My Dreams are my Life, my Heart and my Future!

Friday, January 27, 2012

အညတရနှင့် ကောင်းကင် (၂)


ကောင်မလေးရေ...
ငါငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ပြီးတော့အခုချိန်ထိ ငါ့စိတ်ထဲမှာစွဲကျန်နေတဲ့ ပုံပြင်လေးတစ်ပုဒ် နင့်ကိုပြောပြမယ်နော်။
နေ့အလင်းရောင်မရှိတောတဲ့ ညဘက်တွေမှာ မိုးကောင်းကင်ထက်မှာ လင်းလက်နေတဲ့ကြယ်လေးတွေကို နင် ငေးကြည့်ဘူးတယ် မဟုတ်လား။ အခုငါပြောပြမယ့် ပုံပြင်လေးကလည်း အဲဒီ့ကြယ်လေးတွေအကြောင်းပါပဲ။ ပုံပြင်လေးထဲမှာ ငါတို့မြင်နေရတဲ့ ကြယ်လေးတွေဟာ ခိုကိုးရာအသိုက်အမြုံမရှိတဲ့ အထီးကျန်ဌက်ကလေးတွေ ကောင်းကင်ကြီးပေါ်မှာ မြင့်သထက်မြင့်အောင် မရပ်မနားပျံသန်းရင်း နောက်ဆုံးတော့ သူတို့တွေရဲ့ အတောင်ပံလေးတွေအပူချိန်လွန်ကဲပြီး မီးထတောက်ရာကနေ နောက်ဆုံးမှာ သူတို့တစ်ကိုယ်လုံး မီးကျွမ်းပြီး ကောင်းကင်ကြီးမှာ မှိန်တုတ်မှိန်တုတ်လင်းလက်နေတဲ့ ကြယ်ကလေးတွေ ဖြစ်သွားကြတာတဲ့။ နင်နားလည်အောင်ပြောရရင်တော့ ကောင်းကင်ထက်မှာ ငါတို့မြင်နေတွေ့နေရတဲ့ ကြယ်လေးတွေဟာ တကယ်တော့ အဲဒီ့ဌက်ကလေးတွေ အပျံသန်းလွန်ရာကနေ နောက်ဆုံးတော့သူတို့ရဲ့ အတောင်ပံတွေမီးလောင်ပြီး မီးတောက်တွေကနေ တစ်ဆင့်ထွက်လာရတဲ့ အလင်းရောင်တွေတဲ့လေ။

ကောင်မလေးရေ...
ငါ.. ညကနင့်အကြောင်းတွေ စဉ်းစားပြီး အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ နင်ကလှပတဲ့ မိုးသားကောင်းကင်ကြီးတဲ့လေ။ ငါကတော့အဲဒီ့ကောင်းကင်ကြီးဘေးက ကြယ်လေးတစ်ပွင့်တဲ့။ ငါရဲ့အလင်းရောင်တွေဟာ နင့်ရဲ့နံဘေးမှာ နေမင်းကြီးသာနေချိန်၊ လမင်းကြီးဝင်းပနေချိန်မှာ ကောင်းကင်ကြီးအတွက်ဘာမှ မသုံးမ၀င်ပေမယ့် လမင်းကြီးတွေ၊ နေမင်းကြီးတွေ မရှိတဲ့အချိန်မှာတော့ နင့်ရဲ့မှောင်မိုက်နေတဲ့ကောင်းကင်ကြီးကို ငါရဲ့မှိန်ဖျော့ဖျော့အလင်းရောင်လေးနဲ့ ညရဲ့ကောင်းကင်အလှကို ထိန်ညှိပေးရုံသက်သက်သာ တာဝန်ယူရတဲ့ ကြယ်လေးတစ်ပွင့်တဲ့လေ။

ကောင်မလေးရေ...
တကယ်တော့ ငါဟာကောင်းကင်ကြီးကို မော့ကြည့်ပြီးပြုံးပြတတ်ရုံသက်သက်သာ တတ်နိုင်တဲ့ မိုးသားကောင်းကင်ကြီးအောက်က အညတရလေးတစ်ယောက်ပါ။ တကယ်လို့ နောက်ထပ်တစ်ခါသာ နင့်အကြောင်းတွေကို အခုလိုမျိုး ထပ်မက်ခွင့်ရခဲ့မယ်ဆိုရင် ငါ့ကိုယ်မှာအတောင်ပံတွေတပ်ပြီး နင်ရှိရာကောင်းကင်ကြီးကို အမြန်ပျံသန်းလာခဲ့ချင်ပါတယ်။ ငါရဲ့တောင်ပံတွေမီးကျွမ်းပြီး ကြယ်လေးတစ်ပွင့်မဖြစ်မချင်း အချိန်အထိပေါ့။

ကောင်မလေးရေ...
တကယ်တော့ ငါဟာကောင်းကင်ကြီးနံဘေးမှာ ကြယ်လေးတစ်ပွင့်ဖြစ်ရုံသက်သက်သာ စိတ်ကူးယဉ်တတ်တဲ့ အညတရလေးတစ်ယောက်ပါ။

မျိုးဇော် (၀၇.၀၇.၁၀)

"အညတရ" ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဘာမှန်းမသိသော ကောင်မလေးတစ်ယောက်အတွက်....

No comments:

Post a Comment