်နားလည်နိုင်လိမ့်မည်မဟုတ်သည့်အတွက် တောင်းပန်အပ်ပါသည်။ တကယ်လည်း ဒီစာစုလေးက ကန်ရိပ်သာ၏ ရင်ငွေ့ကိုခုံလှုံခဲ့ဘူးသူများအတွက်သာ အဓိကရည်ရွယ်ရင်း ရေးဖြစ်ခဲ့ပါသည်။ ကန်ရိပ်သာကို ပတ်သက်ဘူးသူတိုင်းကတော့ ကျွန်တော့်စာလေးကိုဖတ်မိလျှင် သူတို့ရင်ထဲမှာရှိခဲ့ဘူးသည့် ကန်ရိပ်သာကို လွမ်းမောတမ်းတနေမည်ဆိုတာကိုတော့ ကျွန်တော်ယုံကြည်သည်။

ဒီစာစုလေးက မနှစ်ကကျွန်တော်ရေးခဲ့သော "ကန်ရိပ်သာလမ်းပေါ်က အိပ်မက်များ" ၏အဆက်လည်းဖြစ်သည်။ ဒီတစ်နှစ်တော့ မနှစ်ကလို ကန်ရိပ်သာအကြောင်းရေးတိုင်း သုံးနေကျ ဘောပင်လေးနဲ့အကြမ်းချမရေးဖြစ်တော့ပဲ ကွန်ပျုတာရှေ့မှာပဲ တန်းပြီးစာစီမိသည်။ ခရစ္စမတ်လက်ဆောင်အဖြစ်ရခဲ့သော မှင်သိပ်မလိုက်တော့သည့် အဲဒီ့ဘောလ်ပင်လေးကို ဖိရေးလိုက်မိလျှင် ပျက်စီးသွားမည်စိုး၍ ဖြစ်သည်။ ဟုတ်သည်ပဲလေ... ဒီဘောလ်ပင်လေးရဲ့ သက်တမ်းတောင် (၅)နှစ်ပြည့်ခဲ့ပါပြီကော...။

ကြယ်ကြွေည


အလင်းမရှိတော့တဲ့ ညကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေဆုတောင်းကြတယ်...

အလင်းတွေကြီးစိုးတဲ့ နေ့ကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေသတိတောင် မထားမိဘူးတဲ့...

ဘာပဲဖြစ်ဖြစ် ညရောက်လို့ ကြယ်တွေရည်ရင်
ကြယ်လေးတစ်ပွင့်လိုနေတာကိုတော့
လူတွေသိကောင်းပါရဲ့...

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၁)

နောက်ဆုံးဘူတာ


အမေက ကျွန်တော့်ကို မွေးဖွားခြင်းဘူတာကနေပြီးတော့
လူ့ဘ၀ဆိုတာကို စတင်မိတ်ဆက်ပေးခဲ့တယ်။
ရှင်သန်ခြင်းဆိုတဲ့သံလမ်းတစ်ခုမှာ ဘ၀ဆိုတဲ့ရထားကြီးက
တစ်ရွေ့ရွေ့နဲ့ စထွက်ခါစကတော့ ကျွန်တော်ပျော်တာပေါ့...။

လမ်းခရီးမှာ တစ်ဘူတာပြီးတစ်ဘူတာဆိုက်တိုင်းလည်း
လူတွေကကျွန်တော့်ကို ၀ိုင်းပြောကြတယ်....
"ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ"တဲ့
ကျွန်တော့်ကိုလူတွေက အဲဒီလိုဂရုစိုက်ကြတာမြင်တော့
ကျွန်တော်အရမ်းပျော်တာပေါ့...
ဖြစ်နိုင်မယ်ဆိုရင် တစ်ဘူတာပြီးတစ်ဘူတာ
မြန်မြန်ဆိုက်ကပ်ပြီး လူတွေဆုတောင်းပေးကြတဲ့
မွေးနေ့ဆုတောင်းတွေကို "ကျေးဇူးပါ"လို့
အပြုံးချိုချိုတစ်ခုနဲ့ ခွန်းတုံ့ပြန်ချင်မိတာ အမှန်ပါပဲ။

ဒါပေမယ့် နောက်မှသိလိုက်ရတဲ့ အသိတစ်ခုက
ဘူတာတွေတစ်ဘူတာပြီး တစ်ဘူတာဆိုက်ကပ်ပြီးလို့
ရှင်သန်ခြင်းဆိုတဲ့ သံလမ်းကြီးဆုံးသွားလို့ရောက်လာမယ့်
နောက်ဆုံးဘူတာရုံမှာ ကျွန်တော်အရမ်းကိုနှစ်သက်တယ်ဆိုတဲ့
မွေးနေ့ဆုတောင်းသံတွေ မကြားရတော့ဘူးတဲ့။

ကျွန်တော်တုန်လှုပ်လွန်းလို့ ဘ၀ရထားပေါ်ကခဏဆင်း
ရထားလက်မှတ်ရောင်းတဲ့ လူကိုသွားမေးကြည့်မိတယ်..။
အမေ ကျွန်တော့်ကိုပို့ပေးခဲ့တဲ့ လမ်းအတိုင်းပြန်သွားလို့ရတဲ့
လက်မှတ်မျိုးများ ၀ယ်လို့ရလားလို့။
လက်မှတ်ရောင်းတဲ့သူ ပြန်ပြောတာက...
အဲဒီ့လိုလက်မှတ်မျိုးကို ဘုရားသခင်တောင် ၀ယ်လို့မရဘူးတဲ့လေ။

ကျွန်တော်တွေဝေနေပေမယ့် နောက်ဆုံးတော့
တစ်ရွေ့ရွေ့သွားနေတဲ့ ဘ၀ရထားပေါ်ပြန်ခုန်တက်ရင်း
ကျွန်တော်သွားရမယ့် ခရီးလမ်းကိုပဲဆက်ခဲ့တယ်။
ကျွန်တော်နဲ့ခရီးသွားဖော်သွားဖက် အဘိုးအိုတစ်ဦးပြောတာက
နောက်ဆုံးဘူတာမှာ ကြားရမယ့် အမျှဝေသံတွေက
မောင်ရင့်အရင်ဘူတာတွေမှာ ကြားခဲ့ရတဲ့ "ဟက်ပီးဘတ်ဒေး"ဆိုတဲ့
အသံတွေလိုမချိုသာဘူးတဲ့။
ပြီးတော့ခွန်းတုံ့ပြန်ဖို့ဆိုတာလည်း အရမ်းခက်တယ်တဲ့လေ။

ကျွန်တော်စီးလာတဲ့ ရထားကြီးကတော့ တစ်ရွေ့ရွေ့နဲ့ပဲပေါ့
လမ်းခရီးမှာ တစ်ဘူတာပြီးတစ်ဘူတာဆိုက်တိုင်းလည်း
လူတွေပြောကြတဲ့ "ဟက်ပီးဘတ်ဒေး"ဆိုတဲ့ အသံတွေကို
ချိုသာတဲ့အပြုံးတွေနဲ့ ခွန်းတုံ့ပြန်နေဆဲပါ။
ဒါပေမယ့် နောက်ဆုံးဘူတာအရောက်မှာ
ကျွန်တော့်ဘေးနားမှာ ရှိနေ့မယ့် မိတ်ဆွေတွေရဲ့
အမျှ အမျှ အမျှ ဝေသံတွေကို
သာဓု သာဓု သာဓု သုံးကြိမ်ပြန်ခေါ်နိုင်ဖို့ကတော့
ကျွန်တော်ကြိုးစားရပါအုံးမယ်...။

မျိုးဇော်
၂၀၁၀၊ အောက်တိုဘာ(၉)