My Dreams are my Life, my Heart and my Future!

Friday, January 27, 2012

မုန်တိုင်းမိခြင်း


ကလင်.. ကလင်.. ကလင်
အိပ်မက်များ ဟဲလို...အမိန့်ရှိပါ

ကောင်မလေး ဟုတ်... ဟို..အိပ်မက်များကိုရေးတဲ့ ကိုမျိုးဇော်ဆိုတာ....

အိပ်မက်များ ဟုတ်... အခုပြောနေတာ.. ကျွန်တော်ပါ။

ကောင်မလေး အော်... သမီးက "အိပ်မက်များ"ကို ခဏခဏ၀င်ကြည့်ဖြစ်တဲ့ ပရိသတ်တစ်ယောက်ပါ။ ကိုမျိုးဇော်ရေးတဲ့ ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်စကားပြောဟန်နဲ့ ဇာတ်လမ်းလေးတွေက ဖတ်လို့ကောင်းတယ်... သိလား

အိပ်မက်များ ဟုတ်ကဲ့.. ကျေးဇူးပါ... ဒါပေမယ့် အဲလိုပုံစံမျိုးနဲ့ရေးတာ(၃)ပုဒ်ပဲရှိပါတယ်ဗျာ။ အင်းလျားကျိန်စာ၊ ကြယ်လေးတစ်ပွင့် နဲ့ တစ်ထောင့်လေးရာ ကိုးဆယ့်ကိုး ဟုတ်တယ်ဟုတ်

ကောင်မလေး ဟုတ်... အဲဒီ့ထဲမှာ ကြယ်လေးတစ်ပွင့်ကို အရင်ဖတ်မိပြီး အိပ်မက်များကို အမြဲတမ်းလိုလို ၀င်ကြည့်ဖြစ်သွားတာပါ။ ဒါနဲ့ ကြယ်လေးတစ်ပွင့် နဲ့ တစ်ထောင့်လေးရာ ကိုးဆယ့်ကိုး ကိုတစ်ခြားဘလောဂ်တွေမှာလည်း သူများတွေကသူတို့ရေးသလိုလိုနဲ့ ပြန်ကူးပြီး တင်ထားတာတွေ့ရတယ်နော်။

အိပ်မက်များ ဟုတ်တယ်ဗျ... ကျွန်တော်လည်းနောက်မှသိရတာ... အခုတော့ အဲဒီ့သုံးတဲ့လူတွေနဲ့ အဆက်အသွယ်ရပြီး ပြေလည်သွားပါပြီ။

ကောင်မလေး အော်... ကောင်းပါတယ်.. ဒါနဲ့အဲဒါတွေက ဖြစ်ရပ်မှန်တွေလား...

အိပ်မက်များ ဟဲ ဟဲ... ဒါကတော့ ထင်ချင်သလိုထင်လို့ရပါတယ်... ကျွန်တော့်ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်တွေလို့တော့ ပြောလို့ရတယ်ဗျ...

ကောင်မလေး ဒါနဲ့... အစ်ကိုက အချစ်အကြောင်းတွေလည်း တော်တော်ရေးတယ်ဆိုတော့ မေးရအုံးမယ်.. လူတစ်ယောက်ကိုချစ်ဖို့ဆိုရင် ဦးနှောက်နဲ့ နှလုံးသား ဘယ်ဟာကိုပိုပြီးဦးစားပေးသင့်သလဲဟင်?

အိပ်မက်များ အင်း... ကျွန်တော့်အထင်တော့ အချစ်တစ်ခုဖြစ်ဖို့ နှလုံးသားဆိုတဲ့ ပိုင်းဝေကို ဦးနှောက်ဆိုတဲ့ ပိုင်းခြေနဲ့ စားရမယ် ထင်တာပဲ....

ကောင်မလေး ဟင်... ဘာတွေလည်းဟင်... ညီမတော့ နားမလည်တော့ဘူး

အိပ်မက်များ ဒီလိုဗျာ... နားလည်လွယ်အောင် ဥပမာပြရရင် လူတစ်ယောက်ဆိုတာကို ရွက်လှေကြီးလို့ သဘောထားကြည့်ပေါ့...

ကောင်မလေး လာပြန်ပြီ... ရွက်လှေ.... အစ်ကိုရေးခဲ့ဖူးတဲ့ အရွဲ့တိုက်ခြင်း ကဗျာထဲက ရွက်လှေကြီးလား... ခစ် ခစ်

အိပ်မက်များ ဟာ.. မဟုတ်ဘူးဗျ... ဒါကနောက်ထပ်ရွက်လှေတစ်ခု.. ဟဲ ဟဲ... အဲ ခုနက စကားကိုပြန်ကောက်ရရင် နှလုံးသားဆိုတာက အဲဒီ့ရွက်လှေကြီးမှာပါတဲ့ "ရွက်"ပေါ့ဗျာ။ "ရွက်"ဆိုတာက သိတဲ့အတိုင်း လေတိုက်တဲ့ဘက်၊ လေခေါ်ဆောင်ရာဘက်ကိုလိုက်တယ်ဗျ။ အဲဒီ့နေရာမှ "လေ" ဆိုတာကတော့"အချစ်"ကို ကိုယ်စားပြုတယ်လို့ပဲ ထားလိုက်ပါတော့ဗျာ။ ဒါပေမယ့် အဲဒီ့"အချစ်လေ"တွေက နှလုံးသားဆိုတဲ့ ရွက်ကို ကျောက်ဆောင်တွေ၊ ဒါမှမဟုတ် ကိုယ်ဆိုက်ကပ်ရမယ်လို့ရည်ရွယ်ထားတဲ့ ကမ်းနဲ့ဝေးရာကို ဆွဲခေါ်သွားမယ် ဆိုရင်တော့ ဦးနှောက်ဆိုတဲ့ ပဲ့နဲ့ ဦးတည်ရာလမ်းကြောင်းကို ပြန်ထိန်းရတယ်မဟုတ်လား.. အကျဉ်းချုပ်ပြောရရင်တော့ ရွက်လှေနဲ့တူတဲ့လူတစ်ယောက်ဟာ နှလုံးသားဆိုတဲ့ရွက်ကို အချစ်လေတွေရဲ့ ခေါ်ဆောင်ရာဘက်ကို ရွက်လွင့်ရင်း လမ်းကြောင်းမှားနေတယ်ဆိုရင်တော့ ဦးနှောက်ဆိုတဲ့ ပဲ့နဲ့အလိုက်သင့် ပြန်ထိန်းရတာပေါ့ဗျာ....

ကောင်မလေး အင်း... အစ်ကိုကတော်တော်ပြောတတ်တာပဲနော်... ပေါက်တတ်ကရ

အိပ်မက်များ တကယ်ပြောတာဗျ... အဲဒီ့နေရာမှ ရွက်ကအရမ်းကြီးပြီး ပဲ့ကသေးနေရင်လည်း ပဲ့ကျိုးတတ်တယ်ဗျ.... ပြီးတော့လေတွေအရမ်းကြမ်းနေချိန်မှာ ပဲ့ကိုအရမ်းကြီးထိန်းမိပြန်ရင်လည်း ရွက်ကစုတ်သွားအုံးမယ်... သတိထားပေါ့ဗျာ....

ကောင်မလေး ဒါနဲ့ အစ်ကိုရွက်လှေရဲ့ ရွက်နဲ့ပဲ့ကရော အခြေအနေဘယ်လိုရှိလဲဟင်

အိပ်မက်များ အင်း.. ကျွန်တော်ရွက်လှေကြီးကတော့ ဘ၀ဆိုတဲ့ပင်လယ်ပြင်ကြီးထဲမှာ မုန်တိုင်းမိပြီး ရွက်ရော ပဲ့ရော ကျိုးကြေသွားပြီဗျ... အခုလောလောဆယ်တော့ ရေစုန်မျှောလိုက်နေရတယ်....

ကောင်မလေး အော်.... ဆောရီးနော်.... ဒါနဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် စကားပြောဟန်နဲ့ ဇာတ်လမ်းလေးတွေရှိသေးရင် ထပ်တင်ပေးပါအုံးနော်...

အိပ်မက်များ ဟုတ်... အခုလောလောဆယ်တော့ ခင်ဗျားလေးနဲ့ပြောနေတဲ့ စကားပြောတွေကိုပဲ ပိုစ့်တစ်ခုအနေနဲ့တင်လိုက်တော့မယ်ဗျာ... ဘယ်လိုလည်း ခွင့်ပြုတယ်မလား

ကောင်မလေး ရှင်.....

ပျော်ရွှင်ကြပါစေ
မျိုးဇော်(၁၂.၀၆.၁၀)

မှတ်ချက်။ ။ တကယ့်ဖြစ်ရပ်မှန်မဟုတ်ပါ။ ပိုစ့်တစ်ခုအနေနဲ့ ဖတ်လို့ကောင်းအောင် ဖန်တိးထားသော စိတ်ကူယဉ်ဇာတ်လမ်းသက်သက်သာ ဖြစ်ပါကြောင်း။

No comments:

Post a Comment