My Dreams are my Life, my Heart and my Future!

Friday, January 27, 2012

ဘလက်အဲန်ဝှိုက်


တစ်ခါက လမ်းခရီးတစ်ခုမှာ အဖြုရောင်နဲ့ အနက်ရောင်တို့ ဆုံမိကြပါသတဲ့။ အဲဒီ့မှာတင် အဖြုရောင်နဲ့ အနက်ရောင်တို့ဟာ သူတို့ရဲ့ဆန့်ကျင်ဘက်သွင်ပြင် လက္ခဏာပေါ်မှာ သူသာတယ် ကိုယ်သာတယ် ဆိုပြီး အပြိုင်အဆိုင် ငြင်းခုံကြပါသတဲ့။

အဖြုရောင် : ဟေ့ကောင်.. ငမည်း.. မင်းပုံစံက ညစ်တီးညစ်စုတ်နဲ့ အတော်ရုပ်ဆိုးတာပဲနော်။

အနက်ရောင် : အောင်မာ... မင်းကရော ဘာထူးလို့လဲ... ပုံစံကဖြုဖတ်ဖြုရော် လူမမာပုံစံနဲ့။

အဖြုရောင် : ဟေ့ကောင်.. ငါကဖြုစင်ခြင်းကို ကိုယ်စားပြုတာကွ။ ငါကိုအမြဲတမ်းကြည့်လိုက်.. အဖြုရောင်ဆိုတာ သန့်စင်ခြင်း၊ ကြည်လင်ရှင်သန့်ခြင်းကို ကိုယ်စားပြုတယ်ကွ.. ဟဲ ဟဲ။

အနက်ရောင် : ဟား ဟား... မင်းရဲ့အဲဒီ့ ဖြုစင်ခြင်းဆိုတာကြီးက နည်းနည်းလေးစွန်းထင်းလိုက်တာနဲ့ ညစ်နွမ်းသွားရောကွ။ ငါကိုကြည့်ပါလား... အနက်ရောင်ဆိုပေမယ့် တော်ရုံတန်ရုံအစွန်းအထင်းကို ခံနိုင်တယ်ကွ။ ကြည့်လိုက်ရင် အမြဲတမ်းမည်းနက်ပြီး တောက်ပြောင်နေတာပေါ့ကွာ.. ဟင်း ဟင်း

အဖြုရောင် : ဟား ဟား... မင်းဟာဘာထူးမှာလဲကွာ... အညစ်ပေါ်အညစ်ထပ်တာကိုး ဒီလောက်တော့ရှိမှာပေါ့။

အနက်ရောင် : ဟေ့ကောင် မင်းအဲဒီ့လိုမပြောနဲ့ တစ်ချို့အရောင်တွေဆိုရင် နေစားပြီး ဟောင်းနွမ်းသွားလို့ အရောင်တွေလွင့်သွားပြီင်္ဆိုရင် အဖြုရောင် ဖြစ်သွားကြတာကိုရော မင်းဘယ်လိုပြောမလဲ။ တကယ်တော့ အဖြုရောင်ဆိုတာ အပေါစားအရောင်ကြီးပါကွာ။ ဆင်းရဲသားတွေ၊ အကျဉ်းကျနေတဲ့သူတွေ ၀တ်တဲ့အရောင်ကွ။ ငါ့ဆိုရင် မင်းကြည့်လိုက်။ တကယ့်ကို နိုင်ငံနဲ့ယှဉ်တဲ့ အခမ်းအနားပွဲကြီးတွေမျိုးမှာ လူကြီးလူကောင်းတွေ အမြဲတမ်းဝတ်ဆင်ရတဲ့အရောင်လေကွာ။ ဟား ဟား

အဖြုရောင် : အော် အော်.. မင်းကိုညဘက် သူခိုးဂျပိုးတွေအမှောင်ထဲမှာ လူတွေမမြင်အောင် ၀တ်တာကြတော့ ထည့်မပြောဘူးပဲ။ ငါရဲ့အဖြုရောင်က သူတော်ကောင်းတွေက ၀တ်ဖြုစင်ကြယ်အနေနဲ့ ၀တ်တာကွ။ မင်းဘာနားလည်လဲ။

ဒီလိုနဲ့နောက်ဆုံးမှာ အဖြုရောင်နဲ့အနက်ရောင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုရင်း သည်းမခံနိုင်ကြတော့ပဲ ထပြီးတိုက်ခိုက်ကြသတဲ့။ နောက်ဆုံးတော့ အဖြုရောင်ပေါ်မှာ အမည်းရောင်တွေ စွန်းထင်ကျန်ခဲ့ပြီး၊ အနက်ရောင်ပေါ်မှာတော့ အဖြုရောင်တွေစွန်းထင်ခဲ့သတဲ့လေ။
အဲဒီ့မှာသူတို့သတိထားမိကြတာက အဖြုရောင်ပေါ်မှာ အနက်ရောင်တွေရောနှောထားတဲ့ ပုံစံနဲ့၊ အနက်ရောင်ပေါ်မှာ အဖြုရောင်တွေရောနှောထားတဲ့ပုံစံဟာ သူတို့တွေသီးခြားရပ်တည်နေရတာထက် ပိုပြီးလှပနေတယ်ဆိုတာကိုပါပဲ။
ဒီလိုနဲ့နောက်ပိုင်းမှာတော့ အဖြုရောင်နဲ့အနက်ရောင်တို့ဟာ သီးခြားစီမရပ်တည်ကြတော့ပဲ အဆွေခင်ပွန်းတွေ ဖြစ်သွားကြပါသတဲ့။
အလင်းရောင်ရဲ့သင်္ကေတာတစ်ခုဖြစ်တဲ့ အဖြုရောင်ဟာ နေ့ဘက်ကိုကိုယ်စားပြုပြီး၊ အနက်ရောင်ကတော့ လူတွေအိပ်စက်အနားယူဖို့အတွက် ညတစ်ညဖြစ်ခဲ့ရတယ်တဲ့လေ။ ဒီလိုနဲ့ အဖြုရောင်နဲ့အနက်ရောင် (တစ်နည်း) နေ့နဲ့ည ပေါင်းစည်းမိရာကနေ ကျွန်တော်တို့တွေအသက်ရှင်သန်နေထိုင်နေရတဲ့ ရက်တစ်ရက် ဆိုတာဖြစ်လာရတာပါပဲ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသမျှအရာရာတိုင်းဟာ တူတာတွေချည်းမဟုတ်ပဲ ဆန့်ကျင်ဘက်အရာတွေနဲ့ပါ ပေါင်းစပ်ထားကြတာပါ။ ဒါကြောင့်ကိုယ်နဲ့ပုံစံမတူတိုင်း၊ ရပ်တည်ချက်မတူတိုင်း အမုန်းမပွားကြပဲ ကိုယ့်စီပိုင်ဆိုင်ထားတဲ့ သဘာဝကပေးတဲ့အလှတရား တွေနဲ့ လောကကြီးကို အလှဆင်နိုင်ကြပါစေလို့ ...။

မျိုးဇော် (၂၆.၀၆.၁၀)

No comments:

Post a Comment