
ဘ၀ဆိုတဲ့ ဇာတ်ထုပ်ကြီးက တော်တော့်ကိုရှုပ်တယ်။
ခင်ဗျားတို့ကတော့ ဘယ်သိပါ့မလဲ။ ပွဲကြည့်စင်ကနေ နေကြာစိလေးဝါးလိုက်၊ ပေါ့ကွန်းလေးစားလိုက်နဲ့ ဇိမ်ကိုရှိလို့။
တစ်ခါတစ်လေလောက်မှ အိပ်ချင်ပြေလေးထပြီး လက်ခုပ်ကလေးတီးလိုက်ကြ၊ ၀ါးခနဲ့ထရယ်လိုက်ကြ၊ ဟင့်ကနဲမဲ့သွားလိုက်ကြနဲ့။
ကျုပ်မှာတော့ ဖတ်ဖတ်ကိုမောလို့။ မာယာဆိုတဲ့ မိတ်ကပ်တွေကို မျက်နှာမှာ မလိမ်းချင်ပဲလိမ်း၊ ဇာတ်ဆရာခိုင်းတဲ့အတိုင်း မရယ်ချင်ပဲနဲ့ သွားဖြဲပြရ၊ မငိုချင်ပဲနဲ့ မျက်ရည်ကျပြလိုက်နဲ့ တော်တော်မုန်းစရာကောင်းတယ်။
တစ်ခါတစ်လေတော့လည်း စင်ပေါ်ရောက်ချင်တဲ့ကောင် ခံဟဲ့ဆိုပြီး ကိုယ့်ဟာကိုတော့ဆုံးမမိသား။
သူများတွေလိုပွဲကြည့်စင်ကနေ သူများကတာကိုအေးအေးဆေးဆေးထိုင်ကြည့်နေရင် အကောင်းသားလို့လည်း နောင်တရမိပါရဲ့။
ဘာပဲဖြစ်ဖြစ် ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ဆက်ကရမှာပဲ။
ဒါနဲ့ဇာတ်စင်ထောင့်က ဟိုငနဲ့ကိုအရက်တိုက်ပြီး (၁၅)မိနစ်လောက်စောပြီး ပွဲသိမ်းကန့်လန့်ကာချခိုင်းထားတာ ဒီကောင်ကအခုတော့ ဘယ်ချောင်မှာ အမူးလွန်ပြီး သွားအိပ်နေတယ်မသိ။
ဘ၀ဆိုတဲ့အော်ပရာဇာတ်ရှုပ်ကြီးက တော်တော့်ကိုစိတ်ကုန်ချင်စရာ ကောင်းလာပြီ။
ဟား... ဟိုးရှေ့ကလူတစ်ယောက် ငါ့ဆီထလာပါလား။ ဆုတော်ငွေချီးမြှင့်မလို့ထင်ပါရဲ့။
ဟာ ဟာ... ပွဲသိမ်းကန့်လန့်ကာက ဘာလို့ချလိုက်ကြတာတုန်း... ဟိုမှာဆုချမယ့်သူလာနေတယ်လေ။
ဒီလိုပါပဲ ဘ၀ဆိုတာ ဇာတ်သိမ်းချင်တုန်းက မသိမ်းရ၊ ဆက်ကချင်ပြန်တော့ မကရနဲ့ တော်တော်စိတ်ပျက်စရာကောင်းတယ်။
မျိုးဇော် (၂၀.၀၆.၁၀)
No comments:
Post a Comment