ကောင်မလေးရေ...
လူတွေပြောပြောနေကြတာ နင်ကြားဘူးတယ်မလား
ဒီနေ့ကောင်းကင်ကြီးမှာ နေသာနေလိုက်တာ
ဒီနေ့တော့ကောင်းကင်ကြီးမှာ မိုးအုံ့နေတယ်
ဒီနေ့ကောင်းကင်ကြီးမှာ မြုတွေဆိုင်းနေလိုက်တာ
ဒီနေ့တော့ ကောင်းကင်ကြီးမှာ နှင်းတွေဝေနေလိုက်တာ
ဒီနေ့တော့ ကောင်းကင်ကြီးမှာ ကြယ်တွေစုံတယ်
ဒီနေ့ကောင်းကင်ကြီးမှာ လမင်းကြီးသာနေလိုက်တာ
စသဖြင့် စသဖြင့်ပေါ့...
ကောင်မလေးရေ...
တကယ်တော့ ကောင်းကင်ကြီးမှာဘာတွေပဲဖြစ်နေနေ
အဲဒီ့ကြည့်တတ်မြင်တတ်တဲ့သူကသာ
ကောင်းကင်ကြီးကို ချစ်တတ်ခင်တတ်တဲ့စိတ်လေးရှိနေခဲ့ရင်
ကောင်းကင်ကြီးကတော့ အမြဲတမ်းလှပနေမှာပါ။
ကောင်မလေးရေ...
တကယ်တော့ နင်ဟာငါရဲ့ကောင်းကင်ကြီးပါ
ငါကတော့ အဲဒီ့မိုးသားကောင်းကင်အောက်က
ကောင်းကင်ကြီးကိုချစ်တတ်တဲ့ အညတရတစ်ယောက်ပေါ့...။
ကောင်မလေးရေ...
ငါ နင့်ကိုသတိရတဲ့အခါ၊ လွမ်းဆွတ်မိတဲ့အခါ
ကောင်းကင်ကြီးမှာ ဘာတွေပဲဖြစ်နေနေ
မော့မော့ကြည့်ပြီး ပြုံးတတ်တာ
နင်သတိပြုမိရဲ့လား...။
ကောင်မလေးရေ...
တစ်ခါတစ်လေတော့လည်း
ငါအရမ်းကိုအလုပ်တွေရှုပ်နေတဲ့အခါ၊ ပင်ပန်းနွမ်းနယ်နေတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်ဖို့ အခွင့်အရေးမပေးတဲ့အခါမျိုးမှာ
ငါ့ကိုတစ်ချက်လောက် ငုံ့ကြည့်ပေးပါလား။
ကောင်မလေးရေ...
တကယ်တော့ငါဟာ
ကောင်းကင်ကြီးကို မော့ကြည့်ရုံသက်သက်
ချစ်တတ်တဲ့ အညတရလေးတစ်ယောက်ပါ။
မျိုးဇော် (၁၆.၀၆.၁၀)
No comments:
Post a Comment