My Dreams are my Life, my Heart and my Future!

Sunday, July 12, 2009

ဘ နှင့် ဝ

တစ်နေ့ညက အိမ်မှာမီးမလာတာနဲ့ ကျွန်တော်စောစောအိပ်ရာဝင်မိသည်။ အစောကြီး ရှိသေးသည်မို့ အိပ်လို့ကမရသေးတာနဲ့ ဟိုဟိုသည်သည်လျောက်တွေးနေမိသည်။ ဒီလိုနဲ့ ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်တွေအကြောင်း၊ လူတွေအကြောင်း စဉ်းစားနေမိသည်၊ နောက် စဉ်းစားရင်း ဘ၀ အကြောင်းရောက်သွားသည်။ “ဘ၀” ဘ၀ဆိုတာကို လူတွေအမျိုးမျိုး အဓိပာယ် ဖွင့်တာ ကျွန်တော် ကြားဖူးသည်။ တစ်ချို့တွေက ဘ၀ ဆိုတာ ဘ နှင့် ၀ ပေါင်းထားတာဟုဆိုသည်။ မိခင်ဘာသာစကားကို အခြေခံပြီး အပျော်အပျက်လိုလို ပြောကြခြင်းသာဖြစ်မည်ဟု ကျွန်တော်ထင်သည်။ ဒီလိုနဲ့ ကျွန်တော်လည်း ယင်းဘ၀ အကြောင်းကို ဆက်စဉ်းစားကြည့်မိသည်။


ကျွန်တော်တို့ မြန်မာစာတွင် ဗျည်းအက္ခရာ 'ဘ' နှင့် '၀' ကိုပေါင်းလိုက်လျှင် အလွန်နက်နည်း ရှုပ်ထွေးသည့် 'ဘ၀' ဆိုသည် အဓိပာယ်ကို ကိုယ်စားပြုသည့် ဝေါဟာရတစ်ခု ကိုရသည်။ ဒီလိုဆိုလျှင် 'ဘ' နှင့် '၀' ကိုရှေ့နောက် မထားပဲ 'ဘ' နောက်မှ' ၀' ကိဲု 'ဘ' ပေါ်တင်ကြည့်ရင်ရော၊ ဒီလိုဆိုရင်တော့ 'ဘိ' ဖြစ်သွားမည်။ နောက်တစ်မျိုး စဉ်းစားမိသည်၊ '၀' ကို 'ဘ' အောက်မှာ ၀ ဆွဲအနေနဲ့ သုံးကြည့်ရင်ရော၊ ဒီလိုဆိုရင်တော့ 'ဘ'ွ ဖြစ်သွားမည်။ ဘ၀ နှင့်မတူတော့။ဘာတွေမှန်းမသိ....ဒီလိုနဲ့ ကျွန်တော်အိပ်ပျော်သွားသည်။

နောက်နေ့ မနက်မိုးလင်းတော့ ရုံးသွားရသည်။ ရုံးရောက်တော့ မနေ့ညက စိတ်ကူးကို အင်တာနက်ပေါ်မှ နာမည်ကျော် Social Networking တစ်ခုဖြစ်သော Facebook ပေါ်တင်ကြည့်သည်။ “ ဘ + ၀ = ဘိ (or) ဘွ ? “ ဆိုပြီးတော့ ကျွန်တော့် Facebook profile ၏ status bar ပေါ်တွင် အပြောင်အပျက်လိုလို ရေးလိုက်မိသည်။ အချိန်တိုတိုလေးအတွင်းမှာ Facebook မှကျွန်တော် status ကို comment တွေရောက်လာသည်။ သူငယ်ချင်းတစ်ယောက်က ဘ+၀ ကို ဘွတ် ဟုနောက်သည်။နောက်တစ်ယောက်ကတော့ ဘွိ ဟုပြောသည်။ ဘာတွေမှန်း မသိပြန်....။

ညနေအိမ်ပြန်ရောက်တော့မှ မနက်က Facebook ပေါ်တင်လိုက်သော ဘ၀ ၏အဓိပာယ် ကို ပြန်စဉ်းစားကြည့်မိသည်။ ဘ၀ ဆိုတဲ့အဓိပာယ်ကို ဘ နှင့် ၀ ပေါင်းပြီး အဖြေရှာလို့ရပါသလား။ ကျွန်တော်စိတ်ကူးထဲမှာတော့ ဘိ တွေ ဘွ တွေအပြင် သူငယ်ချင်းတွေပြောသော ဘွိ တွေ ဘွတ် တွေပါပြန်မြင်ရောက်မိသည်။ ဟုတ်သည် ဘ၀ ဆိုသည်မှာ ယင်းအဖြေအားလုံးဖြစ်သည်။


ဘ + ၀ = ဘိ
'ဘ' နောက်မှ '၀' ကို 'ဘ' ၏အနောက်တွင် မထားပဲ 'ဘ' ပေါ်တင်ကြည့်လျင် ဘိ ဖြစ်သွားသည်။ 'ဘ' မှာ '၀' ကိုထမ်းထားရသလိုလိုနဲ့ သနားစရာကြီးဟု ကျွန်တော်ထင်သည်။ 'ဘ' မှာ '၀' ကိုထမ်းထားသည်မှာ အထုပ်အပိုးများကို မနိုင်မနင်းထမ်းထားရသော အဘိုအိုတစ်ဦးနှင့် တူသည်။ ကျွန်တော်တို့လည်း လူမှုဒုက္ခ အဖုံဖုံကို ထမ်းပြီး ဘ၀ ဆိုသည့်ခရီးကိုသွားနေကြရသည် မဟုတ်ပါလား။


ဘ + ၀ = ဘွ
ဒီတစ်ခါ '၀' ကို 'ဘ' အောက်တွင် ထားကြည့်မည်။ ဒီလိုဆိုလျင်တော့ 'ဘွ' ဖြစ်သွားပြန်သည်။ ကျွန်တော့် အမြင်တွင်တော့ 'ဘွ' ကတော်တော် ကြည့်ရဆိုးသည်ဟု ကျွန်တော်ထင်သည်။ တစ်နည်း ပြောရလျင် '၀'ဆွဲ ကြောင့် ဘ မှာကွတတ ဖြစ်နေသည်။ ၀ ကဆွဲထား၍လိုရာခရီးကို မသွားနိုင်ဖြစ်နေပုံရသည်။ ဟုတ်သည် ကျွန်တော်တို့ အားလုံးလည်း 'ဘ' နှင့် တူသည်။ ၀ နှင့်အလားသဏ္ဍန်တူသော သံယောဇဉ်တွေ၊ တဏှာရာဂတွေ စသောနွံတွေကြားမှ ရုန်းကန်နေကြရသည် မဟုတ်ပါလား။

ဘ + ၀ = ဘွိ
ဒီတစ်ခါတော့ '၀' ကနှစ်ခု ဖြစ်သွားသည်။ 'ဘ' ၏အပေါ်တွင်ရော အောက်တွင်ပါ နေရာယူလာသည်။ 'ဘ' ၏ပုံမှာ အပေါ်က '၀' ၏ ၀န်ကိုထမ်းထားရသည့် ကြားထဲ အောက်က '၀' ဆွဲ၏ ဒဏ်ကိုလည်းခံနေရသည်။ ကျွန်တော်တို့ ၀န်းကျင်မှ လူအတော်များများ၏ ဘ၀ မှာလည်း ယင်း 'ဘွိ' နှင့်ပိုပြီး ဆင်တူသည် ဟုကျွန်တော်ထင်သည်။ တစ်ဖက်က ဘ၀ မှပေးအပ်လာသော မိမိမဖြစ်မနေသည်ရမည့် ၀န်ထုပ်ဝန်ပိုးများကို တစ်ဖက်ကသယ်ရင်း၊ တစ်ဖက်ကလည်း တစ်ပါးသူ၏ သံယောဇဉ် နှောင်ကြိုးတွေ၏ ဆွဲငင်မှုဒဏ်ကိုလည်း ခံနေရသည် မဟုတ်ပါလား။

ဘ + ၀ = ဘဝ
နောက်ဆုံးစဉ်စားမိသည်က မူရင်းစာလုံး 'ဘ၀' ဖြစ်သည်။ အခု ဘ၀ မှာ အရင်ကျွန်တော်တွေးမိသော 'ဘ'ွ တွေ 'ဘိ' တွေ လိုကြည့်ရမဆိုးတော့။ သူ့နေရာနှင့် သူကြည့်ကောင်းနေသည်။ 'ဘ'က '၀' ကိုထမ်းမထားသလို '၀' ကလည်း 'ဘ' ကိုဆွဲမထား။ ဒီတော့လည်း 'ဘ၀' ဆိုတာရုပ်လုံးပေါ်လာသည်။ ဟုတ်သည် ကျွန်တော်တို့၏ နိစ္စဓူဝ အလုပ်တွေကို 'ဘိ' လိုလည်း ထမ်းမထားပဲ သူ့နေရာသူထားကြည့်လျင်၊ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ၏ တဏှာကို 'ဘ'ွ လို အဆွဲမခံရအောင်လည်း ထားနိုင်လျင် ဘ၀ ဆိုတာ ရုပ်လုံးပေါ်လာသည်။ ဘ၀ သည် ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေ၊ လုပ်ချင်တာတွေ၊ လုပ်ရမှာတွေကို သူ့နေရာနှင့်သူ ထားပြီး လိုရာခရီးကို သွားရခြင်းဖြစ်မည်ဟုကျွန်တော်ထင်သည်။

ထို့ကြောင့် ကျွန်တော်စဉ်းစားခဲ့သော "ဘ+၀=" ၏ အဖြေမှာ 'ဘ၀' ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံး၏ ဘ၀တွေမှာလည်း ဘ နှင့် ၀ တို့၏ ဥပမာများကဲ့သို့ပင် ကိုလုပ်ရမည့် တာဝန်ဝတ္တရားကိုစီကို သူ့နေရာနှင့်သူ သင့်တင့် လျှောက်ပတ်အောင် စီမံခန့်ခွဲနိုင်လျှင် သာယာကောင်းမွန်သော ဘ၀ များကို ကိုယ်စီ ပိုင်ဆိုင်ကြမည် မှာမလွဲဧကန်ပင် ဖြစ်ပါသည်။

မျိုးဇော် (၀၆.၀၂.၀၉)

No comments:

Post a Comment