
ကောင်မလေးရေ…
အရင်က နင်အပင်လေးတွေ စိုက်ဘူးလား။
အခုတော့ နင်နဲ့ငါနဲ့ အမှတ်တရသစ်ပင်လေးတစ်ပင်လောက် စိုက်ကြည့်ကြရအောင်။
သစ်ပင်တစ်ပင်စိုက်ဖို့ဆိုရင် အရင်ဆုံးသစ်စေ့လေး တစ်စေ့လောက်တော့ လိုမယ်ထင်ပါရဲ့နော်။
ပြီးရင်အဲဒီ့သစ်စေ့လေးကို မြေကြီးထဲမှာမြှပ်၊ မြေသြဇာထည့်၊ ရေလောင်း။
ဒါဆိုရင် ပထမဆင့် အပင်လေးတစ်ပင် စိုက်ပျိုးပြီးပြီပေါ့။
ဒါပေမယ့် ဒီအဆင့်လောက်နဲ့တော့ သစ်ပင်တစ်ပင် ဖြစ်လာဖို့ သိပ်မသေချာလှဘူးနော်။
ငါတို့ပျိုးခဲ့တဲ့ သစ်စေ့လေး အပင်တစ်ပင်အဖြစ်ပေါက်ဖွားရှင်သန်လာအောင် နေ့တိုင်းပေါင်းသင်၊ ရေလောင်းပေးရမယ် မဟုတ်လား။ လောင်းရိပ်မမိအောင်ထားဖို့လည်း လိုမယ်ထင်ပါရဲ့။
ဒါတင်ဘယ်ကမလဲ သစ်တစ်ပင်ဖြစ်လာပြီဆိုရင်လည်း အသီးတွေ၊ အပွင့်တွေ၊ အကိုင်းအခက်တွေနဲ့ ဝေဆာနေအောင် ပြုစုစောင့်ရှောက်ပေးဖို့လည်း လိုမယ်ထင်ပါရဲ့နော်။
ကောင်မလေးရေ…
ဘယ်လိုလဲ နင်စိတ်ပျက်သွားပြီလား။ လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ အပင်တွေဒီလောက်များတာ နင့်ကျမှ အပင်တစ်ပင်ဖြစ်ဖို့ ဒီလောက်တောင်ခက်ရသလားလို့လည်း နင် ငါကိုအထွန့်တက်ချင်နေပြီ မဟုတ်လား။
ကောင်မလေးရေ...
လူတစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေ ဖြစ်ကြဖို့ဆိုရင် တစ်ယောက်ကတစ်ယောက်ကို ချစ်ရေးဆို၊ ပြီးရင်ချစ်ရေးဆိုခံရသူက လက်ခံလိုက်ရင်တော့ အဲဒီ့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြရော မဟုတ်လား။ သစ်စေ့လေးကို မြေကြီးထည့်ရေလောင်းတဲ့ အဆင့်ကိုကျော်ပြီးတော့ သစ်တစ်ပင်မပေါက်နိုင်သလိုပေါ့ ကောင်မလေးရေ။
ချစ်သူတွေဖြစ်သွားကြပြီဆိုရင်လည်း ဒီအတိုင်းပစ်ထားလို့မရ။ ချစ်သူနှစ်ယောက်ရဲ့ ချစ်ခရီးအဓွန့်ရှည်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မြင်နေ၊ တွေ့နေရဖို့၊ ချစ်ခင်ကြင်နာနေဖို့ လိုသေးတယ်မဟုတ်လား။ သစ်စေ့လေးကို မြေကြီးထဲမှာ မြှပ်ခဲ့ရုံနဲ့တော့ သစ်တစ်ပင်ဖြစ်လာဖို့ သိပ်မသေချာသလိုပေါ့ ကောင်မလေးရေ။
အပင်တစ်ပင်ပေါက်ဖွားရှင်သန်ရာမှာ လောင်းရိပ်မိတာဟာ အနှောင့်အယှက်တစ်ခု ဖြစ်တတ်သလို၊ ငါတို့နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းမှာလည်း ဘေးပတ်ဝန်းကျင်ကရောက်လာမယ့် အနှောက်အယှက်တွေ၊ ဝေဖန်ချက်တွေကို ဂရုမစိုက်မိဖို့ လိုအုံးမယ်နော်။
အဲ ပြီးရင်တော့ ငါတို့ရဲ့အချစ်သစ်ပင်လေးမှာ အသီးအပွင့်တွေ၊ အကိုင်းအခက်တွေနဲ့ ဝေဆာနေဖို့ မေတ္တာတရား၊ သစ္စာတရားတွေနဲ့ နားလည်ခွင့်လွှတ်မှုဆိုတဲ့ အရာတွေလည်းအများကြီး ဖြည့်ဆည်းပေးဖို့ လိုအုံးမယ် မဟုတ်လား။
ကောင်မလေးရေ...
အခုရော နင်ငါနဲ့သစ်ပင်လေးတစ်ပင် အတူတူစိုက်ကြည့်ချင်သေးရဲ့လား။ လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်လေးတွေကိုမြင်တိုင်း သစ်တစ်ပင်ဖြစ်ဖို့ အရမ်းလွယ်တယ်လို့ နင်ထင်ခဲ့ဘူးပေမယ့် တကယ်တော့ ကိုယ်ကိုတိုင်ပြုစုပျိုးထောင်ကြည့်မှသာ ကိုယ်လိုချင်တဲ့ အပင်တစ်ပင်ရှင်သန်ဖို့ ဘယ်လောက်တောင် အဆင့်တွေကိုဖြတ်ပြီး သန္ဓေတည်မွေးဖွားခဲ့ရတယ်ဆိုတာ နင်သိပြီမဟုတ်လား။ အခုလောက်ဆိုရင် နင်လည်း သစ်ပင်လေးတွေကို တန်ဖိုးထားတတ်လောက်ပြီထင်ပါရဲ့။
ကောင်မလေးရေ...
နင်ဒီစာလေးကိုဖတ်ပြီး သစ်ပင်လေးတစ်ပင်စိုက်ကြည့်ဖို့ ၀န်လေးသွားပြီလား။ ဒါမှမဟုတ်သေးရင်တော့ ငါနဲ့အတူတူ သစ်ပင်လေးတစ်ပင်လောက် ဆက်ပြီးစိုက်ကြည့်ကြရအောင်လား။
လောကကြီး သာယာလှပဖို့ သစ်ပင်တွေလိုအပ်သလို ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေတည်တံ့ဖို့အတွက်လည်း မေတ္တာတရားတွေ အများကြီး လိုအပ်တယ်နော်။
ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေ ကမ္ဘာတည်သရွေ့ တည်တံ့အောင်၊ လောကကြီးကို ကောင်းကျိုးပြုနိုင်အောင်လို့ ငါတို့နှစ်ယောက်လည်း အသက်ရှင်သန်နေတုန်းအချိန်လေးမှာ နှစ်ယောက်အတူ အချစ်သစ်ပင်လေးတစ်ပင်လောက် စိုက်ကြည့်ခဲ့ကြရအောင်လား။
မျိုးဇော် (၂၃.၀၆.၁၀)
No comments:
Post a Comment