My Dreams are my Life, my Heart and my Future!

Sunday, July 12, 2009

ရုပ်ရှင်ဖြစ်သွားတဲ့ ၀တ္တုတစ်ပုဒ်

မတ်လ (၂၇)ရက်၊ ၂၀၀၉ ခုနှစ်
ဒီနေ့ကျွန်တော် အရမ်းပျော်နေတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်အရမ်းကို တွေ့ချင်ခဲ့်တဲ့ ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ပထမဆုံးတွေ့ရမယ့် နေ့မို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ တရားဝင် ချိန်းတွေ့ကျတာမျိုးတော့ မဟုတ်ပါဘူး။ ခရီးတစ်ခုကို အတူတူသွားရင် တွေ့ကြရမှာပါ။ ခရီးသွားဟန်လွှဲ ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။ အခု ကျွန်တော်စီးလာတဲ့ ကားကြီးက ရန်ကုန်-ပြည် လမ်းမကြီးပေါ်မှာ မြို့တော်ဟောင်း ရန်ကုန်ကနေ ပြည်မြို့ရှိရာ ပဲခူးတိုင်းထဲကို ဦးတည်ပြီးမောင်းနေတာပါ။ သူနဲ့ ကျွန်တော်ခရီး အတူတူသွားဖြစ်တယ် ဆိုပေမယ့် စီးကျတဲ့ ကားကတော့ တစ်စီးရယ်ပါ။ ကားပေါ်မှာ တစ်ယောက်တည်းထိုင်ရင်း သူနဲ့ ကျွန်တော်စတွေ့ခဲ့ ကြပုံကို ပြန်စဉ်စားနေမိတယ်လေ……။



ဒီလိုပါ သူနဲ့ ကျွန်တော်က ကော်ပိုရေးရှင်းကြီးတစ်ခုအောက်က ဌာနခွဲတွေမှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းတွေပါ။ ဒါပေမယ့် သူနဲ့ကျွန်တော် စတွေ့ခဲ့ကြတာတော့ ဒီကော်ပိုရေးရှင်းကြီး တစ်ခုအောက်မှာ အလုပ်အတူတူလုပ်ကြလို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်တော့ မဟုတ်ပါဘူး။ သူနဲ့ ကျွန်တော်စတွေ့ခဲ့ကြတာတော့ အွန်လိုင်းပေါ်မှာပါ။ ဘာကြောင့် အွန်လိုင်းမှာ တွေ့ခဲ့ကြတာလဲ ဆိုတာကိုတော့ နောက်မှပဲ ရှင်းပြတော့မယ်ဗျာ။ ဒီလိုနဲ့ သူနဲ့ ကျွန်တော်အရမ်းကို ခင်သွားကြတယ်ဆိုပါတော့။ ဒါပေမယ့် သူနဲ့ကျွန်တော်က အပြင်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးကြပါဘူး။ သူ့ဓာတ်ပုံတောင်မှ သူ့ရဲ့ gtalk logo ထဲမှာ ၀ိုးတိုးဝိုးတားနဲ့ စက္ကန့်ပိုင်းလောက်ပဲ မြင်ဖူးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ထဲမှာ သူ့ကို တိတ်တခိုး စွဲလမ်းခဲ့မိလေရဲ့။ ဟိုးရှေးရှေးတုန်းက ပညာရှိက၀ိတွေပြောခဲ့တဲ့ အဆိုရှိပါတယ်။

အချစ်ဆိုတာ မျက်စိကစတယ်တဲ့။ တစ်ချို့ကျတော့လည်း အကြားအာရုံကစတယ်လို့ ဆိုခဲ့ပါတယ်။ အခုလို နည်းပညာတွေ တိုးတက်နေတဲ့ အိုင်တီခေတ်ကြီးမှာရော။ အင်း gtalk ကစတယ်လို့ ထပ်တိုးရမလိုတောင် ဖြစ်နေပြီဗျာ။ ဘာပဲပြောပြောပါ ကျွန်တော်သူ့ကို စွဲလမ်းခဲ့တာ သူနဲ့ကျွန်တော်ကြားက တူညီတဲ့ခံစားချက်တစ်ခု ရှိနေခဲ့တာနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ ပေးနိုင်ခဲ့လို့ပဲလို့တော့ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်နေကြ ပေါ့ပျက်ပျက် ဇာတ်လမ်းတွေမျိုးထဲက တစ်ခုမဟုတ်ဘူးဆိုတာတော့ ကျွန်တော်ယုံကြည်ထားပါတယ်လေ။


တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်စီးလာတဲ့ ကားကြီးလည်း ဟိုင်းဝေလမ်းမကြီးပေါ်ကနေ လမ်းဘေးတစ်နေရာကို ထိုးရပ်လိုက်တော့မှ နေ့လည်စာစားဖို့ အတွက်ထိုးရပ်လိုက်တာမှန်း သိလိုက်ရတယ်။ ဒီလိုနဲ့
သူ့ကို ကျွန်တော်တွေ့ရတော့မယ် ဆိုတဲ့အသိဝင်လာတဲ့ အချိန်မှာ ကျွန်တော်စိတ်ထဲမှာ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုးခံစားလိုက်ရတယ်လေ။ ကျွန်တော် ၁ ပတ်ကျော် ရင်ခုန်စောင့်ခဲ့ရတဲ့ ဒီနေ့လေး၊ ပြီးတော့ဟောဒီ့ ကားကြီးပေါ်မှာ နာရီပေါင်း များစွာ စိတ်လှုပ်ရှား ကြည်နူး မျှော်လင့်ခဲ့ရတာတွေဟာ အားလုံးပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်လေ။ ရှင်းရှင်းပြောရရင် သူ့ကို ကျွန်တော်တွေ့ချင်စိတ် လုံးဝမရှိတော့လို့ပါပဲ။ ဒါနဲ့ ကျွန်တော်နောက်ဆုံးမှ စိတ်ညစ်ညစ်နဲ့ ကားပေါ်ကနေဆင်းခဲ့ပါတယ်…..။



လူတိုင်းလိုလိုမှာ ကိုအရမ်းကို စွဲလမ်းခဲ့ရဘူးတဲ့ ၀တ္တုဇာတ်လမ်းတွေ အနည်းဆုံး တစ်ပုဒ်စီတော့ ရှိကြမှာပါနော်။ အဲဒီ ကိုအရမ်းကြိုက်တဲ့ ၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းပြီး ရိုက်ကူးလာကြရင်ရော ခင်ဗျားတို့ ကြိုက်ကြပါအုံးမလား။ ဘယ်လောက်ပဲ နာမည်ကြီး သရုပ်ဆောင်တွေပါပါ၊ ခေတ်မှီနည်းပညာတွေ ဘယ်လောက်သုံးသုံး လူတိုင်းလိုလိုကတော့ ကိုအရမ်းကို စွဲလမ်းနှစ်သက်ခဲ့တဲ့ ၀တ္တုတွေလောက် ဇတ်လမ်းဇာတ်အိမ်၊ ရိုက်ကူးဖော်ပြမှုတွေဟာ မကောင်းဘူလို့ ထင်ကြတာပဲနော်။ တစ်ကယ်တော့ ၀တ္တုဆိုတာ စာရွက်တွေပေါ်မှာ စာရေးဆရာက သူရေးချင်တာတွေကို စာတွေစီပြီး စာရွက်တွေကို ပေါင်းချုပ်ထားတဲ့ စက္ကုထုပ်တစ်ထုပ် ပါပဲ။ ဒါပေမယ့် အဲဒီင်္ဝတ္တုတွေထဲက အနှစ်သာရတစ်ခုကို စာဖတ်သူက စွဲလမ်းသွားပြီဆိုရင်တော့ ၀တ္တုထဲက ဇာတ်ကောင်တွေ၊ နေရာရှုခင်းတွေကို စာဖတ်သူက သူစိတ်ကြိုက် သူနဲ့သန်ရာသန်ရာ ဖန်တီးယူသွားကြတာပဲလေ။ အဲဒီအချက်ကိုက ရုပ်ရှင်ဆိုတာနဲ့မတူတဲ့ အားသာချက်တစ်ခုပါပဲ။ ကိုယ်ဖတ်ခဲ့ဘူးတဲ့ ၀တ္တုတွေထဲမှာ ဇာတ်လိုက်တွေ၊ လုပ်ဆောင်ချက်တွေ၊ နေရာရှုခင်းတွေကို ကိုယ်တိုင် စိတ်ကူးယဉ် ပျော်မွေ့ခဲ့ကြပြီး၊ ဒီဇာတ်လမ်းလေးကို ပဲရုပ်ရှင်ဒါရိုက်တာတစ်ယောက်ကလည်း သူ့စိတ်ကြိုက် ဖန်တီယူတဲ့ အခါကို့စိတ်ထဲမှာ ဖန်တီးယူခဲ့တာတွေနဲ့ မတိုက်ဆိုင်တော့တဲ့ အခါ အဲဒီရုပ်ရှင်တွေကို လက်မခံနိုင် ဖြစ်ကြတော့တာပါပဲ။


အဲဒီလိုဆိုရင် ကျွန်တော်ရော။ ကျွန်တော့်အွန်လိုင်းပေါ်မှာ၊ ၅လက်မနဲ့ ၂လက်မလောက်သာကျယ်တဲ့ Gtalk chat room ထဲမှာ ကျွန်တော်စွဲလမ်းခဲ့တဲ့၊ စိတ်ကူးယဉ် ရူးသွပ်ခဲ့ရတဲ့ ကောင်မလေးကို ကျွန်တော်အပြင်မှာတွေ့ရင် ကျေနပ်လက်ခံနိုင်ပါအုံးမလား။ သူကရော ကျွန်တေိာကို တွေ့ရင် လက်ခံနိုင်ပါ့မလာ။ ဒီလိုနဲ့ နောက်ဆုံး ကျွန်တော်ကားပေါ်က ဆင်းခဲ့ပါတယ်။ ကားပေါ်ကဆင်းဆင်းချင်း သူကို့ရှာမကြည့်ပဲနေကြည့်လိုက်မိတယ်။ ဒါပေမယ့်လေ ကျွန်တော်ရဲ့ ဘေးနားမှာတော့ အွန်လိုင်းပေါ်မှာ ကျွန်တော်စွဲလမ်းခဲ့တဲ့ သူ့ရဲ့ အငွေ့အသက်တွေကတော့ လွှမ်းခြုံထားပါတယ်။ သူဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ်ပါ၊ ကျွန်တော်ဘေးနားမှာ သူရှိနေတယ် ဆိုတယ်အသိတစ်ခုနဲ့တင် ကျွန်တော်ကို ကျွန်တော်ကျေနပ်ပါတယ်။ ပြီးတော့ ရှေ့ဆက်ပြီး သူနဲ့တွေ့ရမယ့် နေ့တွေကို စိတ်ကူးယဉ် ကြည့်ခဲ့မိတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် သူဘယ်လိုပုံစံမျိုးလည်း ဆိုတာသိလိုက်ရပါပြီ။ ကျွန်တော် စိတ်ကူးယဉ်ထားတဲ့ ကောင်မလေးနဲ့ အခုအပြင်မှာ မြင်နေရတဲ့ ကောင်မလေး ထပ်တူကျပါ့မလား။ ၀တ္တုထဲက ကိုကြိုက်တဲ့ ဇာတ်ကောင်တစ်ခုနဲ့ ကိုယ်နဲ့စိတ်ကူးချင်း ထပ်တူမကျနိုင်တဲ့ ဒါရိုက်တာတစ်ယောက် ဖန်တီးထားတဲ့ ဇာတ်ကောင်ကို လက်ခံနိုင်ပါအုံးမလား။ ဘာပဲဖြစ်ဖြစ်ပါ ကိုအရမ်းစွဲလမ်းခဲ့ရတဲ့၊ gtalk ထဲက စာကြောင်းတွေကို ကိုယ်တိုင်အသက်သွင်းထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ကောင်မလေးတစ်ယောက်နဲ့ သဘာဝတရားကြီးတစ်ခုက လက်ဆောင်ပေးထားတဲ့ လက်တွေ့ဘ၀ထဲက ကောင်မလေး ထပ်တူမကျနိုင်ဘူး ဆိုတာ ကျွန်တော် စောစောကတည်းက လက်ခံနိုင်အောင် ကြိုးစားထားပြီးသားပါ။ ပြီးတော့ ကျွန်တော် အရမ်းမြတ်နိုးထားတဲ့ ၀တ္တုထဲက ဇာတ်ကောင်လေးကို အခုလို အပြင်မှာ ကျွန်တော်တွေ့လိုက်ရတာကို ကျွန်တော်ရင်ခုန်ပါတယ်။ ပြီးတော့ အရမ်းလည်း မြတ်နိုးပါတယ်။ သူ့ကိုကျွန်တော် ချစ်ခဲ့မိတာ အမြင်အာရုံတစ်ခုရဲ့ တက်မက်မှုက စခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ချစ်ခဲ့တာ သူနဲ့ ကျွန်တော်ကြားက ဖြန့်ကျက်ထားတဲ့ အွန်လိုင်းပေါ်ကနေ သန္ဒေတည်ခဲ့တာလို့ဆိုပါရစေ။ ကျွန်တော်စိတ်ကူးထဲက ၀တ္တုတစ်ပုဒ် ကိုအသက်သွင်းပေးခဲ့တဲ့ သဘာဝကံဇတ်ဆရာ ရဲ့လက်ရာမြောက်လှတဲ့ ရုပ်ရှင်တစ်ကားကိုလည်း လက်ခံနိုင်နေပါပြီ။ ဒါပေမယ့်လေ အဲဒီရုပ်ရှင်လေးက ဇာတ်သိမ်းပိုင်းကို မရောက်သေးပါဘူး။ ကျွန်တော် စိတ်ကူးမျှော်လင့်တဲ့ ၀တ္တုထဲက ဇာတ်သိမ်းခန်းလေးကို ဘယ်သူ့မှ အစိုးမရနိုင်တဲ့ သဘာဝကံဇာတ်ဆရာကရော ဖန်တီးပေးနိုင်ပါ့ မလားဆိုတာကိုတော့......။

မျိုးဇော် (၂၆.၀၄.၀၉)

No comments:

Post a Comment