ကောင်မလေးရေ...
တစ်ချိန်က ငါတို့နှစ်ယောက်ကြားမှာ အရမ်းကိုဖြုစင်သန့်ရှင်းတဲ့ အဖြုရောင်ကင်းဗတ်စတစ်ခု ရှိခဲ့ဘူးတယ်နော်။
ဒါပေမယ့်လည်း အဖြုရောင်ကင်းဗတ်စတစ်ခုကို ထိုင်ကြည့်နေရုံသက်သက်နဲ့တော့ လောကအလှတွေကို အားလုံးမမြင်နိုင်ဘူးလို့ ငါထင်လို့ အဲဒီ့ကင်းဗတ်စပေါ်မှာပဲ ငါဆေးတွေခြယ်ခဲ့တယ်မဟုတ်လား။ ငါမှတ်မိသလောက်တော့ ဖြု နီ ပြာ ၀ါ ရောင်စုံပေါ့...။
ကောင်မလေးရေ...
အဲဒီ့အဖြုရောင်ကင်းဗတ်စပေါ်မှာ ငါရေးခဲ့တဲ့ပုံတွေရဲ့ အဓိပ္ပာယ်ကို နင်သဘောပေါက်ရဲ့လား။ ငါရေးခဲ့တာက ကင်းဗတ်စတစ်ခုလုံးပေါ်မှာ အလျားလိုက်မျဉ်းတိုလေးတွေ နှစ်ကြောင်းစီ စဉ်ထားတဲ့ပုံတွေလေ။ အဓိပ္ပာယ်ကိုရော နင်သိရဲ့လား။
ကောင်မလေးရေ...
အဲဒီ့ပန်းချီကားကိုကြည့်ပြီး တစ်ချို့လူတွေကပြောတယ်။ မင်းပန်းချီကားရဲ့ နာမည်ကို "ပါရာရယ်"လို့မှည့်ပါလားတဲ့။ မင်းဆွဲထားတဲ့ ပန်းချီကို ရူပဗေဒအမြင်နဲ့ကြည့်ရင် မျဉ်းပြိုင်နှစ်ကြောင်းပြိုင်နေတာမို့ ဆုံမှတ်ဆိုတာမရှိတဲ့ "ပါရာရာယ်"ပေါ့တဲ့။
ကောင်မလေးရေ...
ပန်းချီကားတစ်ချပ်မှာ ကြည့်ရှုခံစားသူတိုင်းက သူတို့ရဲ့အမြင်ကိုယ်စီကို ခံစားပိုင်ခွင့်ရှိတတ်ကြပါတယ်။ ပန်းချီဆရာကိုယ်တိုင်မှာလည်း သူခံစားထားတဲ့အနုပညာတစ်ခုကို အဲဒီ့ပန်းချီကားထဲမှာ လူတွေမြင်သာအောင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နားလည်ရခက်လောက်အောင် ဖြစ်ဖြစ် ထည့်သွင်း ရေးဆွဲတတ်ကြပါတယ်မဟုတ်လား။
ကောင်မလေးရေ...
ငါရေးခဲ့တဲ့ ပန်းချီကားကို လူတွေပြောသလို "ပါရာရယ်" တစ်ခုလို့အဓိပ္ပာယ်ကောက်ရင်လည်းရနိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ငါ့ပန်းချီကားထဲမှာ မြုပ်ထားခဲ့တဲ့၊ လူတွေမမြင်နိုင်အောင်ရေးထိုးခဲ့တဲ့ ပန်းချီကားရဲ့ နာမည်လေးတစ်ခုတော့ရှိတယ်။ အဲဒါ"အီကွေရှင်း"တဲ့လေ။ မျဉ်းပြိုင်နှစ်ကြောင်းတွေ့တိုင်း ပါရာရာယ်ရဲ့နိယာမ တွေကိုပဲ စဉ်းစားတတ်ကြတဲ့လူတွေအတွက် ရည်ရွယ်ပြီးတော့ပဲ ဟောဒီ့ငါရဲ့ "အီကွေရှင်း"ဆိုတဲ့ ပန်းချီကားလေးကို ငါ့နှလုံးသွေးတွေနဲ့ လိမ်းခြယ်ခဲ့တာပါ။
ကောင်မလေးရေ...
ငါ့ရဲ့ အီကွေးရှင်း ပန်းချီကားလေးကို ပိုပြီးသေသပ်လှပအောင် နင့်ရဲ့နားလည်ခွင့်လွှတ်မှု၊ အားပေးမှု၊ အနစ်နာခံမှုတွေနဲ့ ဘောင်ခတ်ခွင့်ပြုခဲ့တဲ့ နင့်ကိုလည်းကျေးဇူးပါ။
မျိုးဇော် (၂၀.၀၇.၁၀)
No comments:
Post a Comment