My Dreams are my Life, my Heart and my Future!

Sunday, July 12, 2009

မျက်မမြင်တစ်ယောက်ရဲ့ ဆန္ဒ


တစ်ခါကမွေးရာပါ မျက်မမြင်ကောင်မလေးတစ်ယောက်ရှိသတဲ့။ အဲဒီကောင်မလေးက အမြင်အာရုံချို့ရွင်းလို့ လူတောမတိုးနိုင်တဲ့ သူ့ဘ၀ကိုသူ အရမ်းအားငယ်နေတယ်တဲ့လေ။ ပြီးတော့သူ့ဘေးနားကလူတွေ ဖြတ်သွားတိုင်း ပြောသံကြားဖူးတဲ့ လောကကြီးရဲ့ မြင်ကွင်းတွေကိုလည်း သူမြင်ကြည့်ချင်တယ်။ ဒီလိုနဲ့ သူ့ရဲ့အထီးကျန်တဲ့နေရက်တွေကို လူတွေပြောပြောနေတဲ့ တိရစ္ဆာန်တွေ၊ အဆောက်အအုံတွေရဲ့ ပုံစံတွေကို သူ့ဟာနဲ့သူ စိတ်ကူးပုံဖော်ကြည့်ရင်း ဖြေသိမ့်နေရတယ်လေ။ ဒါပေမယ့် သူစိတ်ကူးယဉ်ကြည့်လို့ မရတဲ့ပုံပန်းသဏ္ဍန်တစ်ခုရှိနေတယ်။ အဲဒီဟာကတော့ လူတွေညဘက်ရောက်ရင် ပြောကြတဲ့ မှောင်လိုက်တာကွာ မည်းနေတာပဲ ဆိုတာကြီးကိုပေါ့။ သူက အဲဒီ လောကကြီးရဲ့ အမှောင်ထုဆိုတာကြီးကို ပိုပြီးစိတ်ဝင်စားမိတယ်။ ပြီးတော့ သူမသာ မျက်စိအလင်းရခဲ့ရင် အဲဒီအမှောင်ထုဆိုတာကြီးကို အရင်ရှာကြည့်မယ်ဆိုပြီး စိတ်ကူးတွေတောင် ယဉ်ထားသေးတယ်လေ။
ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ ကံဆိုးလှတဲ့ ဘ၀ကို တွေးမိရင်း အားငယ်လို့ တစ်ယောက်တည်းငိုနေတုန်းမှာ ကောင်းကင်က အသံတစ်သံကို ကြားလိုက်ရတယ်။ အဲဒီ့အသံရှင်က သူ့ကိုတောင်းလိုရာတောင်းဆိုပြီး ဆုတစ်ခုတောင်းခိုင်းတယ်။ ဒါနဲ့ မျက်မမြင်မလေးလည်း ၀မ်းသာအားရနဲ့ မဆိုင်းမတွဆုတစ်ခုကို တောင်းလိုက်မိတယ်။ အဲဒီဆုက လူတွေပြောပြောနေတဲ့၊ သူအရမ်းကို တွေ့ချင်လှတဲ့ လောကကြီးရဲ့ အမှောင်ထုကို မြင်ဖူးချင်တယ်ဆိုပြီးတော့ပေါ့။ ဒါနဲ့ အသံရှင်ကလည်း ပြည့်စေဆိုပြီးပြောလိုက်တယ်ဆိုပါစို့။ ချက်ချင်းပဲ ကောင်မလေးလည်း အဲဒီအမှောင်ထုဆိုတာကြီးကို ၀မ်းသာအားရနဲ့ ကြည့်လိုက်မိတယ်လေ။ ဒါပေမယ့် သူဘာမှမမြင်ရလို့ ကောင်းကင်ကအသံရှင်ကို သူဘာမှ မမြင်ရကြောင်းပြောတော့ အသံရှင်က မင်းမြင်ချင်တဲ့ အမှောင်ထုဆိုတာ အဲဒါပဲဆိုပြီး ပြန်ပြောလိုက်တယ်။ ပြီးတော့အသံရှင်လည်း ပျောက်ကွယ်သွားတယ်လေ။ ကောင်မလေးငိုင်သွားတယ်။ ပြီးတော့ ပါးပြင်မှာ မျက်ရည်တွေ လှိမ့်ဆင်းလို့။ ပြီးတော့ သူမမျက်မမြင်ဘ၀တုန်းက မြင်ဘူးချင်ခဲ့လို့ အနှစ်အနှစ်အလလ တမ်းတခဲ့ရတဲ့ အရာတစ်ခုဟာ သူမအရင်ဘ၀မှာ ခံစားခဲ့ရတဲ့၊ အရမ်းကိုမုန်းတီးစရာကောင်းခဲ့တဲ့ အရာတစ်ခုပဲဆိုတာ သိလိုက်ရတယ်။ ပြီးတော့ ကုန်လွန်ခဲ့တဲ့ အချိန်တွေကိုလည်း နောင်တရမိတယ်လေ။

လူတိုင်းလိုလိုမှာလဲ ဒီပုံပြင်ထဲက ကောင်မလေးအတိုင်းပါပဲ။ ကိုယ်လက်ရှိရောက်နေတဲ့ ဘ၀တစ်ခုကို မကျေနပ်နိုင်ပဲ၊ ဒီ့ထက်ကောင်းတဲ့ ကိုယ်တစ်ခါမှ မရဘူးတဲ့ အတွေ့အကြုံတစ်ခုကို ရဖူးချင်ကြပြီး တစ်ခါတစ်လေကြတော့လည်း အဲဒီဆန္ဒတစ်ခုဟာ ကိုယ့်ကို အရင်ဘ၀နဲ့မခြားတဲ့ အခြေအနေတစ်ခုကိုပဲ ပြန်ရောက်စေခဲ့တယ် ဆိုရင်ရော...။
မျိုးဇော်(၀၂.၀၅.၀၉)

No comments:

Post a Comment