My Dreams are my Life, my Heart and my Future!

Sunday, February 5, 2012

ဆောင်းအိပ်မက်


နေ့လည်ခင်း နေမွန်းတည့်ချိန်ဆိုပေမယ့် ဆောင်းလေအေးအေးတွေကြောင့် ပတ်ဝန်းကျင်က ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်ထဲသို့ သူမက ရှည်မျောမျော နက်စ်ကော်ဖီမစ်ထုပ်ကလေးထဲမှ ကော်ဖီမှုန့်တွေကို ဖြည်းဖြည်းချင်းလောင်းထည့်သည်။ ကော်ဖီခွက်ထဲက ရေမျက်နှာပြင်မှာ ကော်ဖီမှုန့်တွေများလာလျင် ခဏရပ်သည်။ ပြီးတော့မှ အဲဒီ့ကော်ဖီမှုန့်များ ရေနွေးထဲသို့နှစ်မြုပ်သွားသည့် အချိန်ထိ ဒီအတိုင်းထိုင်ကြည့်နေသည်။ ကော်ဖီမှုန့်တွေရေနွေးထဲသို့ ပျော်ဝင်နှစ်မြုပ်သွားတော့မှ သူမလက်ထဲရှိ ကော်ဖီမစ်ထုပ်လေးထဲမှ လက်ကျန်ကော်ဖီမှုန့်တွေကို ဖြည်းဖြည်းချင်းလောင်းထည့်ပြန်သည်။ ပြီးတော့ အထက်မှာဆိုခဲ့ပါအတိုင်း ကော်ဖီမှုန့်တွေအားလုံး နှစ်မြုပ်သွားသည်အထိစောင့်နေပြန်သည်။ အားလုံးပြီးသွားတော့မှ ဇွန်းသေးသေးလေးနဲ့ မွှေပြန်သည်။ သူမကော်ဖီခွက်ကလေးကို ဖျော်လို့ဝလောက်ပြီထင်သော အချိန်ကြတော့မှ ကျွန်တော်က "ဟင့်အင်း မသောက်တော့ပါဘူး" ဟုပြောလိုက်သည်။ သူမပြောသည့် ' ကော်ဖီသောက်အုံးလေ" ဆိုတာက နောက်ကျနေပြီ။ ပြီးတော့ နှစ်ယောက်သား ပြိုင်တူရယ်လိုက်ကြသည်။ ဒီလိုအဖြစ်အပျက်တွေက သူမနှင့်ကျွန်တော်ကြားမှာ ပထမဆုံးအကြိမ်မဟုတ်တော့တာတော့ သေချာပါသည်။

နေ့လည်ခင်း ထမင်းစားချိန်ရောက်တိုင်း အတူထိုင်နေကြ ဒီလက်ဖက်ရည်ဆိုင်လေးမှာ အတူဆုံဖြစ်ကြတိုင်း သူမက ကော်ဖီကို သူမအကျင့်အတိုင်း ဖြည်းဖြည်းချင်းဖျော်ပြီးသောက်တတ်သလို ကျွန်တော်ကလည်းသူမကော်ဖီဖျော်နေပုံကို အစအဆုံးထိုင်ကြည့်နေတတ်သည်။ ပြီးတော့မှ ကျွန်တော်စားလက်စ ထမင်းကြော်ပန်းကန်ကိုဆက်စားသည်။ ကျွန်တော့်ထမင်းပန်းကန်လေးထဲမှာ သူမအိမ်မှ ကိုယ်တိုင်ကြော်လာသည်ဆိုသော ဆိတ်သားခြောက်ကြော်တွေက နေရာအတော်များများကိုယူထားသည်။ ဒီဆိုင်လေးက ထမင်းဟင်းအစုံမရပေမယ့် ဆိုင်လေးက သန့်သန့်ရှင်းရှင်းရှိသည်မို့ နေလည်ခင်းထမင်းစာချိန်တိုင်း ဟောဒီ့ဆိုင်လေးမှာပဲ သူငယ်ချင်းတွေထိုင်ဖြစ်ကြသည်။

ကျွန်တော်တို့ ထမင်းစားရင်း စကားလက်ဆုံကြနေတာ ဘယ်လောက်ကြာသွားသည်မသိ။ ဆောင်းလေတွေကြားမှာ ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားတော့မှ နှစ်ယောက်သားအလန့်တကြားဖြစ်သွားရသည်။ သူမက သူမအိမ်မှပါလာသော ထမင်းချိုင့်လေးကိုအလျင်စလိုသိမ်းနေသလို ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကောင်လေးကို ပိုက်ဆံရှင်းဖို့ ခေါ်ရသည်။ အလျင်စလိုမလုပ်၍ကလည်း မဖြစ်။ တော်တော်ကြာ နှစ်ယောက်သားနောက်ကျပြီးမှ စာသင်းခန်းထဲရောက်သွားလျှင် သူငယ်ချင်းတွေက တစ်မျိုးမြင်ကုန်အုံးမည်။ ဒါပေမယ့်မရတော့ ကျွန်တော့်နားထဲသို့ ခေါင်းလောင်းသံတွေက အဆက်မပြတ်မြည်ဟည်နေပြီ။ ခေါင်းလောင်းထိုးသံ။ ဒါ ကျောင်းတက်ခေါင်းလောင်းထိုးသံမဟုတ်။ ဘာသံတွေမှန်းမသိသော ဆူညံသံတွေက ကျွန်တော့်နားထဲသို့ အတင်းတိုးဝင်လာသည်။

ကျွန်တော်နားနှစ်ဖက်ကို လက်နှစ်ဖက်နှင့်ဖိကပ်ရင်း သတိထားကြည့်လိုက်မိတော့ ညကအိပ်ရာဝင်ခါနီး ကျွန်တော့်အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ကို ပိတ်ဖို့မေ့နေခဲ့သည်ပဲ။ ပြတင်းတံခါးမှ ဆောင်းလေခပ်ကြမ်းကြမ်းတွေကြားမှာ ကျွန်တော်ခန္ဒာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ရမည်။

ပွင့်နေသောပြတင်းပေါက်ကို ပိတ်လိုက်ပေမယ့် ကျွန်တော်ခန္ဒာကိုယ်က အချမ်းမပြေသေး။ ပြီးတော့ မြောက်ပြန်လေတွေကြားမှ မည်သူမှမကြားနိုင်လောက်ဟု ထင်လောက်သောလေသံဖြင့် တီးတိုးရေရွတ်လိုက်မိသည်။ ဆောင်းရေ... ဒီတစ်ခါ နှင်းတွေမစဲခင် ၀ဠ်ကြွေးတွေ ကြေပါစေတော့......။

မျိုးဇော်
၂၀၁၀၊ နိုဝင်ဘာ(၃)

No comments:

Post a Comment