My Dreams are my Life, my Heart and my Future!

Saturday, May 22, 2010

ဧည့်သည်



တကယ်တော့...
ငါဆိုတာ လူ့ဘ၀ရဲ့
ဧည့်သည်တစ်ယောက်...

ပုခက်ပေါ်က ခုန်ဆင်း
ခြောက်ပေကျင်းထဲမရောက်ခင်အထိတော့
လောဘ၊ ဒေါသ၊ မောဟတွေနဲ့
ကခုန်လိုက်အုံးမှ...

အော်... မေ့လို့
အမှောင်တွေ မလွန်ခင်
ဘုရားသခင်ဆီတော့ ပြေးပြီး
ဧည့်စာရင်းလေး တိုင်လိုက်အုံးမယ်။

မျိုးဇော်(၁၁.၀၅.၁၀)

Tuesday, May 4, 2010

နွေ မိုး ဆောင်း မေမေ


မေမေရေ...
ပူပြင်းတဲ့ နွေရက်တွေမှာ
မေမေ့ပေါင်ပေါ်ခေါင်းတင်ပြီး
ကြယ်စုံညကောင်းကင်ကို
ကြည့်ခဲ့ဘူးတဲ့ နွေညတွေကို
သားအရမ်းသတိရတယ် မေမေ...

မေမေရေ...
အခုတော့ ပူပြင်းတဲ့ လောကီရက်တွေမှာ
လူတွေရဲ့ မျက်လုံးစူးစူးရဲရဲတွေအောက်က
အဓိပ္ပာယ်အမှန်ကို လိုက်ဖတ်ရတာ
ကြယ်စုံညကောင်းကင်ကို ကြည့်ရတာလောက်
ပျော်စရာမကောင်းဘူး မေမေ...

မေမေရေ...
မိုးတွေစွေနေအောင်ရွာတဲ့ မိုးနေ့တွေမှာ
မေမေ့ရင်ခွင်ထဲခေါင်းထည့်ပြီး
ပြတင်းအပြင်က မိုးရေတွေစီးကျနေတာကို
ကြည့်ခဲ့ရတဲ့ မိုးနေ့တွေကို
သားအရမ်းတမ်းတမိတယ် မေမေ...

မေမေရေ...
အခုသားလျှောက်နေတဲ့ ဘ၀လမ်းခရီးမှာ
လူတွေရဲ့ လောဘ၊ ဒေါသမိုးတွေ
သည်းနေအောင်ရွာနေတယ် မေမေ..
သားဆောင်းထားတဲ့ ခန္ဒီဆိုတဲ့ ထီးလည်း
ဒီမိုးဒဏ်နဲ့ ပေါက်ပြဲကုန်ရပါပြီ မေမေရယ်...

မေမေရေ...
အေးစိမ့်နေအောင် ချမ်းအေးလှတဲ့
ဆောင်းမနက်တွေမှာ အုန်းခွံတွေကို မီးမြိုက်ပြီး
မေမေ့ရင်ခွင်ထဲကနေ မီးလှုံခဲ့ရတဲ့
မြောင်းမြရဲ့ဆောင်းမနက်တွေကို
သားအရမ်းလွမ်းတယ် မေမေ...

မေမေရေ...
အခုတော့ ဥပေက္ခာတရားတွေရွာချထားတဲ့
လူ့ဘ၀ရဲ့ဆောင်းရာသီမှာ
မေတ္တာတရားဆိုတဲ့ မီးလင်းဖိုကို
သားအသည်းအသန်လိုက်ရှာနေရတာ
အေးခဲလှပါပြီ မေမေရယ်...

မေမေရေ...
သားကလေးဘ၀တည်းက မေမေ၀တ်ပေးလိုက်တဲ့
သစ္စာတရားဆိုတဲ့ ဂျာကက်ကြီးက
အရမ်းကိုထူလွန်းလို့ တစ်ခါတစ်လေ
ချွတ်ပစ်ချင်လောက်အောင် ပူလွန်းတယ်မေမေ...

မေမေရေ...
တစ်လမ်းသွားလို့ လူတွေဆိုကြတဲ့
လူ့ဘ၀လမ်းခရီးမှာ တစ်ခါတစ်လေတော့လည်း
မဖြစ်နိုင်မှန်းသိပေမယ့် ဘ၀ဆိုတာကို ဂငယ်ကွေ့ကွေ့ပြီး
အရင်က ကလေးဘ၀ကို သားပြန်သွားကြည့်ချင်တယ် မေမေ...

မေမေရေ...
ဘယ်လိုပဲ နွေမိုးဆောင်းတွေ ပြောင်းနေပါစေ
မေမေကတော့ သားရင်ထဲမှာ ဘယ်တော့မှမပြောင်းလည်းတဲ့
နွေမိုးဆောင်းမေမေပါ မေမေ...
လူ့ဘ၀ရဲ့ နွေမိုးဆောင်းရာသီတွေ
ဘယ်လောက်ပဲ ကြမ်းတမ်းခက်ခဲပါစေ
မေမေရဲ့တုနှိုင်းမဲ့ မေတ္တာတရားတွေနဲ့
သား ဘ၀ခရီးဆက်နေဆဲပါမေမေ...။

မျိုးဇော်(၀၅.၀၅.၁၀)

(၂၀၁၀ ပြည့်နှစ် မေလ(၉)ရက်နေ့တွင် ကျရောက်မည့် အမေများနေ့အတွက် အမှတ်တရ...)

Friday, April 30, 2010

တစ်ထောင့်လေးရာ ကိုးဆယ့်ကိုး


လောကကြီးရှိ လူသားတို့ကြားတွင် ချစ်ခြင်းမေတ္တာများစွာ ရှိကြပါသည်။ အကြမ်းဖျင်းအားဖြင့် မေတ္တာတရားကို (၅၂၈)ဟုခေါ်သော မိဘနှင့်သားသမီးအကြားတွင် ရှိသောချစ်ခြင်း၊ ချစ်သူရည်စားတို့ကြားတွင် ရှိသည့် (၁၅၀၀) ချစ်ခြင်း ဆိုပြီး နှစ်မျိုးခွဲခြားထားကြပါသည်။ လူသားတို့ ကြားတွင် မောင်နှမလိုချစ်ခြင်းမျိုး၊ သူငယ်ချင်းလို ချစ်ခြင်းမျိုး၊ ဆွေမျိုးရင်းချာတွေလို ချစ်ခြင်းမျိုးတွေကိုတော့ (၅၂၈)မေတ္တာတရားအောက်တွင် ထည့်၍ရမည်ထင်ပါသည်။ တစ်ခါတစ်လေတော့လည်း (၅၂၈)ထက်ပိုသော (၁၅၀၀)လည်း မပြည့်သည့် ချစ်ခြင်းမျိုးတွေ လူသားတို့ကြားတွင် ရှိခဲ့ဘူးကြမည် ဆိုရင်ရော သင်တို့လက်ခံကြမှာလား။ အကယ်၍များ အဲဒီ့လိုချစ်ခြင်းမျိုးတွေရှိခဲ့မည်ဆိုရင်ရော အဲဒီလိုချစ်ခြင်းမျိုးကို သင်တို့ဘယ်လိုအမျိုးအစားတွေထဲမှာ ထည့်ချင်ပါသလဲ။ အခုကျွန်တော်ပြောပြမည့် ဇာတ်လမ်းလေးသည် လူသားနှစ်ယောက်ကြားရှိ (၅၂၈)လိုမဖြုစင်သော၊ (၁၅၀၀)လည်း မပြည့်မှီသော ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်မည် ထင်ပါသည်...။


~ အခန်း(၁) ~
(သူငယ်ချင်းများ) ဟဲ့... ကောင်လေး.. ဒီနေ့ပြီးရင် ကျောင်းကြီးက ပိတ်တော့မှာနော်... နင်အခုထိ ကောင်မလေးကို ဖွင့်မပြောသေးဘူးလား?

(ကောင်လေး) အာ... ငါ့မှာ ပြောစရာစကား ဘာမှာမှမရှိတာ.... ဘာကိုဖွင့်ပြောရမှာလဲ?

(သူငယ်ချင်းများ) ဟယ်... နင်တို့နှစ်ယောက်ကတွဲနေကြတာ သမီးရည်းစားတွေ အတိုင်းပဲလေ... အဲဒါနင်တို့ တစ်ယောက်နဲ့တစ်ယောက်စိတ်ဝင်စားနေကြတာ မဟုတ်ဘူးလား?

(ကောင်လေး) အဲလိုလည်းမဟုတ်ရပါဘူးဟာ.. ငါကကောင်မလေးကို ရိုးရိုးလေးပဲ ခင်တာပါ... ညီမလေးတစ်ယောက်လို... သူငယ်ချင်းတစ်ယောက်လို.............

(သူငယ်ချင်းများ) ဟဲ့... သေနာ နင်ကရိုးရိုးလေးခင်နေ... ဟိုမှာ နင်တို့အကြောင်းက တစ်တန်းလုံးပျံ့နေပြီ... ဘယ်လိုလုပ်မှာလဲ... ဟိုကမိန်းကလေးလေ.... သနားပါတယ်....

(ကောင်လေး) .......

(သူငယ်ချင်းများ) ကြာပါတယ်ဟာ... ဒီနေ့ပဲ သူကိုနင်ဖွင့်ပြောလိုက်တော့နော်... ဖိတ်ချင်ဖိတ် ကိုယ့်အိတ်ထဲပဲဖိတ် ရမယ်မဟုတ်လား... အဟီး ...... ဒါမှ ငါတို့လည်း မုန့်စားရမှာ... အဟေး ဟေး....

(ကောင်လေး) ဟာ... ငါ့ရင်ထဲမှာဖွင့်ပြောရအောင်လည်း ဘာမှာမှမရှိတာ.... ဘာပြောရမှာတုန်းဟ... ပြီးတော့ ငါကောင်မလေးနဲ့ အခင်အမင်မပျက်ချင်ဘူးလေ.....

(သူငယ်ချင်းများ) နင်ဟာလေ.... တကယ့်ငကြောင်ပဲ.... စိတ်ပျက်တယ်.....



~ အခန်း(၂) ~
ကန်တော်ကြီးရေရင်ပြင်က တည်ငြိမ်နေသည်။ တစ်ခါတစ်ခါ ကန်ရေပြင်ကိုဖြတ်ပြီး တိုက်ခိုက်လာသော လေပြင်ညှင်းတွေသာ မရှိခဲ့လျှင် ကန်တော်ကြီးတစ်ခုလုံး အသက်မဲ့နေသည်ဟုသာ ထင်စရာရှိပါသည်။ ကန်ရေပြင်ကြီး၏ ဘေးရှိမြက်ခင်းပြင်တစ်ခုပေါ်မှာတော့ ကောင်လေးနှင့်ကောင်မလေးတစ်ယောက် ငြိမ်သက်စွာဖြင့် ကန်ရေပြင်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်ရင်း ထိုင်နေကြပါသည်။ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းမဆိုင်ချင်၍ ကန်ရေပြင်သို့ မျက်နှာလွှဲထားကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မကြာသေးခင်အချိန်ကတော့ ဒီနေရာလေးမှာ သူငယ်ချင်းတွေတစ်ပုံတစ်ပင်ကြီးနဲ့ ဆူညံနေခဲ့သေးသည်။ ဒါပေမယ့် သိပ်မကြာလိုက် သူငယ်ချင်းတွေ အားလုံးကအကြောင်းပြချက်ကိုယ်စီနှင့်ထွက်သွားကြ၍ ဒီနေရာလေးမှာ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်သာ ကျန်ခဲ့ခြင်းဖြစ်ပါသည်။ သူငယ်ချင်းတွေ ဘာကြောင့်သူတို့နှစ်ယောက်တည်းကို ထားခဲ့ပြီး ထွက်သွားတာလည်း ဆိုတာကို ကောင်လေးရော ကောင်မလေးရော သူ့အလိုလိုသဘောပေါက်နားလည်ထားပြီးဖြစ်မည် ထင်ပါသည်။

(ကောင်မလေး) ကောင်လေး... နင့်အဒေါ်ဆေးရုံတက်နေရတာ သက်သာသွားပြီလား?

(ကောင်လေး) အင်း... တစ်ဖြည်းဖြည်းတော့ သက်သာလာပါပြီ....

(ကောင်မလေး) အင်း.........

(ကောင်လေး) ငါလည်းသူ့ကိစ္စတွေနဲ့ ပင်ပန်းနေတာဟ... အခုတစ်လော ခေါင်းထဲမှာ ဘာမှထည့်ထားလို့ မရသလိုဖြစ်နေတယ်....

(ကောင်မလေး) အင်း... ငါနားလည်ပါတယ်........

(ကောင်လေး) ..........

(ကောင်မလေး) ..........

(သူငယ်ချင်းများ) ဟဲ့... နင်တို့နှစ်ယောက်စကားစမပြတ်ကြသေးဘူးလား.... ငါတို့တော့ ဒီ့ထက်ပိုပြီးရှောင်မပေးနိုင်တော့ဘူး... နောက်တစ်ခါ ထပ်ရှောင်ပေးဖို့ဆိုရင်တော့ ဒီအတိုင်းမရဘူးနော်.... ဟဲဟဲ ဒီလောက်တော့ အလိုက်သိတတ်ရမှာပေါ့ဟာ....


~ အခန်း(၃) ~
ကန်တော်ကြီးကန်ပတ်လမ်း တစ်လျှောက်မှာ သူငယ်ချင်းတစ်သိုက် ဆူညံစွာ လမ်းလျှောက်လာကြသည်။ အဲဒီ့အဖွဲ့ထဲမှာပဲ ကောင်မလေးတစ်ယောက်ကတော့ ခေါင်းကိုငုံ့ထားသည်။ ကောင်လေးတစ်ယောက်ကတော့ သူ့ဟာသူပင် မခန့်မှန်းနိုင်သော သက်ပြင်မောတွေထပ်ခါထပ်ခါချရင်း သူငယ်ချင်းတွေနဲ့ လျှောက်လာမိပါသည်။

(သူငယ်ချင်းများ) ဟဲ့.. ကောင်မလေး... ပြောစမ်း... ဟိုငနာက နင့်ကိုဘယ်လိုစကားတွေနဲ့ propose လုပ်လိုက်တာလဲ... ငါတို့သိချင်လို့ပါဟာ... နင်ကလည်း ရှက်မနေပါနဲ့... အချင်းချင်းတွေပဲဟာ.....

(ကောင်မလေး) အင်း.....

(ကောင်လေး) .........

(သူငယ်ချင်းများ) ဟဲ့ နင်တို့နှစ်ယောက်ဘာဖြစ်နေကြတာလဲ....

(ကောင်လေး) ဘာမှမဖြစ်ပါဘူး.... အရင်တိုင်းပါပဲဟာ....

(သူငယ်ချင်းများ) ဘာလဲဟ... အရင်တိုင်းဆိုတာ..... ဘာလဲ ဟိုဟာမလေးက နင့်ကိုငြင်းလိုက်လို့လား... အင်း ဖြစ်နိုင်တယ်... ဖြစ်နိုင်တယ်... နင့်လိုကောင်မျိုးကို မိန်းကလေးတိုင်းက ငြင်းမှာပဲ... ဟား ဟား ဟား
ဟဲ့ ကောင်မလေး... ဟုတ်တယ်မလား....

(ကောင်မလေး) ..........

(ကောင်လေး) အင်း... ဟုတ်တယ်.... သူငါ့ကို ငြင်းလိုက်.... တယ်.....

(သူငယ်ချင်များ) ဟဲ့ တကယ်လား.... ကောင်လေး... ငါတို့ကိုမနောက်နဲ့နော်.... ဒီနေ့ပြီးရင် ငါတို့သူငယ်ချင်းတွေနောက်ဘယ်တော့ပြန်ဆုံရမယ်ဆိုတာ မသိနိုင်တာဟာ... နင်အဲလို ငါတို့ကို ကျီစားဖို့မကောင်းပါဘူး.....

(ကောင်လေး) နင်တို့မယုံရင် ကောင်မလေးကို မေးကြည့်ပေါ့...

(သူငယ်ချင်းများ) ဟဲ့... ကောင်မလေး... ဟုတ်လား.... ဟုတ်လားလို့မေးနေတယ်လေဟာ

(ကောင်မလေး) .......

(သူငယ်ချင်းများ) ကောင်မလေးရယ်... နင်ကောင်လေးကို အဲလိုလုပ်ဖို့တော့ မကောင်းပါဘူးဟာ.....

(ကောင်မလေး) ........

(ကောင်လေး) ဟုတ်တယ်.... သူ့မှာ အိမ်ကစေ့စပ်ပေးထားတဲ့ သူရှိတယ်တဲ့....

(သူငယ်ချင်းများ) ဟယ်.... တကယ်?


~ အခန်း(၄) ~
ကောင်လေး ကောင်မလေးကိုအခုလို သူမအိမ်ပြန်ဖို့အတွက် စောင့်စီးရသောဘတ်စ်ကားဂိတ်အထိ လိုက်ပို့ပေးတာ အခုချိန်က နောက်ဆုံးအခွင့်အရေးတစ်ခုဖြစ်နိုင်ပါသည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ ပူပြင်းမှုကို သရဖူဆောင်းထားသော နွေနေပူက ကောင်လေးနှင့်ကောင်မလေးနှစ်ယောက်ကြားရှိ အပူအပင်တွေကိုတော့ မှီနိုင်မည်မထင်ပါ။

(ကောင်မလေး) ကောင်လေး.....

(ကောင်လေး) အင်း.....

(ကောင်မလေး) နင်ဘာလို့ သူငယ်ချင်းတွေကို လိမ်ပြောလိုက်ရတာလဲ?

(ကောင်လေး) ငါလည်း သူငယ်ချင်းတွေကို နောက်ဆုံးလမ်းခွဲခါနီးမှာ လိမ်မပြောချင်ပါဘူးဟာ... ဒါပေမယ့်...

(ကောင်မလေး) ဒါပေမယ့်... ဘာလဲ.. ငါ့အတွက်လို့ နင်ပြောမလို့မလား.... မလိုပါဘူးဟာ.... အခုငါ့ရင်ထဲမှာ ဘာဆိုဘာမှမလိုချင်တော့ပါဘူး... ကံတရားတစ်ခုအတိုင်းပေါ့....

တကယ်တော့ အဲဒီ့နေ့က ကောင်လေးက ကောင်မလေးကိုသူ သူမကိုချစ်နေကြောင်းဖွင့်မပြောခဲ့သလို၊ ကောင်မလေးကလည်း ကောင်လေးကို ယင်းကိစ္စများနှင့် ပတ်သက်ပြီး ဘာစကားမှတစ်စွန်းတစ်စမပြောခဲ့ပါ။

ညီမလေးတစ်ယောက်လို တန်ဖိုးထားသော၊ သူငယ်ချင်းတစ်ယောက်လို ခင်စရာကောင်းသော ကောင်မလေးကို ကောင်လေးအမှန်ပင် တွေ့စကစိတ်ဝင်စားခဲ့ပါသည်။ ဒါပေမယ့် ချစ်သူတွေဖြစ်ရလောက်တဲ့အထိတော့ ရင်မခုန်ခဲ့တာကို ကောင်လေးလည်း နောက်မှကိုယ့်ကိုကိုယ်နားလည်လာသည်။ ဒါပေမယ့် အဲဒီ့အချိန်မှာ ကောင်မလေးကလည်း ကောင်လေးအပေါ်မှာ မချည်နှောင်သင့်သော သံယောဇဉ်တစ်စက ရစ်ပတ်ပြီးသည့် အချိန်ကာလတစ်ခုသို့ ရောက်နေပါပြီ။ ဒါပေမယ့် နောက်ဆုတ်လို့ရသေးသည့် အချိန်မလွန်သေးသော ကာလတစ်ခုမှာပဲ ကောင်လေး ကောင်မလေးကို ချစ်သူတွေအဖြစ်သို့ မရောက်ရန် အပြုမူတွေကို ပြင်ဖို့ဆုံးဖြတ်ခဲ့ပါသည်။ ကောင်မလေး၏ မိန်းကလေးတစ်ယောက်မှာ ရှိရမည့် သိက္ခာတရားတစ်ခုအတွက် ပါပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ကောင်လေး၏ ကောင်မလေးအပေါ်တွင်ထားသော ချစ်ခြင်းသည် (၅၂၈)လို မဖြုစင်သောလည်း (၁၅၀၀)လိုမညစ်နွမ်းသေးသော ချစ်ခြင်းတစ်ခုဖြစ်မည်ထင်ပါသည်။ နှလုံးသားနှင့်ရင်း၍မရသော ဥဏှောက်၏အသိကသာ လက်ခံသော ချစ်ခြင်းမျိုးသည် ယင်းသက်ဆိုင်ရာ ပုဂ္ဂိုလ်အပေါ်တွင် အချိန်ကာလတစ်ခုတွင် အဆိပ်ခပ်သလို ဖြစ်စေတတ်သည်ဆိုတာကို ကောင်လေးနာလည်ထားပါသည်။ ထို့ကြောင့်လည်း အချိန်တွေမလွန်ခင်မှာပဲ ကောင်လေးအရာအားလုံး (သူငယ်ချင်းဆိုသော ဆက်ဆံရေး) ကိုပါစွန့်လွန့်ခဲ့ရပါသည်။ အရမ်းခင်စရာကောင်းသော နှစ်လိုဖွယ်ကောင်မလေး တစ်ယောက်ကို ကောင်လေးစွန့်လွှတ်ခဲ့ရခြင်းသည် တကယ်တော့ ကောင်လေးအတွက် မဟာစွန့်စားခန်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ အကယ်၍ ယခုလိုချစ်ခြင်းမေတ္တာမျိုးကို လူသားတွေတိုင်းတာနေကြသည့် စံချိန်စံညွှန်းတစ်ခုနဲ့ တိုင်းတာမည်ဆိုပါလျှင် (၁၅၀၀) ပြည့်ရန် တစ်မှတ်သာလိုသော (၁၄၉၉) ဟု သတ်မှတ်နိုင်မည် ဟုထင်ပါသည်။ ဒါပေမယ့် အဲဒီ့အမှတ်တစ်မှတ်ပြည့်မှိဖို့ကို မည်သို့ဖြည့်စွက်ရမည် မသိသောကောင်လေးကတော့ အရမ်းခင်စရာကောင်းသော ကောင်မလေးကို အမှတ်တစ်မှတ်၏ တန်ဖိုးနှင့်ပင် သူ့ဘ၀တစ်ခုလုံးကနေ ထာဝရစွန့်လွှတ်ခဲ့ရပါတော့သည်။


လူသားတိုင်း ဖြုစင်အေးမြတဲ့ (၅၂၈)မေတ္တာကို ပိုင်ဆိုင်ခွင့်ရနိုင်ကြသလို မိမိချစ်တဲ့သူနဲ့ပါ (၁၅၀၀)ပြည့်မှီတဲ့ အချစ်တစ်ခု ပိုင်ဆိုင်နိုင်ကြပါစေ.....

မျိုးဇော်(၃၀.၀၄.၁၀)

ရိုးရိုးလေး...


(၁)
ကောင်မလေးရေ...
အပြာရောင်ကောင်းကင်ကြီးနဲ့
အ၀ါရောင်တိမ်တိုက်တွေ တွန်းတိုက်မိတဲ့
အခုသော sunday မှာ
ငါတို့ တွေ့ဆုံခဲ့ကြတယ်နော်...

ကောင်မလေးရေ...
နင့်ရဲ့ဆံနွယ်တစ်ချို့ ငါ့ရင်ခွင်မှာ
"ရင်ခ"ခဲ့တဲ့ တစ်ခုသောနေ့လေးမှာ
ငါတို့ ချစ်သူတွေဖြစ်ခဲ့ကြတယ်နော်...
အဲဒီ့နေ့က နှင်းဆီတွေ ဆူးမထွက်ခဲ့ကြဘူးတဲ့။

ကောင်မလေးရေ...ငါတို့တွေ
ရိုးရိုးလေးပဲ ချစ်ခဲ့ကြတာပါနော်......

(၂)
ကောင်မလေးရေ...
ပုဇွန်ဆီရောင်ကောင်းကင်ကြီးနဲ့
အညိုရောင်တိမ်တိုက်တွေ တွန်းတိုက်မိတဲ့
တစ်ခုသော sunday မှာ
ငါတို့တွေ ဝေးခဲ့ကြရတယ်နော်

ကောင်မလေးရေ...
လူတွေကပြောတယ်
အဲဒီ့နေက စံပယ်ဖြုတွေပွင့်ခဲ့ကြတယ်တဲ့
ဒါပေမယ့် ငါတော့ဘာရနံ့တစ်ခုမှ မရခဲ့ပါဘူး။

အဲဒီ့နေ့က...
ငါတို့တွေ ရိုးရိုးလေးပဲ...
ဝေး.. ဝေးခဲ့ကြတာပါဟာ... နော်

မျိုးဇော် (၂၉.၀၄.၁၀)

ဒေဝေါကြီးရေ မလာပါနဲ့


၁၉၉၁ ခုနှစ်၊ တစ်ခုသော မေလဆန်းပိုင်း နေ့တစ်နေ့

အိမ်အပြင်ဘက်မှာ မိုးရိပ်တွေမြင်တော့ ကျွန်တော်အလွန်ပျော်ပါသည်။ ဘာကိုပဲမြင်မြင်ပျော်စရာဟုသာ
ထင်နေသေးသော အပူအပင်ဆိုတာဘာမှန်းမသိသေးသည့် ကလေးဘ၀ပဲမဟုတ်လား။ မိုးရိပ်တွေမြင်တာနဲ့ ကျွန်တော်လည်းအားရ၀မ်းသာအပြင်ပြေးထွက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်မိသည်။ ကျွန်တော်တို့မြို့လေး၏ အနောက်တောင်ထောင့်ဆီမှာ မိုးသားမိုးလိမ့်တွေမည်းနေသည်ပဲ။ ဒါဆိုရင်မကြာခင်မိုးရွာတော့မည်။ မိုးမရွာခင်တိုက်ခတ်လာသော လေပြေတွေကြားမှာ အမိုးအကာပါမလာသူ လမ်းသွားလမ်းလာများကလည်း မိုးမရွာခင်သူတို့လိုရာခရီးရောက်ဖို့ ခြေကုန်သုတ်နေကြသည်။ အမေကတော့သူလှမ်းထားသော အ၀တ်အစားများမိုးစိုကုန်မည်စိုး၍ အပြေးအလွှားလိုက်ရုတ်နေသည်။ အဖွားကတော့ မိုးဦးလေဦးအချိန်မှာ လေပြင်းတွေတိုက်တတ်၍ အပြင်မထွက်ရန် ကျွန်တော့်ကိုအော်ပြောသည်။ ကျွန်တော်ကတော့ မကြာခင်မိုးရွာပါက မိုးရေထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ဘောလုံးကန်ရင်ကောင်းမလား၊ ဒါမှမဟုတ်တစ်ယောက်ထဲ လမ်းထဲမှာလျှောက်ဆော့ရလျှင်ကောင်းမလားဆိုတာကိုသာ ဝေခွဲမရဖြစ်နေသည်။ အဖွားပြောနေသော စကားတွေကိုခေါင်းထဲမထည့်အား။ အလွန်ပူလောင်သော နွေရာသီကိုဖြတ်သန်းလာရတာကြာပြီမို့ အခုလိုမိုးကြိုကာလမှာ မိုးသားမိုးလိမ့်တွေမြင်လျှင် ပျော်ကြရွှင်ကြတာ ကျွန်တော်တစ်ယောက်တည်းတော့ဟုတ်မည်မထင်ပါ။

ဆန်ရေစပါးကိုတိုင်း၏ အဓိကစီးပွားရေးအနေဖြင့်မှီခိုအားထားနေရသော ကျွန်တော်တို့၏ မြစ်ဝကျွန်းပေါ်ဒေသလေးရှိ တောင်သူလယ်သမားတွေကလည်း မိုးကိုမျှော်နေကြတာ ကြာလှပြီထင်ပါသည်။ နွေရာသီ၏ပူပြင်းမှုနှင့် ရေပြတ်လပ်မှုဒဏ်ကြောင့် ၄င်းတို့စိုက်ပျိုးထားသော သီးနှံတွေဖြစ်ထွန်းဖို့အတွက် သဘာဝတရားကဖန်တီးပေးထားသော မိုးရာသီကိုသာ အများဆုံးအားထားကြရသည်မဟုတ်လား။ အရေးကြီးတာက မိုးတွေအဆက်မပြတ်ပြင်းထန်စွာရွာပြီး လေပြင်းတွေကြောင့် သီးနှံတွေမဆုံးရှုံးရဖို့ပဲဖြစ်သည်။ လောကကြီးမှာ ဘာပဲဖြစ်ဖြစ်အစွန်းရောက်တရားတွေ လွမ်းမိုးနေရင် ပျက်စီးဆုံးရှုံးမှုတွေ များတတ်သည်မဟုတ်လား။

ဒီနေ့မိုးတွေစရွာပေမယ့် အဖွားကကျွန်တော့်ကို အပြင်သို့ပေးမထွက်။ အခုမှစရွာသောမိုးက လူတွေကိုဖျားစေတတ်သည်၊ မျက်စိနာတတ်သည်၊ ပြီးတော့မိုးဦးလေဦးမို့ လေပြင်းတွေကြောင့်သစ်ကိုင်းများကျိုးကြတတ်သည်၊ လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျတတ်သည်ဆိုသော သူမရှည်လျားစွာ ဖြတ်သန်းလာခဲ့ရသော လူ့ဘ၀ခရီးရှည်ကြီးမှ အတွေ့အကြုံပေါင်းများစွာဖြင့် ကျွန်တော့်ကိုတားမြစ်သည်။ ကျွန်တော်ကတော့ အဆော့မက်သောကလေးဘ၀ပဲမို့ မိုးရေထဲထွက်ဆော့ဖို့လောက်ကို အားသန်နေပြီး အဖွားပြောပြသော အရာတွေကို ခေါင်းထဲမထည့်အား။ နောက်ဆုံးအပြင်မထွက်ရတော့ အာခေါင်ခြစ်ပြီးအော်ငိုသည်။ အမေကတော့ နင်အပြင်ထွက်ရင် ဒေဝေါကြီးကိုက်လိမ့်မယ်ဟု ကျိမ်းသည်။ ဒီတော့အဖေက ကလေးကိုဆိုဆုံးမပါက မိမိပြောလိုသည်ကို လက်ခံလာအောင်ပြောရန်၊ ဒါမှမရလျှင်နောက်ဆုံး ရိုက်နှိက်ဆုံးမလိုလျှင်ဆုံးမရန်နှင့် ကလေးကိုတသက်လုံးလူရာမ၀င်ဖြစ်စေတတ်သည့် အကြောက်တရားများနှင့် မခြောက်လှန့်ရန် အမေ့ကိုပြောသည်။ ကျွန်တော်တို့မြန်မာလူမျိုးများ၏ အကျင့်တစ်ခုက ကလေးများကို ပြောဆိုဆုံးမ၍မရပါက မိမိပင်တစ်ခါမှ မမြင်ဘူး မကြားဘူးသော နာနာဘာဝများ၊ စကားဆန်းများနှင့် ခြောက်လှန့်တတ်ကြသည်မဟုတ်ပါလား။ အမှန်တကယ်တော့ ယင်းသို့ခြောက်လှန့်မှုများကြောင့် ကလေးများက လူကြီးမိဘများ၏ ပြောစကားများကို နာခံလာမည် ဆိုရင်တောင်မှ ၄င်းတို့အရွယ်ရောက်လာသည့် အချိန်တွင် ယင်းအကြောက်တရားဆိုသည့် အကျင့်ဆိုးကြီးက တွဲကပ်ပါလာပြီး လူတန်ဖိုးတစ်ခုကို အခြေအနေတစ်ခုထိဆွဲချတတ်ပါသည်။ တကယ်တော့ အကြောက်တရားသည် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် သို့မဟုတ် နိုင်ငံတစ်ခုကို တည်ထောင်ရာတွင် အကျိုးယုတ်စေတတ်သည်မဟုတ်ပါလား။

မိုးကဒီနေ့မှစရွာသည်ဆိုပေမယ့် မိုးဦးလေဦးမို့လေအနည်းငယ်ပါသလို မိုးကလည်းတော်တော်နှင့်မစဲ။ နောက်ဆုံးအိမ်တံခါးမကြီးကိုပိတ်ပြီး အိမ်တွင်ရှိသည့်ထမင်းနှင့်ဟင်းကိုဖြစ်သလိုစားရင်း အဖေနားထောင်နေသော လိုင်းသိပ်မမိသည့် ရေဒီယိုအိုကြီးဆီမှ ကျွန်တော်တစ်ခါမှမကြားဘူးသော နိုင်ငံတစ်ခုမှ မုန်းတိုင်းတိုက်ခိုက်သွား၍ လူတွေသေကြပုံ ဒုက္ခရောက်ကြပုံကို နားထောင်နေမိသည်။ အဖွားကတော့ လေကြီးမိုးကြီးတွေတိုက်ခိုက်မည်စိုး၍ ကျွန်တော့်ကိုသင်ပေးဘူးသော သဗ္ဗုဒ္ဒေဂါထာတော်ကြီးကို ပါးစပ်ကတစ်တွတ်တွတ်ရွတ်နေသည်။ ကျွန်တော်ကတော့ အဖွားရွတ်နေသော ဘုရားစာနှင့် အဖေနားထောင်နေသော ကျွန်တော်မသိသောနိုင်ငံခြားတိုင်းပြည်တစ်ခုမှ မှန်းတိုင်းသတင်းကို နားစွင့်ရင်း အမေပြောသော ဒေဝေါဆိုသည့်အကောင်ကြီးကို စိတ်ကူးပုံဖော်ကြည့်နေမိပါတော့သည်။

*****

၂၀၀၈ ခုနှစ်၊ မေလ(၂)ရက်

ဒီနေ့ကျွန်တော့်အလုပ်က ညနေအဆိုင်းမို့ နေ့လည်(၂)နာရီလောက်မှာ အိမ်ကထွက်ခဲ့သည်။ မနေ့ကမိုးတွေအဆက်မပြတ်ရွာ၍ ရန်ကုန်မြို့လည်ခေါင်မှာတောင် ရေတွေက ခြေသလုံးမြုပ်နေပြီ။ ဒါပေမယ့် ဒီနေ့ကျတော့မိုးကစဲသွား၍တော်သေးသည်။ ရန်ကုန်မြို့ကြီး၏ ကောင်းကင်တစ်ခုလုံးမှာလည်း ကြည်လင်နေသည်။ ဒါဆိုရင်ဟိုနေ့ကကြားလိုက်ရသော မုန်တိုင်းကပြီးသွားပြီထင်သည်။ ဒါပေမယ့်ရုံးရောက်တော့ ဟိုမှသည်မှပြောနေကြသော မုန်တိုင်းသတင်းကိုပြန်ကြားလာရသည်။ ကျွန်တော်တို့ရုံးမှာတောင် Cyclone Alert လုပ်ထားသည်တဲ့။ ကျွန်တော်ကတော့ အရင်ကလည်းဒီလိုပဲ မိုးဦးလေဦးတွေမှာ မြန်မာနိုင်ငံကို မုန်တိုင်းတွေအဖျားခတ်ရိုက်တတ်ပြီး ပျက်စီးမှုကလည်း ဆိုရုံမျှနှင့်ပြီးသွားတတ်သည်မို့ သိပ်ပြီးဂရုမစိုက်မိ။ မုန်တိုင်းတကယ်ဝင်ခဲ့လျှင်တောင် ရခိုင်ဘက်ကစစ်တွေဘက်လောက်မှာပင် မြန်မာပြည်ကနေပြန်ထွက်သွားနိုင်သည်ဟု ကျွန်တော်ထင်သည်။ ရန်ကုန်မြို့၏ ညနေခင်းကောင်းကင်ကြီးကလည်း ကြည်လင်နေသည်မဟုတ်ပါလား။ တစ်ခါတစ်ခါလေပွေတစ်ချို့လောက်သာတိုက်ခတ်တတ်ပြီး အရင်နေ့တွေကလို မိုးစက်မိုးပေါက်တွေတောင်မရွာတော့သည်မို့ ရာသီဥတုကသာယာနေသည်ဟုပင်ပြောနိုင်သည်။ ဒါပေမယ့်ရာသီဥတုသာယာနေသည်ကို ကျွန်တော်ကြာကြာပင်မခံစားလိုက်ရ။ နိုင်ငံခြားတီဗီရုပ်သံတစ်ခုမှ မုန်တိုင်းသတင်းက မြန်မာနိုင်ငံတောင်ပိုင်းဒေသသို့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဝင်လာနေသည်ဟု သတင်းတွေစကြားလာရသည်။ ညနေ(၆)နာရီလောက်မှာတော့ သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှလှမ်းပို့သော အီးမေလ်တစ်စောင်မှာတော့
“ > နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည်။
> ခန့်မှန်ချက်အရ ဒီနေ့မနက် ၇နာရီတွင်မော်တင်စွန်းသို့ စတင်ဝင်ရောက်မည်။ ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည်။
>ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိ ညက်ညက်ကြေသွားနိုင်သည်။
> ရန်ကုန်တွင် လေပြင်းတိုက်က ဆိုင်းဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည်။
> မုန်တိုင်းသတင်းကိုဒီနေ့တောက်လျှောက် စောင့်ကြည့် ပေးကြပါ။ လက်ဆင့်ကမ်းပေးကြပါ။
> မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ။ ပိုပြီးအားကောင်းလာနေပါသည် အရှေ့ဘက်သို့ လျှင်မြန်စွာ ရွေ့နေသည်။
> နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်းကြီးကျွန်းအနီးမှဖြတ်မည်။
> လေတိုက်နှုန်း တနာရီ မိုင်၆၀ကျော်မည်။
> မုန်တိုင်းဗဟိုနှင့် အနီး မိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်။
> မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ။ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ်။
> လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေကမုန်တိုင်အကြာင်မယုံကြပါ
>မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်းလမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်းကူဖုန်းဆက်ပေးကြပါအုံး။” ဟူ၍ဖြစ်သည်။

ဒီနောက်ပိုင်းမှာတော့ မုန်တိုင်းသတင်းကို လူတွေပိုပြီး သတိထားမိလာကြသည်။ ရုံးမှလူတွေ သက်ဆိုင်ရာအိမ်တွေဆီဖုန်းတွေဆက်ကြသည်။ အပြင်မှ မိသားစုဝင်တွေဆီမှလည်း မုန်တိုင်းအကြောင်းကို သတင်းအနေနဲ့ရော ကောလဟာသအနေနဲ့ရော ဖုန်းတွေဝင်လာသည်။ ကောလဟာသတွေက ရန်ကုန်မင်္ဂလာဒုံဘက်ကိုတောင် မုန်တိုင်းကစ၀င်လာပြီဟုဆိုသည်။ ရန်ကုန်မှာမိုးဆိုရုံလောက်လေး ရွာပြီးရပ်သွားပြန်သည်။ လေအနည်းငယ် တစ်ခါတစ်လေတိုက်တာကလွဲလျှင် အခြေအနေကပုံမှန်ဖြစ်နေသည်။

ကျွန်တော်ရုံးကပြန်ဖို့လုပ်တော့ ည (၁၂)နာရီထိုးခါနီးနေပြီ။ ရန်ကုန်မြို့၏ ကောင်းကင်ကြီးကလည်း ကြည်လင်နေသည်မို့ မုန်တိုင်းကအားပျော့ပျက်ပြယ်သွားပြီလားမသိ။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံက သဘာဝဘေးအန္တာရာယ်တွေနဲ့ပတ်သက်လျှင် ပထ၀ီအနေအထေားအရ ဘေးအကင်းဆုံးနိုင်ငံပေပဲ။ ရုံးကအပြန်အတော်ပျော်စရာကောင်းသည်။ ကောင်းကင်ကြီးတစ်ခုလုံးက ကြည်လင်နေပြီး အင်လျားလမ်းတစ်ခုလုံးမှ သရက်ပင်တွေ၊ အုန်းပင်တွေဆီမှ သရက်သီးတွေ၊ အုန်းသီးတွေကကြွေကျနေသည်။ ဖယ်ရီကားပေါ်က တစ်ချှိုဝန်ထမ်းတွေက ကားပေါ်မှဆင်းပြီး သရက်သီးတွေ၊ အုန်းသီးတွေကောက်ကြသည်။ ကျွန်တော်အိမ်ပြန်ရောက်တော့ ည(၁၂)နာရီကျော်သွားပြီ။ လူခြေတိတ်ချိန်လေပြင်းတစ်ချက်တိုက်လိုက်သောကြောင့် အိမ်တစ်ခုမှပြတင်းပေါက်မှန်တစ်ခု ကျကွဲသံကြားလိုက်ရသည်။

*****

၂၀၀၈ခုနှစ် မေလ(၃)ရက်

ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်ရှိလူများ ဘယ်သူမှမအိပ်ကြသေး။ သူတို့အားလုံးလည်း မုန်တိုင်းသတင်းကို ကြားပြီးသားမို့အိပ်နိုင်ကြသေးပုံမရ။ ညဉ့်နက်သည်နှင့် လေတိုက်နှုန်းကလည်းတစ်ဖြည်းဖြည်းပြင်းလာသည်။ ကျွန်တော်လည်း မျက်စိကျယ်နေ၍ အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်နေလိုက်သည်။ လျှပ်စစ်မီးများဖြတ်တောက်ထား၍ ရန်ကုန်မြို့လမ်းမကြီးများက မှောင်မည်းတိတ်ဆိတ်ငြိမ်သက်နေသည်။ တစ်ဖြည်းဖြည်းနဲ့ လေပြင်းတွေကြားမှာ လေချွန်သံလိုအသံတွေပါ ပါလာသည်။ မနက်မိုးလင်းခါနီးတော့ ကျွန်တော်မှေးကနည်းအိပ်ပျော်သွားသည်။ သိပ်မကြာလိုက် ကျွန်တော်အိပ်နေသော အိပ်ရာကယိမ်းထိုးသလိုဖြစ်နေ၍ လန့်နိုးလာတော့ မနက်(၇)နာရီကျော်နေပြီ။ ဒီအချိန်မှာပဲ ရန်ကုန်မြို့၏ မုန်တိုင်းအခြေအနေက အထွဋ်အထိပ်သို့ရောက်နေပြီထင်သည်။ ကျွန်တော်တို့ အထပ်မြင့်တိုက်တွေပေါ်မှနေ၍ လမ်းတစ်ချို့ရှိသစ်ပင်ကြီးတွေပြိုလဲနေတာကို မြင်နေရသည်။ မိုးနှင့်လေစဲသွားသော နေ့လည်(၁)နာရီလောက်အချိန်တွင် ကျွန်တော်လှည်းတန်းလမ်းဆုံဘက်သို့ထွက်ဖြစ်သည်။ ဒီတော့မှပဲ မုန်တိုင်းဆိုတာဂျိုနဲ့လားဟု မေးရလောက်အောင် ဖြစ်ခဲ့ကြသော ကျွန်တော်တို့တွေအတွက် မုန်တိုင်းရိုက်ခတ်မှု၏ ဆိုးရွားမှုအခြေအနေတွေကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသည်။ လှည်းတန်းလမ်းဆုံရှိ ကြော်ငြာဆိုင်းဘုတ်ကြီးများ၊ နှစ်ရှည်သစ်ပင်ကြီးများ၊ ဓါတ်တိုင်များအားလုံးလိုလိုပြိုလဲနေသည်။ တစ်ခြားနေရာတွေမှာရော ဘာတွေဖြစ်ကုန်ပြီလဲ။ လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်းနှင့် အင်တာနက်လိုင်းတွေ ကတော့အားလုံးပြတ်တောက်ကုန်ပြီ။ အိမ်အတွက်စားစရာတစ်ချို့ဝယ်မည်လုပ်တော့ ဆိုင်တွေကလုမှာယှက်မှာကြောက်၍ဆိုပြီး ပိတ်ကုန်ကြပြီ။ ဖွင့်ထားသောတစ်ချို့ဆိုင်တွေကလည်း ပစ္စည်းကိုလိုသလောက်ဝယ်မရတော့။ ရသောပစ္စည်းတွေကလည်း ကာလတန်ဖိုးထက် နှစ်ဆနီးပါးဖြစ်နေသည်။ ညဘက်ရေဒီယိုကို ဖွင့်ကြည့်လိုက်တော့ ကျွန်တော်တို့ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေ၊ ရွာတွေအတော်များများ နာဂစ်ဒဏ်ခံလိုက်ရသည်တဲ့။ တစ်ချို့ရွာလေးတွေဆိုရင် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပြီတဲ့။ အသေအပျောက်ကလည်း မခန့်မှန်းနိုင်သေး။ ကျွန်တော် ကျွန်တော့်မြို့လေးဆီသို့ ဖုန်းလှမ်းဆက်ပေးမယ့် ဆက်၍မရတော့....။

*****

၂၀၁၀ ပြည့်နှစ် ဧပြီလ(၂ရ)ရက်

ဒီနှစ်နွေကစံချိန်တင်လောက်အောင်ကို အတော်ပူသည်။ အရိပ်ရသစ်ပင်ကြီးတွေရှားသွားသော ရန်ကုန်မြို့ရှိ လမ်းတွေမှာ ရနိုင်သမျှအရိပ်အာဝါသကို ကျွန်တော်အမှီပြုရင်း လျှောက်လာမိသည်။ သင်္ကြန်ပြီးသွားလို့ ကဆုန်လတောင်ရောက်နေပြီဆိုပေမယ့် အခုထိရန်ကုန်မှာ မိုးမမြင်ရသေး။ နာဂစ်ဖြစ်ပြီးနောက်ပိုင်းကျတော့မှ ကျွန်တော်တို့မြန်မာပြည်သူတွေလည်း သဘာဝတရားကြီး၏ ယိုယွင်းပျက်ဆီးလာမှုကို ပိုပြီးသတိထားမိလာကြသည်။ အနောက်နိုင်ငံရှိ မီဒီယာတွေမှာ နှစ်အတော်ကြာအောင် အော်ဟစ်နေကြသော ကျွန်တော်တို့နိုင်ငံနှင့်ဘာမှမသက်ဆိုင်သလိုနေခဲ့ကြသော Global warming ကို ကျွန်တော်တို့တွေ လျစ်လျှရှုနေ၍မရတော့ဆိုတာကို ဒီနှစ်နွေကပဲ သက်သေပြနေပြီမဟုတ်ပါလား။ ပူပြင်းလှသော နေရောင်ကိုကာကွယ်ရန် လမ်းဘေးရှိအိမ်အရိပ်တစ်ခုအနီးမှ ကပ်လျှောက်ရင်း ယင်းအိမ်ထဲမှ အမေလုပ်သူက ကလေးကိုပြောဆိုဆုံးမ၍ မရသည်ထင့် နာဂစ်လာလိမ့်နော်ဟု ကလေးကိုခြောက်လှန့်နေတာ ကြားလိုက်ရသည်။ ကျွန်တော်ပြုံးမိပါသည်။ လွန်ခဲ့သော အနှစ်နှစ်ကျော်ကလည်း ကျွန်တော့်အမေက ကျွန်တော်ပြောစကားနားမထောင်သည့် အခါတိုင်း ဒေဝေါကြီးလာလိမ့်မယ်နော်ဟု ခြောက်လှန့်ခဲ့ဖူးပါသည်။ အဲဒီ့အချိန်တုန်းကလည်း ဒေဝေါဆိုသော ကြောက်စရာကောင်းသည့်ဆိုသည် အကောင်ကြီးကို ကျွန်တော့်နည်းကျွန်တော့်ဟန်နှင့် စိတ်ကူးပုံဖော်ကြည့်ဖူးသည်။ အခုတော့ကလေးတွေကို ဒေဝေါဆိုတာနဲ့ခြောက်စရာမလိုတော့။ နာဂစ်ဆိုတာနဲ့ အားလုံးကကြောက်ရွံ့နေကြပြီ။ တကယ်လည်း အိမ်နီးချင်းနိုင်ငံတစ်ခု၏ ဘာသာစကားအရ ပန်းတစ်ပွင့်၏နာမည်ကို ကိုယ်စားပြုသော နာဂစ်သည် ကျွန်တော်တို့မြန်မာ့သမိုင်းမှာတော့ သမိုင်းဝင်လူဆိုးကြီးဖြစ်ခဲ့ပြီမဟုတ်လား။

ကျွန်တော်ကောင်းကင်ကိုမော့ကြည့်မိတော့ ပူပြင်းသော နေရောင်ခြည်တွေကြားမှာ တိမ်စိုင်တိမ်လိမ့်တစ်ချို့ကိုတွေ့လိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် ကျွန်တော်ကလေးဘ၀တုန်းကတော့အခုလို ပူပြင်းသောနွေရက်တွေမှာ တိမ်စိုင်တွေအုံ့စိုင်းလာပြီဆိုလျှင် မိုးရွာမည်ကိုမျှော်ရင်း ကျွန်တော်အလွန်ပျော်ပါသည်။ အခုရော ကျွန်တော့်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေလေးရှိရာ ဧရာဝတီတိုင်းမှာ ကျွန်တော်ကလေးဘ၀ကပျော်ခဲ့သလို မိုးရိပ်တွေမြင်တိုင်း အဲဒီဒေသက ကလေးတွေ ပျော်နိုင်ကြပါသေးရဲ့လား။ နွေရာသီ၏ အပူဒဏ်မှကင်းလွတ်ပြီး မိမိတို့စိုက်ပျိုးထားသည့် လယ်ယာစိုက်ခင်းများကို ပိုမိုအထွက်တိုးစေမည့် မိုးရာသီကိုရော အဲဒီ့ဒေသက လယ်သမားတွေမျှော်ရဲကြတုန်းပဲလားဆိုတာ ကျွန်တော်မသိနိုင်တော့ပါ။ ကျွန်တော်ငယ်ငယ်က အဖေဖွင့်သော ရေဒီယိုအိုကြီးမှသာကြားဖူးသော နိုင်ငံခြားတိုင်းပြည်များမှ ဆိုးရွားလှသည့် ဘေးဆိုးကပ်ဆိုးကြီးများကို ဒီဒေသကလူတွေကတော့ နဖူးတွေ့ဒူးတွေ့ ခါးခါးသီးသီးရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးကြပါပြီ။

ဘာလိုလိုနဲ့နောက်ရက်အနည်းငယ်ဆိုလျှင် ကျွန်တော်တို့နိုင်ငံသို့ နာဂစ်မုန်တိုင်းကြီး ၀င်ရောက်တိုက်ခတ်ခဲ့တာ (၂)နှစ်ပင်ပြည့်တော့မည်။ (၂)နှစ်ဆိုသော ကာလသည့် အတိုင်းအတာတစ်ခုထိရှည်ကြာခဲ့ပေမယ့် ကျွန်တော်တို့အတွက်ကတော့ မနေ့တစ်နေ့ကအဖြစ်အပျက်တွေလို မမေ့နိုင်ကြသေး။ အဲဒီ့ဒေသက မိဘမဲ့ဖြစ်ခဲ့ကြသော ဒေသခံကလေးတွေ၊ မိသားစုဝင်တွေနဲ့ သေကွဲကွဲခဲ့ရသော ပြည်သူတွေ၊ မိမိပိုင်ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ကြသော နာဂစ်ဒဏ်ခံသူတွေကတော့ ကျွန်တော်တို့ခံစားခဲ့ရတာထက် အဆပေါင်းများစွာ ပိုဆိုးလိမ့်မည်ထင်ပါသည်။အခုချိန်ထိလည်းနာဂစ်ဒေသရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းချက်များမှာ လိုအပ်ချက်တွေရှိနေဆဲ၊ နာဂစ်ဒဏ်ခံဒေသရှိ ပြည်သူတွေမှာလည်း အကူအညီတွေများစွာ လိုအပ်ဆဲအခြေအနေမှာတင် ရှိနေသေးသည်။ တကယ်တော့ သဘာဝဘေးဆိုးကြီး နာဂစ်သည် သဘာဝတရားကြီးက သူ့အလိုလိုဖန်တီးခဲ့ခြင်းမဖြစ်နိုင်ပါ။ ကျွန်တော်တို့လူသားတွေကသာ တိုးတက်လာသောနည်းပညာတွေနဲ့ လူနေမှုပုံစံတွေဖြင့် သွယ်ဝိုက်၍တစ်ဖုံ တိုက်ရိုက်တစ်မျိုး နာဂစ်ကိုဖန်တီးခဲကြခြင်းသာဖြစ်ပါသည်။ နောက်ထပ်အခုလိုဖြစ်ရပ်ဆိုးကြီးတွေ ထပ်ဖြစ်လာနိုင် ဖြစ်မလာနိုင်ဆိုတာကလည်း ကျွန်တော်တို့လူသားတွေ၏ သဘာဝပတ်ဝန်းကျင်အပေါ် ပြုမှုကျင့်ကြံနေထိုင်သည့် အလေ့အကျင့်ပေါ်တွင်သာမှီခိုနေမည်ဟု ကျွန်တော်ထင်ပါသည်။ သဘာဝဘေးအန္တရာယ်တွေကျရောက်တိုင်း ကိုယ့်လူမျိုးအချင်းချင်း သို့မဟုတ် နိုင်ငံခြားတိုင်းပြည်များသို့ အထောက်အပံ့များပေးပိုးခြင်းမှာ လူသားပီသသော အလွန်မြတ်နိုးဖွယ်ကောင်းသည့် ကိုယ်ချင်းစာတရာများ ဖြစ်ကြပါသည်။ သို့သော်ကျွန်တော်ကတော့ ထိုသို့သော လူသားပီသမှုနှင့်ရောက်ရဲကျေနပ်မနေပဲ ပြဿနာ၏ဇစ်မြစ်ကိုဖော်ထုတ်နိုင်မှသာလျှင် ကမ္ဘာကြီးကို အစစ်အမှန်ကာကွယ်နိုင်လိမ့်မည်ဟုတွေးမိပါသည်။ ဆိုလိုသည်မှာ သဘာဝဘေးအန္တာရာယ်ကြီးတစ်ခုဖြစ်လာတိုင်း ယင်းဒေသများသို့သွားရောက်ကူညီခြင်းထက် ယင်းသဘာဝဘေးဆိုးကပ်ဆိုးကြီးများနောက်ထပ်ဖြစ်မလာစေရန် ပြဿနာ၏ဇစ်မြစ်ကိုဖန်တီးသလိုဖြစ်နေသည့် ကျွန်တော်တို့လူသားတွေ၏ သဘာဝပတ်ဝန်းကျင်ပေါ် အန္တာရာယ်ရှိသည့်ကျင့်ကြံနေထိုင်မှုပုံစံများကို ပြောင်းလည်းခြင်း၊ ကာကွယ်နေထိုင်ခြင်းကသာလျှင် ယနေ့ဖြစ်ပေါ်လျှက်ရှိနေသော သဘာဝဘေးဆိုးကပ်ဆိုးတွေဒဏ်မှ ကာကွယ်ဖြေရှင်းနိုင်မည့် အဓိကသော့ချက်ဖြစ်သည်ဟုထင်ပါသည်။

မကြာခင်မုတ်သုန်ရာသီသို့ ၀င်ရောက်လာတော့မည်။ မိုးလေတွေတိုက်သည့် မိုးရာသီရောက်တိုင်း ဟိုးအရင်ချိန်က ကျွန်တော်တို့ဒေသရှိကလေးတွေကြောက်စရာအနေနဲ့ ပြောလေ့ ရှိသည့် ဒေဝေါကြီးလာတော့မည် ဆိုတာကိုရော သူတို့တွေပြောနေကြတုန်းပဲလား။ ဒါမှမဟုတ် ဒေဝေါဆိုသောနေရာတွင်နာဂစ်ဆိုသည့် ဝေါဟာရအသစ်ကပဲ အစားထိုးသွားပြီလားဆိုတာ ကျွန်တော်မသိနိုင်ပါ။ ဒါပေမယ့် သေချာတာတစ်ခုတော့ရှိပါသည်။ အဲဒီ့ဒေသလေးရှိလူတွေအားလုံးလိုလိုကတော့ ဒေဝေါကြီးဆိုတာကိုရော၊ နာဂစ်ဆိုတာကိုရော ထပ်ပြီးကြားချင်စိတ်ရှိကြတော့မည် မဟုတ်တော့တာပဲဖြစ်ပါသည်။

မျိုးဇော် (၂၇.၀၄.၁၀)

Friday, April 23, 2010

အားမငယ်နဲ့ ရန်ကုန်


စွန့်ပစ်ခံ ရန်ကုန်ရေ…
နင်ဘာမှအားမငယ်နဲ့
နင့်ဘေးမှာ နင့်ကိုမှတက်မက်တဲ့
ငါတို့တွေရှိတယ်….

အထီးကျန် ရန်ကုန်ရေ…
နင်ဘာမှအားမငယ်နဲ့
နင့်ကိုမှ စွဲလမ်းတဲ့
ငါတို့တွေရှိတယ်….

အထည်ကြီးပျက် ရန်ကုန်ရေ…
နင်ဘာမှ အားမငယ်နဲ့
နင်နဲ့အတူတူ ရုန်းကန်မယ့်
ငါတို့တွေရှိတယ်…

ကြောက်ရွံ့နေတဲ့ ရန်ကုန်ရေ…
ငါတို့ရဲ့ ပျော်စရာပိတောက်ရက်တွေ
သွေးတွေစွန်းခဲ့ရပြီ..
နင်ဘာမှအားမငယ်ပါနဲ့
နင့်မှာအပြစ်မရှိတာ ငါတို့နားလည်
ငါတို့တွေအတူတူ လက်တွဲကြမယ်…
ငါတို့တွေယုံကြည်ထားတယ်..
ငါတို့တွေ မျှော်လင့်ထားတယ်...
ပျော်စရာ သင်္ကြန်နေ့ရက်တွေ
ကမ္ဘာတည်သရွေ့ ဆက်ရှိနေအုံးမယ်။

မျိုးဇော်(၁၆.၀၄.၁၀)

မနေ့က မဟာသင်္ကြန်အကြတ်နေ့မှာ ရန်ကုန်မြို့ရေကစားမဏ္ဍပ်တစ်ခုမှာ ဗုံးတွေပေါက်တယ်ဆိုတဲ့ သတင်းကြားပြီးတော့ ဟောဒီ့ကဗျာလေး ရေးမိကြောင်းပါ...။

Saturday, April 10, 2010

သင်္ကြန် သင်္ခါရ


သင်္ကြန်.. သင်္ကြန်
အရင်လို သင်္ကြန်မိုးပြေးတွေ
မရွာတော့တဲ့ သင်္ကြန်
ပိတောက်တွေ ပင်လုံးကျွတ်
မပွင့်နိုင်တော့တဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
အတာအိုးနဲ့ အတာကြိုပန်းရောင်းတဲ့
ဈေးသည်ကြီး ဈေးဦးမပေါက်တဲ့ သင်္ကြန်
အရက်နဲ့ဘီယာဆိုင်တွေ
အလုပ်ရှုပ်ကြရတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
မြို့မနဲ့ ဒီဂျေ နေရာလုကြရတဲ့
သင်္ကြန်...
မုန့်လုံးရေပေါ်နဲ့ ယာမကာ
စဉ်ပြိုင်လုကြရတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
သပြေခက်နဲ့ ရေထွက်ပက်လို့
အဟားခံရတဲ့ သင်္ကြန်
မီးသတ်ပိုက်နဲ့ အပက်ခံရလို့
အင်္ကျီကျွတ်ရတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
ကိုယ်ထိုင်တဲ့ မဏ္ဍပ်ကို
အိမ်ကကိုယ်ပိုင်ရေချိုးခန်းလို
သဘောထားတဲ့ မိန်းကလေးတစ်ချို့ကြောင့်
အရှက်ရကြရတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
နှမချင်းကိုယ်ချင်းမစာနာတတ်တဲ့
အမျိုးသားတစ်ချို့ကြောင့်
ရွံစရာဖြစ်သွားရတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
သင်္ကြန်မှာ ရေတွေပက်ကြသလို
အပျော်သဘောနဲ့ အိုးမဲတွေလည်း
အပြန်အလှန်သုတ်ကြတဲ့ သင်္ကြန်

သင်္ကြန်.. သင်္ကြန်
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး
ကိုယ့်ယဉ်ကျေးမှုကို
အပျော်သဘောနဲ့ အိုးမဲမသုတ်မိဖို့တော့
သေသေချာချာ သတိထားရမယ့်
ကျွန်တော်တို့ရဲ့
မြန်မာ့ရိုးရာ တာသင်္ကြန်...။

မျိုးဇော် (၁၁.၀၄.၁၀)

Sunday, April 4, 2010

ကြယ်လေးတစ်ပွင့်


နွေရာသီရဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ ညနေခင်းတစ်ခုမှာ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို မှီတွယ်ရင်း အတွေးကိုယ်စီနဲ့ ထိုင်နေကြပါတယ်။ ကောင်းကင်ကြီးတစ်ခုလုံးမှာလည်း အမျိုးအစားစုံလင်တဲ့ ကြယ်လေးတွေတောက်ပနေတာဟာ သူတို့နှစ်ယောက်အတွက်တော့ တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းလေးတစ်ခုပါ။ ကောင်းကင်ပေါ်က ထူးဆန်းတဲ့ပုံသဏ္ဍန်ရှိတဲ့ ကြယ်စုကြယ်ဝေးလေးတွေကို လိုက်ရှာရင်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်ကျီစယ်ရတာကလည်း သူတို့နှစ်ယောက်အတွက်တော့ တစ်သက်မမေ့နိုင်စရာ ညလေးတစ်ခုဖြစ်မှာပါ။

(ကောင်မလေး) ကောင်လေး နင့်ကိုငါတစ်ခုမေးချင်တယ်။ ကောင်းကင်ကြီးမှာ နေရယ်၊ လရယ်၊ ကြယ်ရယ်ဆိုပြီး ကမ္ဘာကြီးကိုအလင်းရောင်းပေးတဲ့ ဂြိုလ်တွေရှိကြတယ်နော်။ တကယ်လို့ ငါသာကမ္ဘာကြီးဆိုရင် နင်ငါ့ကိုဘယ်လိုအရာမျိုးနဲ့ အလင်းရောင်ပေးချင်လဲ။ နေ၊ လ ဒါမှမဟုတ် ကြယ်တစ်ခုခုပေါ့ဟာ...။

(ကောင်လေး) အင်း.... နင်သာကမ္ဘာကြီးဆိုရင် ငါကတော့"ကြယ်လေးတစ်ပွင့်"အနေနဲ့ပဲ နင့်ကို အလင်းရောင်ပေးချင်တယ်။

(ကောင်မလေး) ဟင်....တကယ်လား။ နင်ကတော်တော်ရယ်စရာကောင်းတာပဲ။ နေရယ် လရယ် ကြယ်ရယ်ဆိုပြီး ရွေးစရာသုံးခုပေးထားတာတောင် ဘာလို့အလင်းရောင် အမှိန်ဆုံး အားမကိုးရဆုံးကြယ်ကိုမှ ရွေးရတာလဲ။ ငါသာယောင်္ကျာလေးဆိုရင် လောကတစ်ခွင်ကို အလင်းပေးနိုင်တဲ့ "နေ" ကိုပဲရွေးမိမှာပဲ။ တော်ပါပြီ နင်ငါ့အပေါ်ထားတဲ့ စေတနာကို အခုမှပဲသိရတော့တယ်။

(ကောင်လေး) ဘာလဲနင့်က ငါ့ကိုစိတ်ဆိုးတာလား။ ဘာပဲပြောပြော ငါကတော့ နင့်အတွက်ဆိုရင် ကြယ်တစ်ပွင့်ပဲ ဖြစ်ချင်ခဲ့တာပါဟာ။

(ကောင်မလေး) ကောင်လေး နင့်ငါကိုနောက်နေတာလားဟင်?

(ကောင်လေး) နောက်တာမဟုတ်ပါဘူးဟာ။ ငါ့ရင်ထဲမှာ ရှိတာကိုပြောတာ။ နင်စဉ်းစားကြည့်လေ။ နင်အားကိုးတဲ့ "နေ"ကနင့်ကို (၂၄) နာရီပတ်လုံး အလင်းရောင်ပေးနိုင်လို့လား။ အခုလိုညမျိုးဆိုရင် သူကတစ်ခြားနေရာမှာ သွားပြီးအလင်းရောင်ပေးပြီး ငါတို့ကိုညတစ်ခုအနေနဲ့ထားပစ်ခဲ့တယ်လေ။ ပြီးတော့ နေ့လည်ဘက်တွေဆိုရင်လည်း "နေ"ကနေချင်စရာ မကောင်းလောက်အောင်ပူတယ်မဟုတ်လား။ ငါကတော့ ဖြစ်နိုင်ရင် နင့်ကို "နေ"လိုမဟုတ်ပဲ (၂၄) နာရီအလင်းရောင်ပေးချင်တယ်။ ပြီးတော့ နေတစ်စင်းလို မပူလောင်စေချင်ဘူးလေ။

(ကောင်မလေး) အင်း...ဟုတ်ပါပြီ။ နင်ဟာလေ တကယ့်ကိုဆင်ခြေဆင်လက်တော်တော်များတာပဲနော်။ ဒါဆိုလည်း "နေ"မလုပ်နဲ့လေ။ "လ" လုပ်ပေါ့။ "လ" ကလပြည့်ညဆိုရင် အရမ်းကြည့်လို့ကောင်းတာဟ။ ပြီးတော့ ညတစ်ညလုံးလည်း လင်းထိန်နေတာ။ ကြယ်တော့မလုပ်ပါနဲ့ဟာ..နော်။

(ကောင်လေး) ဟာ... ငါက နင့်အတွက်ဆိုရင် "လ"လည်းမဖြစ်ချင်ဘူးဟ။ တကယ်တော့ "လ" မှာလည်း လဆန်းလဆုတ်ဆိုပြီးတော့ အတက်အကျတွေရှိတယ်လေ။ ငါကတော့ နင့်ကို လဆန်းလဆုတ်တွေလို လင်းလာလိုက် မှောင်သွားလိုက်နဲ့ မချစ်ချင်ပါဘူး။

(ကောင်မလေး) ဒါဆိုရင်... ကြယ်ကရော ဘာတွေကောင်းနေလို့လဲ?

(ကောင်လေး) နင်စဉ်းစားကြည့်ပေါ့။ ကြယ်ဆိုတာ အမြဲတမ်းထွန်းလင်းတယ်။ ပြီးတော့ နေလိုမပူပြင်းသလို လလိုလည်း အတက်အကျမရှိဘူး။ အမြဲတမ်း တစ်ပြေးညီပဲ။ တကယ်တော့ ကြယ်ဆိုတာမျိုးက ကမ္ဘာမြေကြီးကို အမြဲတမ်းအလင်းရောင်ပေးနေတဲ့ အရာတစ်ခုပါဟာ။ နေအလင်းရောင်ရှိနေတဲ့အချိန်မှာ နေရဲ့အရှိန်အ၀ါကြောင့် လူတွေက ကြယ်လေးတွေအလင်းရောင်ပေးနေတာကို မမြင်နိုင်ကြသလို လမင်းကြီးရှိတဲ့ညတွေမှာဆိုရင်လည်း လရဲ့လှပတဲ့ အလင်းရောင်တွေကို မှိန်းမောရင်း ကြယ်လေးတွေကို အသိအမှတ်ပြုဖို့မေ့နေကြတယ်လေ။ တကယ်တော့ ကြယ်ဆိုတာဟာ ကမ္ဘာကြီးကိုသူ့မှာရှိသလောက် အလင်းရောင်တွေကိုပေးတဲ့ အပြင် လမိုက်ညမှာ လမ်းပျောက်နေတဲ့သူတွေကိုပါ လမ်းမှန်ရောက်အောင် ညွှန်ပြပေးတယ်လေ။ အဲတော့ ငါကနင့်အတွက်ဆိုရင် ကြယ်လေးတစ်ပွင့်ပဲဖြစ်ချင်တယ်။ ပြီးတော့ နင်ဒုက္ခရောက်နေတဲ့ အချိန်တွေမျိုးမှာဆိုရင်လည်း ကြယ်လေးတွေလို့ပဲ ငါစွမ်းသလောက် နင့်ကိုလမ်းပြပေးချင်တယ်။

(ကောင်မလေး) အင်းနော်... နင်ပြောတာလည်း ဟုတ်တာပဲ။ ဒါဆိုလည်း နင်က ငါ့အတွက်အမြဲတမ်းကြယ်လေးပဲ လုပ်တော့နော်။

(ကောင်လေး) အင်း...ကျေးဇူးနော် ကောင်မလေး

အဲဒီ့ညက ကောင်မလေးအိမ်ပြန်တော့ ကောင်လေးက အိမ်ရှေ့အထိရောက်အောင် လိုက်ပို့ပေးရင်း လမ်းမှာကောင်းကင်ကနေ ကြယ်လေးတစ်ပွင့်ကြွေကျလာတာ တွေ့လိုက်ရတယ်။ ကြယ်ကြွေတာကို တွေ့တော့ ကောင်မလေးက ချက်ချင်းပဲဝမ်းသာအားရနဲ့ တီးတိုးဆုတောင်းနေလေရဲ့။ ကောင်မလေးဘာတွေဆုတောင်းနေလဲ ဆိုတာကို ကောင်လေးမမေးခဲ့မိပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ့အချိန်မှာ ကောင်လေးကိုယ်တိုင်က တစ်ခုခုကိုတွေးနေရလို့ပါ။

တကယ်တော့ ကြယ်လေးတွေဟာ ကမ္ဘာမြေကြီးကို လူတွေအသိအမှတ်ပြုပြုမပြုပြု တတ်စွမ်းသလောက် အလင်းရောင်လေးတွေပေးရင်း သူတို့ရဲ့နောက်ဆုံးထွက်သက်အထိတောင် ပေးဆပ်သွားရတယ်ဆိုတာပါပဲ။ လူတွေစွဲလမ်းရူးသွပ်ကြတဲ့ ကြယ်ကြွေတုန်း ဆုတောင်းတယ်ဆိုတာဟာဆုတောင်းသူတစ်ယောက်ရဲ့ ဆန္ဒကို အမှန်တကယ် ဖြည့်ပေးနိုင်မဖြည့်ပေးနိုင်ဆိုတာကိုတော့ အဲဒီ့ကောင်လေးလည်း တတ်အပ်ပြောနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် သူ့ကောင်မလေးရဲ့ ဆန္ဒတွေပြည့်ဝဖို့အတွက် ဆုတောင်းချင်တယ်ဆိုရင်တော့ ကြယ်လေးတစ်ပွင့်အဖြစ်ခံယူထားတဲ့ သူကိုယ်တိုင်က ကြွေဆင်းဖို့အသင့်ပဲဆိုတာကိုသာ ကောင်မလေးသိခဲ့မယ်ဆိုရင်...။

မျိုးဇော် (၀၅.၀၄.၁၀)

Thursday, April 1, 2010

သစ်စေ့နဲ့ မြေသြဇာ


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေအမြောက်အမြားရှိကြပါတယ်။ သစ်ပင်တွေရဲ့ဖြစ်တည်ပုံတွေက တစ်ပင်နဲ့တစ်ပင်မတူကြသလို ပေါက်ရောက်ရှင်သန်ကြပုံကလည်း မတူကြပါဘူး။ တစ်ချို့အပင်တွေကအစေ့ကနေအပင်ပေါက်ကြသလို၊ တစ်ချို့ကြတော့ အကိုင်းအခက်တွေကနေ အပင်ဖြစ်လာကြပါတယ်။ တစ်ချို့တွေကြတော့ အပွင့်တွေ၊ အသီးတွေ၊ ၀တ်မှုန်တွေ ကနေတစ်ဆင့် မျိုးပွားပြီး အပင်တစ်ပင်ဖြစ်လာကြပြန်တယ်။ ဒါပေမယ့်အပင်တစ်ပင်ကိုဖြစ်စေမယ့် မျိုးစေ့တွေ၊ အကိုင်းအခက်တွေ ရှိနေရုံနဲ့ အပင်တစ်ပင်ဖြစ်ရောပဲလားလို့ စဉ်းစားကြည့်တော့လည်း မဟုတ်သေးပါဘူး။ အဲဒီ့အပင်တစ်ပင်ဖြစ်ဖို့အတွက် လိုအပ်တဲ့မြေသြဇာနဲ့ ရေ၊ လေ သယံဇာတတွေလိုအပ်ပါသေးတယ်။ ဒါဆိုရင် အပင်တစ်ပင်ပေါက်ဖွားရှင်သန်ဖို့အတွက် မျို့စေ့တစ်စေ့နဲ့ မြေသြဇာဘယ်ဟာက ပိုအရေးကြီးသလဲလို့ စဉ်းစားကြည့်ရအောင်။ တစ်ချို့တွေကလည်း မျိုးစေ့ကပိုအရေးကြီးတယ်လို့ပြောကြမယ်ထင်ပါတယ်။ တစ်ချို့တွေကလည်း မြေသြဇာလို့ပြောကြမှာပေါ့။ တစ်ကယ်တော့ အပင်တစ်ပင်ဖြစ်ထွန်းဖို့ဆိုတာ သက်ဆိုင်ရာအပင်မျိုးစိတ်တစ်ခုရဲ့ အပင်တစ်ပင်ဖြစ်ထွန်းချင်မှုပေါ်မှာ အများဆုံးမှီခိုတယ်လို့ထင်ပါတယ်။ တစ်ချို့အပင်တွေကလည်း အညှောက်လေးထွက်လာပြီး သိပ်မကြာခင်မှာပဲ မြေသြဇာခမ်းခြောက်တာ၊ ရေဒဏ် လေဒဏ်ကိုမခံနိုင်ကြတာနဲ့ အပင်တစ်ပင်ဖြစ်ထွန်းမယ့် အရေးကနေလက်လွတ်ကြရပါတယ်။ တစ်ချို့သော အပင်မျိုးစိတ်တွေကြပြန်တော့ မြေသြဇာရှား နေကြတဲ့ကြားကကို အပင်တစ်ပင်မဖြစ်ဖြစ်အောင် ရုန်းကန်ရှင်သန်ကြတာတွေ့ရပြန်တယ်။ ဥပမာအားဖြင့် မြက်ပင်တစ်ပင်ဆိုရင် မြေသြဇာအရမ်းကောင်းတဲ့ ကွင်းပြင်ကျယ်ကြီးတွေမှာ အပင်တစ်ပင်အဖြစ်ပေါက်ရောက်ရှင်သန်နိုင်ကြသလို မြေသြဇာရှားပါးတဲ့ အုတ်ကြားကျောက်ကြားမှာပါ မရမကပေါက်ဖွားရှင်သန်ကြတာတွေ့ဖူးကြမှပါ။ ဒါဆိုရင်အပင်တစ်ပင်ဖြစ်ထွန်းဖို့ဆိုတာ မြေသြဇာ ရေခံမြေခံထက် အပင်ဖြစ်လာမယ့်မျိုးစိတ်တစ်ခုရဲ့ သူဘယ်လောက်ထိအပင်တစ်ပင်ဖြစ်ချင်လည်း ဆိုတာပေါ်မှာ မူတည်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

အခုခေတ်ကျွန်တော်တို့လူငယ်တွေနဲ့ လူလတ်ပိုင်းအတော်များများဟာ အခွင့်အရေးရတာနဲ့ နိုင်ငံခြားတိုင်းပြည်တွေသွားပြီး ပညာသင်ဖို့၊ အလုပ်လုပ်ဖို့အတွက်စိတ်ကူးယဉ်ကြပါတယ်။ တောရောမြို့ပါမကျန် လူငယ်အတော်များများဟာ သက်ဆိုင်ရာပညာရေးဆုံးခန်းတိုင်လို့ဖြစ်ဖြစ်၊ ဒါမှမဟုတ်အကျပ်အတည်းတစ်ခုခုရှိလာတဲ့အချိန်မှာဖြစ်ဖြစ် ကိုယ့်ရဲ့တိုင်းပြည်ကိုစွန့်ပြီး နိုင်ငံခြားတိုင်းပြည်တွေကိုအားကိုးတကြီးထွက်ခွာကြပါတယ်။ သူတို့ရဲ့အဓိကအကြောင်းပြချက်ကတော့ အမိနိုင်ငံကရေခံမြေခံမကောင်းလို့ဆိုတာပါပဲ။ ဒီတိုင်းပြည်မှာ တက်လမ်းမရှိလို့၊ ဘာအခွင့်အရေးမှမရှိလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နိုင်ငံခြားတိုင်းပြည်တွေသွားပြီး အလုပ်အကျွေးပြုကြပါတယ်။ ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရော တကယ်ပဲလူမွဲတွေချည်းပဲ၊ ပညာမတတ်တဲ့လူတွေပဲ နေထိုင်နေကြတာလား။ သမာအာဇီဝနဲ့အသက်မွေးပြီး အခုခေတ်စားနေတဲ့ လုပ်ပိုင်ခွင့်ရှိသူ ဘယ်သူ့အမျိုးအနွယ်နဲ့မှ မပတ်သက်ပဲနဲ့ ကြီးပွားနေတဲ့သူတွေလည်းရှိကြပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာသင်ခွင့်မရကြပေမယ့် နိုင်ငံခြားတိုင်းပြည်တွေက ပညာရှင်တွေကိုယ်တိုင်အားကျအတုယူရတဲ့ ပညာရှင်တွေလည်း ပြည်တွင်းမှာအများကြီးရှိကြပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် အပင်တစ်ပင်ပေါက်ရောက်ရှင်သန်ဖို့ဟာ မြေသြဇာကောင်းဖို့မကောင်းဖို့ဆိုတာထက် သက်ဆိုင်ရာမျိုးစေ့တစ်ခုရဲ့ အပင်ပေါက်ရောက်ရှင်သန်ဖို့အတွက် ရုန်းကန်ရှင်သန်မှုပေါ်မှာပဲ အဓိကတည်မှီတယ်လို့ဆိုရမှာပါ။ ကိုယ့်ရဲ့အားနည်းချက်ကို မြင်အောင်မကြည့်၊ ပြင်ဆင်ဖို့မကြိုးစားပဲ ဘေးပတ်ဝန်းကျင်ကို အပြစ်ပုံချပြီး ကိုယ်လွတ်ရာရုန်းကြတာကလည်း လူ့သဘာဝပဲမဟုတ်လား။ တကယ်တော့ နိုင်ငံခြားတိုင်းပြည်တွေကိုအားကျပြီး ဟိုရောက်တော့မှပျက်စီးသွားကြတာ၊ ဘ၀ပျက်သွားကြတာ ဒါမှမဟုတ်ကိုယ်နေခဲ့တဲ့တိုင်းပြည်မှာလောက်တောင် အခွင့်အရေးတွေမရကြပဲ ဟိုးအောက်ဆုံးကကျွန်သာသာအလုပ်တွေလုပ်ပြီး နိုင်ငံတစ်ခုနဲ့တစ်ခုကြားက ငွေကြေးကွာဟမှုကြောင့် ဖြစ်လာတဲ့ ငွေကြေးအမြောက်အမြားနဲ့ ကိုယ့်အမျိုးဘယ်ဘ၀ရောက်နေမှန်းမသိပဲ သာယာနေသူတွေကလည်း တစ်ပုံတစ်ပင်ကြီးပါ။
တကယ်တော့ အပင်တစ်ပင်ဖြစ်ထွန်းဖို့ဆိုတာဟာ သက်ဆိုင်ရာမျိုးစေ့တစ်ခုရဲ့ သူပေါက်ရောက်ရမယ့် မြေသြဇာဘာဖြစ်နေနေ အပင်တစ်ပင်ဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ရည်မှန်းချက်နဲ့ ရပ်တည်ချက်သာရှိနေမယ်ဆိုရင် မြေသြဇာကောင်းတာဆိုးတာကို ကျော်လွားနိုင်ပြီး အပင်တစ်ပင်အဖြစ်ရပ်တည်နိုင်မှာပါ။ မြေသြဇာဘယ်လောက်ကောင်းနေပစေ မျိုးစေ့ကိုယ်တိုင်က အပင်တစ်ပင်ဖြစ်လာအောင် ကြိုးစားမှု ရုန်းကန်မှုမရှိဘူးဆိုရင်တော့ ဘယ်လိုမှအပင်တစ်ပင်ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဆိုရင်မြေသြဇာမကောင်းဘူးလို့ ယဆထားတဲ့နေရာတစ်ခုမှ အပင်တစ်ပင်အနေနဲ့ရပ်တည်နိုင်တာက ရှက်စရာလား၊ မြေသြဇာအရမ်းကောင်းတယ်လို့ထင်တဲ့နေရာရောက်မှ အပင်တစ်ပင်အဖြစ်ရပ်တည်နိုင်တာဂုဏ်ယူစရာလား ဆိုတာကျွန်တော်တို့တွေပြန်စဉ်းစားကြည့်ဖို့လိုပြီထင်ပါတယ်။

မျိုးဇော်(၀၁.၀၄.၁၀)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့လေးနှစ်ကျော်ကျော်က ကျွန်တော်ရဲ့ပထမဆုံးလုပ်ငန်းခွင်စ၀င်တော့ အဲဒီ့ရုံးကမန်နေဂျာတစ်ယောက်က ကျွန်တော့်ကိုမေးပါတယ်။ "မင်းဘ၀မှာ ဘာဖြစ်လို့ အလုပ်တွေအများကြီးရှိတဲ့ကြားက ဒီအလုပ်ကိုမှရွေးရတာလဲ" တဲ့။ အဲဒီ့တော့ ကျွန်တော်က၀မ်းသာအားရနဲ့ပြန်ဖြေပါတယ်။ "ဟာ... ဒီအလုပ်က နိုင်ငံခြားထွက်ဖို့ အခွင့်အလမ်းတွေအများကြီးရှိတယ်လေ။ ကျွန်တော်ကဒီမှာ service ယူပြီးတာနဲ့နိုင်ငံခြားထွက်တော့မှာ" ဆိုပြီးတော့ပေါ့။ အဲဒီ့မှာပဲ မန်နေဂျာက ကျွန်တော်ကိုအထက်မှာရေးခဲ့ သစ်စေ့နဲ့မြေသြဇာ အကြောင်းလေးပြောပြပါတယ်။ သူပြောခဲ့တာလေးနှစ်ကျော်တောင်ကြာသွားပေမယ့် ကျွန်တော်ကတော့ အခုထက်ထိမမေ့သေးပါဘူး။ ကျွန်တော့်ဘ၀မှာ အကျပ်အတည်းတွေနဲ့မွန်းကျပ်လာတဲ့အခါတိုင်း၊ တစ်ခုခုကိုလွတ်မြောက်အောင်ကြိုးစားဖို့ စဉ်းစားမိတဲ့အခါတိုင်း ဒီပုံပြင်လေးကို ပြန်တွေးတွေးကြည့်မိပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း မီးမလာ ရေမမှန်တဲ့ ရွှေတိုင်းပြည်ကြီးမှာ သောင်တင်နေတုန်းပါပဲလို့....။ (အိပ်မက်များ)

Monday, March 29, 2010

အရွဲ့တိုက်ခြင်း


လောကကြီးရေ....
နင့်ကိုငါအရွဲ့တိုက်ဖို့ ဘ၀ဆိုတဲ့ပင်လယ်ကြီးထဲ
မာနဆိုတဲ့ရွက်ကိုလွှင့် ရည်မှန်းချက်ဆိုတဲ့ ပဲ့ကိုထိန်းပြီး
ပစ္စုပ္ပန်ဆိုတဲ့လှေကြီးစီး ငါခရီးထွက်ခဲ့တယ်။

လောကကြီးရေ....
ကြမ်းလိုက်တဲ့လေ ထန်လိုက်တဲ့လှိုင်း
လောကဓံတရားကို အံတုလို့
အနာဂတ်ဆိုတဲ့လင်းရောင်ခြည်ကိုအားပြုရင်း
ဘ၀ပင်လယ်ထဲ ငါရွက်လွှင့်ခဲ့တယ်။

လောကကြီးရေ...
လောကီဆိုတဲ့ မြုမှုန်တွေကြား
ငါလမ်းတွေပျောက်လို့ ကမ်းမမြင်လမ်းမမြင်ဖြစ်
နောက်ဆုံးတော့ ကျွန်းတစ်ကျွန်းကို ငါ့လှေဝင်တိုက်
ငါ့ရဲ့ရည်မှန်းချက်ဆိုတဲ့ ပဲ့ကကျိုး
မာနဆိုတဲ့ ရွက်ကစုတ်ပြတ်
ကြည့်လိုက်တော့ ကျွန်းနံမည်က"အချစ်"တဲ့လေ။

လောကကြီးရေ...
ရောက်တဲ့နောက်တော့ မထူးပါဘူး
အချစ်ဆိုတဲ့ကျွန်းပေါ်ငါတက်
ချိုမြိန်တဲ့အသီးတွေ ငါဆွတ်ခူး
အေးမြတဲ့ ရေစင်တွေကို ငါသောက်သုံးရင်း
လောကကြီးကို အရွဲ့တိုက်မယ့် စိတ်ကူးတွေပျက်သုဉ်း
အချစ်ဆိုတာကို ယစ်မူးခဲ့ရတယ်။

လောကကြီးရေ...
အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့လောကကြီးမှာ
သစ်သီးတိုင်းက ချိုမြိန်ကြတာတော့ မဟုတ်ပါဘူး။
ကျွန်းပေါ်မှာ ခါးတဲ့အသီးကို ငါစားမိ
ယစ်မူးမှုတွေကနိုးထ မာနဆိုတဲ့ရွက်ကိုပြန်လွှင့်
သစ်ပင်တွေကိုဖောင်ဖွဲ့ အချစ်ဆိုတဲ့ကျွန်းကို ငါစွန့်ခဲ့တယ်
ငါ့ဖွဲ့ခဲ့တဲ့ဖောင်နံမည်က "စွန့်လွှတ်ခြင်း" တဲ့လေ။

လောကကြီးရေ....
နင့်ကိုငါအရွဲ့တိုက်ဖို့
မာနဆိုတဲ့ ရွက်စုတ်ကိုပြန်လွှင့်
စွန့်လွှတ်ခြင်းဆိုတဲ့ ဖောင်ကိုငါစီး
ရည်မှန်းချက်ဆိုတဲ့ ပဲ့ကျိုးကိုပြန်ထိန်းရင်း
ဘ၀ပင်လယ်ထဲ ငါပြန်ရွက်လွှင့်ခဲ့ပြီ
နင်သတိသာထားပေတော့။

မျိုးဇော် (၂၅.၀၃.၁၀)

Friday, March 19, 2010

ဌက်ရေးတဲ့ ပန်းချီကား


ကျွန်တော်သာ ပန်းချီဆရာတစ်ယောက်ဖြစ်မယ်ဆိုရင်
အဖြုရောင်ကင်းဗတ်တစ်ခုကို ဒီအတိုင်းပစ်မထားချင်ဘူး
ဖြုစင်ခြင်းရဲ့တန်ဖိုးကို ကျွန်တော်နားလည်ပေမယ့်
ကင်းဗတ်ပေါ်မှာ ကာလာတွေတင်ရတာကိုက
ပန်းချီဆရာတစ်ယောက်ရဲ့ ဘ၀ရပ်တည်ချက်မဟုတ်လား။

ကျွန်တော်သာ ပန်းချီဆရာတစ်ယောက်ဖြစ်မယ်ဆိုရင်
ဘယ်လိုပန်းချီကားတွေ ဖန်တီးရင်ကောင်းမလဲ
ကျွန်တော်စဉ်းစားကြည့်မိတယ်…
ဗင်ဆင့်ဗန်ဂိုးရဲ့ “ကြယ်စုံည” လိုလား၊
ဒါဗင်ချီရဲ့မိန်းမတစ်ယောက်ရဲ့ ကမ္ဘာကျော်အပြုံးမျိုးလား
ဒါမှမဟုတ် မြန်မာပြည်ကဇော်မင်းယုလို ကောက်ကြောင်းတွေမသုံးပဲ
ကာလာတွေချည်း မော်ဒန်ဆန်ဆန် အားပြိုင်ကြည့်ရင်ကောင်မလား

တော်ပါပြီ… သူများလက်ရာတွေကူးမချပဲ
နှလုံးသားတစ်ခုနဲ့ ကိုယ်ပိုင်ပန်းချီကားပဲရေးတော့မယ်
သစ်ကိုင်းတစ်ကိုင်းပါမယ်၊
ပြီးတော့ ဌက်တွေရဲ့ အိမ်ဂေဟာ အသိုက်အမြုံတစ်ခုပေါ့
ပြီးတော့ တေးသီတတ်တဲ့ ဌက်ကလေးတစ်ကောင်...

ပြခန်းတစ်ခုရဲ့ ထောင့်တစ်ထောင့်မှာ
ဌက်နှစ်ကောင်နဲ့ ပန်းချီကားတစ်ချပ်ရှိတယ်။
လူတွေကတော့ ပန်းချီဆရာနာမည်ကို မသိကြဘူး
ကာလတန်ဖိုးက နှလုံးသားတစ်ခုတဲ့
ဘယ်သူမှ မ၀ယ်နိုင်ကြဘူး
ပရိသတ်တွေ လှည့်ပြန်သွားတယ်...။

ပန်းချီကားထဲက
ဌက်တစ်ကောင်ကတော့ ပြုံးလို့ပေါ့ …
တစ်ကယ်တော့ ဒီပန်းချီကိုရေးတုန်းက
ဌက်ကလေးတစ်ကောင်တည်းဆိုတာ
လူတွေသိခွင့်မရသွားကြဘူး။
တကယ်တော့ နောက်ထပ်ဌက်တစ်ကောင်က
နှလုံးသားကိုသွေးရင်း စုတ်ချက်တွေတင်ခဲ့တဲ့
ပန်ချီဆရာတစ်ယောက်သာ အသွင်ပြောင်းခဲ့တာဆိုရင်...

မျိုးဇော် (၂၀.၀၃.၁၀)

နွေလေရူးနှင့် ကျွန်တော်


(၁)
နွေလေရူးရေ...
နွေဆိုတာ ပူပြင်းတယ်ဆိုတာ လူတိုင်းသိပါတယ်။
အဲဒီ့ပူလောင်တဲ့ နွေရက်တွေကို ချွေးသိပ်ဖို့
လေပြင်းလေညင်းလေးတွေကို တက်မက်ခဲ့တာ ငါ့အမှားလား။
တစ်ခါတစ်လေတော့လည်း
နွေရဲ့ကဗျာ ဥသြသံလေးတွေကို
ငါ့တစ်ယောက်တည်းအတွက်ပဲလို့
အတ္တထားမိတာရော ငါမှားတာပဲလား။
(အိပ်မက်များ)


ဥသြ….ဥသြ
ကျွန်တော်လျှောက်နေသော အင်လျားလမ်းမကြီး၏ နံဘေးရှိအပင်မြင့်ကြီးတွေကနေ ဥသြဌက်တွန်သံကို ကြားနေရသည်။ တစ်ခါတစ်ခါတိုက်ခတ်လာသော နွေနေ့လည်၏ အပူဓာတ်ပါသော လေများက ချွေးစို့နေသော ကျွန်တော်ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေပါသည်။ နွေရာသီ၏ နေ့လည်ခင်းတွေမှာ အပြင်ထွက်ရတာ မကြိုက်သောကျွန်တော်အဖို့ ဒီနေ့တော့ မထွက်မနေရကိစ္စတစ်ခုကြောင့် အပြင်ထွက်လာရသည်။ နွေရာသီနှင့်ပတ်သက်ပြီး တစ်ခြားဘာခံစားချက်မှ ထွေထွေထူးထူးမရှိသောကျွန်တော် ဒီတစ်ခါတော့ တိုက်ခတ်လာသောလေပူတွေကြားမှာ အငွေ့အသက်တစ်ခုကို ခံစားမိသည်ဟု ကျွန်တော်ထင်သည်။ ပြီးတော့ သက်ပြင်းတွေချမိရင်း သိပ်မကြာသေးတဲ့ အချိန်တစ်ခုကို သတိရမိသလိုခံစားရသည်။ သိပ်မကြာလှသေးသောအချိန်က အခုလို ကြဲကြဲတောက်အောင်ပူနေသော နွေနေ့တွေနဲ့ လေပူပူတွေကို လွမ်းဆွတ်မိသလို ခံစားရသည်။

(၂)

နွေလေရူးရေ....
လမ်းမကြီးထက်မှာ အေးမြတဲ့သစ်ရိပ်တွေရှိကြတာပဲ
ဒါပေမယ့် ပူလောင်တဲ့ ထီးရိပ်ကိုမှလိုချင်မိတာ ငါမှားလား။
လျှောက်ချင်စရာကောင်းတဲ့ ရွက်ကြွေတောတွေမှာ
တစ်ကိုယ်ရည် စိတ်ကူးယဉ် လွတ်လပ်ပျော်ပါးလို့ရတယ်ဆိုတာ
ငါသိပါတယ်။
ဒါပေမယ့် အဲဒီ့လွတ်လပ်ပျော်ရွှင်မှုတွေကို မျှဝေချင်လို့
ငါတစ်ယောက်တည်း မသွားချင်ပါဘူးဆိုရင်ရော
ငါမှားတာပဲလား။
(အိပ်မက်များ)


နွေနေ့လည်ခင်းတွေကို ကျွန်တော်မကြိုက်ပေမယ့် အခုလိုသိပ်ရိပ်ဝါးရိပ်အောက်မှာ သဘာဝဆန်ဆန်လမ်းလျှောက်ရတာကိုတော့ နှစ်သက်ပါသည်။ နွေ၏အပူရှိန်ကြောင့် မြေခခဲ့ရသော ရွက်ကြွေတွေကို ကျွန်တော်အသံတွေထွက်လာအောင် နင်းရင်း ဥသြဌက်တွန်သံကို နားထောင်ခွင့်ရတာ နွေ၏သင်္ကေတ တစ်ခုပဲဟု အခုချိန်ကြမှ ကျွန်တော်သဘောပေါက်သည်။ တစ်ခါတစ်ခါတိုက်ခိုက်လာသော နွေနေပူ၏ အနွေးဓာတ်ပါသော လေတွေကလည်း နွေသရုပ်ကိုခံစားနေသော ကျွန်တော့်ဘ၀င်ကိုအေးမြစေပါသည်။ အခုလိုနွေရက်တွေမှာ သူငယ်ချင်းတွေစုပြီး အော်ဟစ်ပျော်ပါးပြီး လမ်းတွေလျှောက်ရတာထက် အခုလိုတစ်ကိုယ်ရည် လမ်းလျှောက်ရတာကိုက နွေ၏အရသာကို ပိုပြီးပိုလွင်စေသည်ဟု ကျွန်တော်ထင်သည်။ အခုလိုကြတော့လည်း ကျွန်တော်မုန်းသော နွေရာသီက ချစ်စရာအကောင်းသား။

(၃)

နွေလေရူးရေ...
ဘယ်ဆီအရပ်ကမှန်း ခန့်မှန်းရခက်တဲ့
နွေလေရူးတွေ တိုက်နေပြန်ပြီ
နေရောင်ခြည်ကိုဖြတ်သန်းလာရတဲ့ လေပူပူတွေလည်းပါတယ်။
ပြီးတော့ ဘယ်အရပ်ဆီကိုမှန်း မသိ
ထွက်ခွာသွားပြန်တယ်...။
(အိပ်မက်များ)


ကျွန်တော်တို့နိုင်ငံရှိ ဥတုသုံးလီလုံးမှာ လေစီးကြောင်းတွေက မတူညီသောအရပ်တွေဆီကနေ တိုက်ခတ်တတ်ကြသည်။ ကျွန်တော်နှစ်သက်သော ဆောင်းဆိုလျှင် ကမ္ဘာကြီး၏ မြောက်ဘက်ခြမ်း ရေခဲတိုက်ကြီးတွေဘက်ကနေ လေအေးအေးတွေနဲ့ အတူတိုက်ခတ်သည်။ မြောက်ပြန်လေ၀င်ပြီဆိုလျှင် ဆောင်းရောက်ပြီဟု ဆိုနိုင်သည်။ မိုးရာသီကြပြန်တော့လည်း မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်မှမုတ်သုန်လေတွေနှင့်အတူ မိုးစက်မိုးပေါက်တွေကို သယ်ဆောင်လာတတ်သည်။

အခုကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို ဖြတ်သန်းတိုက်ခတ်နေသော နွေလေပူတွေကရော ဘယ်အရပ်ဆီကလာပါသလဲ။ ကျွန်တော်မသိ…။ သတိထား စောင့်ကြည့်ပြန်တော့လည်း ဒီတစ်ခါနှင့် နောက်တစ်ခါလာရပ်ကမတူ။ ဘယ်အရပ်ဆီကလို့ တိတိကျကျမရှိသော နွေလေပူတွေက တစ်ခါတစ်ခါ လေပွေတွေတောင် ခေါ်လာတတ်သေးသည်။ ဒီလိုအချိန်တွေဆို လေပွေတွေနှင့်အတူပါလာတတ်သော ဖုန်မှုတ်တွေ၊ အမှိုက်စတွေကို မျက်စိထဲမ၀င်အောင် ကာကွယ်ရင်း လေပွေတွေက ကျွန်တော်သတိမထားမိသေးခင် ထွက်ခွာသွားကြပြန်သည်။

(၄)

နွေလေရူးရေ…
နင်သာငါ့ဘေးက ဖြတ်သန်းတိုက်ခတ်မသွားဘူးဆိုရင်
ပူလောင်တဲ့နွေရာသီကို အအေးသက်သာဖို့
တစ်ခြားတစ်နည်းနည်ုးနဲ့ ငါကြိုးစားကြည့်မှာပါ။
အခုတော့နင်ပေးခဲ့တဲ့ လေပူပူတွေရဲ့
အေးမြမှုကို ငါတက်မက်သွားခဲ့ရပြီ။
ပြီးတော့ နွေရာသီရဲ့ ပူလောင်မှုကို
နင့်ရဲ့အေးမြမှုတစ်ခုတည်းနဲ့ပဲ အစားထိုးကြည့်ချင်နေမိတယ်။
နွေလေရူးရေ နင်ထွက်ခွာသွားမယ့်အရပ်ကို
တကယ်ဆိုငါ့ကိုပြောပြခဲ့ဖို့ ကောင်းတယ်။
(အိပ်မက်များ)


ဒီတစ်ခါ နွေလေပူတွေတိုက်ခတ်လာရင်တော့ ဘယ်အရပ်ဆီကလာပြီး၊ ဘယ်အရပ်ဆီသွားမှာလဲဟု ကျွန်တော်မေးကြည့်ချင်သည်။ အမှန်အတိုင်းဝန်ခံရလျှင် အကယ်၍သာ အခုလိုပူပြင်းသောနွေရာသီ၌ သာယာကြည်နူးဖွယ်ကောင်းသည့် နွေလေရူးတွေရှိသည်ဆိုတာကိုသာ ကျွန်တော်မသိခဲ့ပါလျှင် အပူဒဏ်ကိုသက်သာစေရန် တစ်ခြားတစ်နည်းနည်းကို အသုံးပြုမိမှာသေချာသည်။ အခုတော့ နွေလေရူးတွေရဲ့အေးမြမှုကို ကျွန်တော်တိမ်ညွတ်ခဲ့ပါပြီ။ တစ်ခါတစ်လေတော့လည်း ဘယ်အရပ်ဆီကလာပြီး ဘယ်အရပ်ဆီသို့ခရီးနှင်မည် မသိသည့် မရေရာမသေချာလှသော နွေလေရူးတွေ၏ အေးမြလန်းဆန်းမှုကို တစ်ခြားမည်သည့်အရာနှင့်မှ အစားမထိုးပဲ စောင့်မျှော်ကြည့်ချင်မိသည်။

ကျွန်တော်လျှောက်နေသော အင်းလျားကတော့ ဥသြံတွန်သံတွေနဲ့ ညံနေသည်။ ဒီတစ်ခေါက်နွေလေရူးတွေ မလာသေးသရွေ့တော့ ဒီဥသြတွန်သံတွေနဲ့ပဲ ကျွန်တော်စိတ်ကို ဖြေသိမ့်ရအုံးမည်။

မျိုးဇော်(၂၈.၀၂.၁၀)

နှစ်ပတ်လည်နေ့များ


မင်္ဂလာပါဗျာ...။ဒီတစ်ခါတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်က anniversary လို့ခေါ်တဲ့ နှစ်ပတ်လည်နေ့လေးတွေ အကြောင်းရေးချင်တယ်ဗျာ။ anniversary လို့ဆိုရင်တော့ ကမ္ဘာကြီးနဲ့ဆိုင်တဲ့ နှစ်ပတ်လည် နေ့တွေ၊ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုနဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့တွေကစလို့ မိသားစုတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တဲ့နှစ်ပတ်လည်နေ့တွေရယ် ဆိုပြီိးအမျိုးမျိုးရှိကြမယ် ထင်ပါတယ်နော်။ ကျွန်တော့်အထင်တော့ ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူတွေ၊ နိုင်ငံတွေ အားလုံးရဲ့ ကိုယ်ပိုင်နှစ်ပတ်လည်နေ့လေးတွေ အားလုံးစုလိုက်မယ်ဆိုရင်တော့ တစ်နှစ်မှာရှိတဲ့ (၃၆၅) ရက်လုံးလုံး နှစ်ပတ်လည်နေ့တွေနဲ့ပဲ ပြည့်နေမယ်ထင်ပါရဲ့။

အမှန်တကယ်လည်း လူတိုင်းကိုယ်စီမှာ ကိုယ်နဲ့ဆိုင်တဲ့အမှတ်တရ နှစ်ပတ်လည်နေ့လေးတွေ ရှိကြမှာပါ။ တစ်ချို့နေ့လေးတွေကလည်း ပြန်တွေးကြည့်ချင်စရာ ပျော်စရာနေ့လေးတွေ ဖြစ်နိုင်ပြီး၊ တစ်ချို့နေ့တွေကတော့ မေ့ချင်ယောင်ဆောင် နေရက်နဲ့ကို သတိရနေမိတဲ့ ၀မ်းနည်းစရာနေ့လေးတွေ ဖြစ်ကြမှာပါ။ ကိုယ်ဘွဲ့ရတာ နှစ်ပတ်လည်တဲ့နေ့မျိုး၊ ကိုယ့်ချစ်သူနဲ့ ချစ်သူတွေဖြစ်ကြတာ နှစ်ပတ်လည်ကြတဲ့နေမျိုး၊ ကိုယ်အိမ်ထောင်ဖက်က ကိုယ့်ကို သားဦးသမီးဦးလေးတွေ မွေးဖွားပေးခဲ့တဲ့နေမျိုးတွေဆိုရင်တော့ အရမ်းကိုပျော်စရာကောင်းတဲ့ နှစ်ပတ်လည်နေ့လေးတွေဖြစ်ကြမှာပေါ့ဗျာ။ အဲ....ဒါပေမယ့် ကိုယ့်အိမ်ကလူကြီးသူမတစ်ယောက် ဆုံးပါးသွားတာ နှစ်ပတ်လည်တဲ့နေ့မျိုး၊ ကိုယ့်ချစ်သူနဲ့လမ်းခွဲခဲ့တာ နှစ်ပတ်လည်တာမျိုးဆိုရင်တော့ ၀မ်းနည်းစရာ၊ လွမ်းဆွေးစရာနေ့ရက်လေးတွေ ဖြစ်ကြမှာပါနော်။

ဘာပဲပြောပြောပါ လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ လူအသိုင်းအ၀န်းတစ်ခုမှာ ကျင်လည်ရင်း နှစ်ပတ်လည်နေ့လေးတွေကို အမှတ်မထင်ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ရှိဖူးလာကြမှာပါ။ အဲဒီ့လို နှစ်ပတ်လည်နေ့မျိုးတွေ ရောက်လာကြပြီဆိုရင်လည်း အဲဒီ့နေ့အတွက် ရည်ရွယ်ပြီးတော့ အထိမ်းအမှတ်ပွဲလေးတွေဖြစ်ဖြစ် အမှတ်တရတစ်ခုခုလုပ်ကြတာကို ကိုယ်ကိုယ်တိုင်မဟုတ်ရင်တောင်မှ ကျွန်တော်တို့ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေဆီမှာ ကြုံဖူးကြမှာပါနော်။

သူငယ်ချင်းတို့မှာရော ကိုယ်နဲ့ဆိုင်တဲ့ နှစ်ပတ်လည်နေ့လေးတွေ ဘယ်လောက်များများရှိလည်း ပြန်တွေးကြည့်ကြပါအုံး။ ပြီးတော့ ပျော်စရာကောင်းတဲ့နေ့တွေနဲ့ ၀မ်းနည်းစရာကောင်းတဲ့နေ့တွေမှာ ဘယ်ဟာကပိုများလည်း ဆိုပြီးတော့လည်း စဉ်းစားကြည့်ကြပါအုံး။ တစ်ရက်မှမရှိဘူးလို့တော့ "ဘူး"မခံကြပါနဲ့ဗျာ။ အနည်းဆုံးတော့ ကိုယ့်အမေကိုယ့်ကို မွေးတဲ့နေ့ကတော့ ကျွန်တော်တို့အတွက် လူ့လောကမှာ ပထမဆုံးသော အထိမ်းအမှတ်နေ့လေးတစ်နေ့ မဟုတ်လား။ လူတိုင်းလိုလိုကလည်း ကိုယ့်အမေ ကိုယ့်ကိုလူသားတစ်ယောက်ဖြစ်စေခဲ့တဲ့ နေ့ရက်လေးကို တန်ဖိုးထားကြမယ်ထင်ရဲ့နော်။

အဲ...သူများတွေကိုချည်း လိုက်မေးနေပြီးတော့ ကျွန်တော်ကိုယ်တိုင်မှာရော နှစ်ပတ်လည်နေ့လေးတွေ မရှိဘူးလားလို့ ပြန်မေးချင်နေကြတယ်မလား။ ရှိတာပေါ့ဗျာ...အများကြီး။ ပထမဆုံးပြောရရင်တော့ အောက်တိုဘာလထဲက ကျွန်တော်မွေးနေ့။ ပြီးရင်ကျွန်တော်မွေးရပ်မြေကို စွန့်ခဲ့တဲ့နေ့။ ကျွန်တော်တက်ခဲ့ဘူးတဲ့ သင်တန်းတစ်ခု(ဘာသင်တန်းလည်းလို့တော့ မပြောတော့ပါဘူး) စတက်တဲ့နေ့၊ ပြီးတော့အဲဒီ့သင်တန်းဆင်းတဲ့နေ့။ ကျွန်တော်စပြီးလုပ်ငန်းခွင်စ၀င်တဲ့နေ့။ စသဖြင့် စသဖြင့် အများကြီးပါပဲဗျာ။ အများကြီးလျှောက်ပြောပြနေရင်လည်း ဘယ်သူမှစိတ်ဝင်စားကြမယ် မထင်ပါဘူး။ ကျွန်တော်ကလည်း ဘာကောင်မှမဟုတ်တဲ့ သာမန်လူတစ်ယောက်ပဲမဟုတ်လား။ ဒါပေမယ့် ဒီလောက်များတဲ့နေ့တွေကို ဘယ်လိုမှတ်မိနေလည်းလို့တော့ သိချင်နေကြမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ တစ်ခြားလူတွေလို ဒိုင်ယာရီရေးတဲ့ အကျင့်မရှိဘူးဗျ။ ရေးချင်စိတ်ကို မရှိတာပါဗျာ။ အဲ....ဒါပေမယ့် ကျွန်တော့်မှတ်စုစာအုပ်ထဲက ပြက္ခဒိန်လေးတွေမှာတော့ ကိုအမှတ်တရဖြစ်တဲ့နေ့မျိုးဆိုရင်တော့ ကွင်းဝိုင်းပြီး စာနဲ့ ဒါမှမဟုတ် သင်္ကေတ တစ်ခုခုနဲ့ အတိုကောက်မှတ်တတ်တဲ့ အကျင့်တော့ ရှိတယ်ဗျ။ အဲလိုဆိုတော့လည်း အမြဲတမ်းအဲဒီစာအုပ်တွေကို ပြန်လှန်လှောရင်း မှတ်မိနေတာပေါ့ဗျာ။ ပြီးတော့ တစ်ခြားသူတစ်ယောက်ခိုးဖတ်ရင်တောင် ဘာမှနားလည်မှာမဟုတ်ဘူး မဟုတ်လား။ အဲ အဲ ...ပြောရအုံးမယ်ဗျ။ အခုဒီပိုစ့်လေးကို တင်ဖို့ဒီစာကို ရေးနေတဲ့ ဒီနေ့ကလည်း ကျွန်တော့်ရဲ့အမှတ်ရစရာ နှစ်ပတ်လည်နေ့တွေထဲက တစ်ရက်ပေါ့ဗျာ။ အဲဒါနဲ့ပါတ်သက်ပြီး တစ်ခုခုရေးမယ်လုပ်ရင်း အခုလိုနှစ်ပတ်လည်နေ့လေးတွေအကြောင်း ရေးဖြစ်သွားတယ်ပဲ ဆိုပါစို့။

နှစ်ပတ်လည်နေ့လေးတွေ အကြောင်းရေးရင်း ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ သမိုင်းပညာရှင်ကြီးတစ်ယောက်ရေးခဲ့ဘူးတဲ့ အဆိုအမိန့်တစ်ခုကိုပြန်သတိရမိတယ်ဗျာ။ မူရင်းပညာရှင်ရဲ့နာမည်ကတော့မေ့နေလို့ ဆောရီးပါ။ အဲ...သူကဘာပြောလည်းဆိုတော့ သမိုင်းဆိုတာ မှတ်စုစာအုပ်ထဲမှာ ထည့်မှတ်ထားရမယ့် နေ့စွဲသက်သက်မဟုတ်ပါဘူးတဲ့။ အဲဒီ့နေ့တွေမှာ ဖြစ်ခဲ့၊ ကြုံခဲ့ရတဲ့ အကောင်းအဆိုးတွေကို သမိုင်းသင်ခန်းစာယူရင်း ရှေ့လာမယ့်အနာဂတ်မှာ အတိတ်ကအဆိုးအကောင်းတွေကို နည်းနာယူရင်းအကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်သွားရမယ့် ပညာရပ်တစ်ခုပါတဲ့ဗျာ။ အားလုံးလည်း ကိုယ့်ရဲ့အထိမ်းအမှတ်နေ့လေးတွေကို ပြန်လည်အမှတ်ရကြရင်း၊ အဲဒီ့နေ့လေးတွေထဲမှာ ကိုယ်ပြုပြင်ရမယ်ထင်တဲ့ အရာတွေရှိခဲ့ကြမယ်ဆိုရင်လည်း အဲဒါတွေကိုသင်ခန်းစာယူရင်း ရှေ့ဆက်ပြီးအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားကြပါလို့ အကြံပြုရင်း....။
အားလုံးပျော်ရွှင်နိုင်ကြပါစေ။

မျိုးဇော် (၂၅.၀၂.၁၀)

Saturday, February 6, 2010

မြန်မာတို့ရဲ့ ဖေဖော်ဝါရီ(၁၃)


ဒီနေ့ကျွန်တော်ရန်ကုန်မြို့ထဲရောက်တော့ ခါတိုင်းနေ့တွေနဲ့မတူ ကျွန်တော့်မြင်ကွင်းထဲမှာ တစ်မျိုးဖြစ်နေသည်။ ဟုတ်သားပဲ… ဖေဖော်ဝါရီလ(၁၄)ရက်နေ့ဆိုရင် ချစ်သူများနေ့ရောက်တော့မှာမို့ ကုန်တိုက်ကြီးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ စူပါးမတ်ကက်တွေ အားလုံးလိုလိုမှာ valentine day နဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေ၊ ပရိုးမိုးရှင်းတွေလုပ်နေသည်ကိုး။ ဒါ့ကြောင့် ဘယ်နေရာကြည့်ကြည့် နှင်းဆီပန်းတွေ၊ အနီရင့်ရောင်အပြင်အဆင်တွေနဲ့မို့ ကျွန်တော်အမြင်မှာတစ်မျိုးဆန်းနေခြင်းဖြစ်သည်။ ဒီလိုအပြင်အဆင်တွေနဲ့ valentine day ကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ခန်းတစ်နားကျင်းပလာခဲ့ကြတာ ကျွန်တော့်အထင် ဆယ်နှစ်ပင်မပြည့်တတ်သေး။ အင်တာနက်နှင့်အတူ ခေတ်မှီတိုးတက်လာသော မီဒီယာခေတ်၏အလိုအရ တားမရဆီးမရပဲ ၀င်ရောက်လာသော အနောက်တိုင်းယဉ်ကျေးမှုနဲ့အတူ သည်လိုအထိမ်းအမှတ်နေ့မျိုးတွေ ၀င်လာကြတာကဆန်းတော့မဆန်း။ လူသားတိုင်းမှာ အသည်းနှလုံးရှိကြသည်မို့ ဘယ်သူမဆိုအချစ်နှင့်ပတ်သက်လျှင် နူးညံ့ကြ၊ သာယာပျော်ရွှင်ကြတာကတော့ လူ့သဘာဝမို့ အပြစ်ဆိုစရာ မရှိပါ။ ထားတော့… အခုကျွန်တော်ပြောချင်တာက ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့အကြောင်းမဟုတ်။ မြန်မာတွေမေ့နေကြတဲ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့ အကြောင်း….။

ဖေဖော်ဝါရီ(၁၃)ရက်နေ့အကြောင်းဆိုရင်တော့ လူအတော်များများက အဲဒီ့နေ့က ဘာနေ့မို့လို့လည်းလို့ မေးကြမည်ဟု ကျွန်တော်ထင်သည်။ ယခုနောက်ပိုင်း လူငယ်အတော်များများကတော့ ၄င်းတို့သာယာပျော်ရွှင်စွာ ဆင်နွဲကြသည့် ဖေဖော်ဝါရီ(၁၄)ရက်နေ့၏ ရှေ့တစ်ရက်က မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်ဆိုတာ သိခွင့်ရကြရင်တော့ အံ့သြကြလိမ့်မည်ဟု ကျွန်တော်ထင်သည်။ တကယ်တော့ ဖေဖော်ဝါရီ(၁၃)ရက်နေ့သည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ အတိအကျဆိုရရင်တော့ ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ယခုထက်တိုင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိမယ်ဆိုရင်တော့ အသက်(၉၅)နှစ်ပင် ပြည့်တော့မည်။ ဒါပေမယ့် တကယ့်တကယ် ဗိုလ်ချုပ်အသက်ရှင်သန်ခွင့်ရခဲ့သည်က (၃၂)နှစ်ကျော်ရုံလေး။ ၁၉၄၇ ရောက်တော့ အမျိုးကိုသစ္စာဖောက်ခဲ့သည့် လူတစ်စုလက်ထဲမှာ တိုင်းပြည်အတွက် သူ့အသက်ကိုစွန့်ရင်း ကွယ်လွန်ခဲ့ရသည်။ သူ့အသက်ရှင်ခဲ့ရသည့် ကာလနှစ် (၃၀) ကျော်မှာလည်း တိုင်းပြည်လွတ်လပ်ရေးအတွက် ဘ၀ကိုသူပုံအပ်ခဲ့ရသည်။ တိုင်းပြည်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခွင့်ရခဲ့တာတောင် သူရိုးပုံ၊ ဂုဏ်ပကာသနမမက်ပုံတွေက မြန်မာမှာသာမက ကမ္ဘာကပါလေးစားးခဲ့ရသည်။ တစ်ဖက်က ရိုးသားအေးဆေးပေမယ့် တိုင်းပြည်အရေးကိစ္စနဲ့ ပတ်သက်လာရင်စပ်စပ်ထိမခံခဲ့သော ဗိုလ်ချုပ်ရဲ့ သတ္တိကလည်း ကမ္ဘာ့ခေါင်းဆောင်းတွေ လေးစားအတုယူခဲ့ကြရသည်။ ဒီလိုဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ လေးစားစရာအလွန်ကောင်းတဲ့ မိမိတို့တိုင်းပြည်ရဲ့သူရဲကောင်းတစ်ယောက်ရဲ့ မွေးနေ့ကို မြန်မာပြည်သူတစ်ချို့မေ့နေကြသည်ကတော့ တော်တော်ရှက်စရာကောင်းသည်ဟု ကျွန်တော်ထင်သည်။

အချစ်ဆိုသော အရာတစ်ခုအတွက် ရှေ့ကနေကာကွယ်ပေးခဲ့သည်ဆိုသော လူပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုသည်ဆိုသည့် ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ပုဒ်မှ ပေါက်ဖွားလာသော မိမိတို့ယဉ်ကျေးမှုမဟုတ်သည့် Valentine day ကိုမြန်မာပြည်သူတွေ အမြဲတမ်းအမှတ်ရနေကြလျှင်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုးစီးပွားအတွက် ကိုယ့်ကျိုးမဖက်အသက်ကိုစွန့်ပြီးကာကွယ်ခဲ့သူ မိမိတို့တိုင်းပြည်ရဲ့ သူရဲကောင်းအာဇာနည်တစ်ဦးရဲ့ မွေးနေ့ကို အမှတ်ရဖို့ဆိုတာကြတော့ကော ဘာကြောင့် ၀န်လေးနေကြမှာလဲ။

ဘာပဲဖြစ်ဖြစ် မကြာခင်ဗိုလ်ချုပ်မွေးနေ့ရောက်တော့မည်။ တစ်နည်းဆိုရလျှင် ရှေးယခင်က ဗိုလ်ချုပ်ကိုဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ထားသော မြန်မာ့ကလေးများနေ့ရောက်တော့မည်။ ဗိုလ်ချုပ်၏ မွေးနေ့အခါသမယမှာ ကွယ်လွန်သူဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေကို ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေ အမှတ်ရကြရင်း တိုင်းပြည်ရဲ့အနာဂတ်ပဲ့ကိုင်ရှင်တွေဖြစ်လာကြမယ့် ကလေးတွေကို ဗိုလ်ချုပ်လို တိုင်းပြည်အတွက်မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်အောင်ဝိုင်းဝန်းစောင့်ရှောက်ကြရအောင်လို့ တိုက်တွန်းရင်း ယခုခေတ်ကလေးတွေရဲ့ မူလတန်းဖတ်စာအုပ်တွေမှာ ဖတ်ခွင့်မရ၊ သင်ကြားခွင့်မရတော့တဲ့ (အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်မသင်ကြားခဲ့ရတဲ့) ကျွန်တော်တို့ အဖိုးတွေ အဖေတွေခေတ်က သင်ကြားခဲ့ရတဲ့ ကဗျာလေးကို ဗိုလ်ချုပ်ကိုဂုဏ်ပြုရင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ကလေးများနေ့မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ…။

မျိုးဇော် (၀၇.၀၂.၁၀)


ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်းများ
ဗိုလ်ချုပ်ချမှတ်သွား…။

Saturday, January 30, 2010

အိပ်မက်တွေကပြောတယ်…


ကျွန်တော်ငယ်ငယ်တုန်းက

အိပ်မက်တွေကပြောတယ်

အရုပ်လှလှလေးတွေနဲ့ ပုံပြင်ကမ္ဘာထဲက

တိရစ္ဆာန်လေးတွေပေါ့။



ကျွန်တော်ကျောင်းနေခါစက

အိပ်မက်တွေကပြောတယ်

သူငယ်ချင်းတွေလွယ်တဲ့

ကျောပိုးအိတ်လှလှလေးတွေနဲ့

ရောင်စုံစက်ဘီးလေးတွေပေါ့။



ကျွန်တော်အရွယ်ရောက်လာတော့

အိပ်မက်တွေကပြောတယ်

သံစုံသီကျုးတတ်တဲ့ မိန်းမလှလေးတွေပေါ့



ကျွန်တော်အရွယ်လေးဟိုင်းလာတော့

အိပ်မက်တွေကပြောတယ်

သာယာချမ်းမြေ့တဲ့ မိသားစုဘ၀လေးနဲ့

ချစ်စရာကလေးလေးတွေပေါ့



ကျွန်တော်အရွယ်ကျလာတော့

အိပ်မက်တွေကပြောတယ်

ငြိမ့်ညောင်းအေးဆေးတဲ့ ထွက်သက်တစ်ခုပေါ့

ပြီးတော့ အုတ်ဂူလှလှလေးတစ်လုံး

ချစ်ရသူရဲ့ ထာဝရလှဲလျောင်းရာ နံဘေးမှာပေါ့။

မျိုးဇော် (၀၉.၀၁.၁၀)


ကြုံတုန်းပြောရအုံးမယ်ဗျ။

ကျွန်တော်ငယ်ငယ်တုန်းက အလိုချင်ဆုံးအရာနှစ်ခု ရှိခဲ့ဘူးတယ်။ အဲဒါ တစ်ခြားကျောင်းသားတွေလွယ်တဲ့ ကျောပိုးအိတ်လေးတွေနဲ့ စက်ဘီးလေးတွေပဲ။ ကျွန်တော့်အမေကတော့ ကျောပိုးအိတ်လွယ်ရင် ခါးကုန်းမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ကျောပိုးအိတ်ဝယ်မပေးဘူးဗျ။ စက်ဘီလည်းထိုနည်း၎င်းပဲ။ အဲဒီတော့ ကျွန်တော်ညဘက်အိပ်ပျော်သွားတိုင်း အိပ်မက်ထဲမှာမက်မိတာက ကျောပိုးအိတ်လေးလွယ်ပြီး စက်ဘီးစီးပြီးကျောင်းသွားရတာ ခဏခဏပါပဲ။ ကြီးလာတော့ ငယ်ငယ်ကလိုချင်ခဲ့တဲ့ ကျောပိုးအိတ်တွေ၊ စက်ဘီးတွေကို မိဘတွေက၀ယ်ပေးပေမယ့် အဲဒီ့အချိန်ကျတော့ ကျွန်တော်လိုချင်တာ အဲဒါတွေမဟုတ်တော့ပြန်ဘူးဗျ။ သိတယ်မလား။ ကဗျာထဲကအတိုင်းပဲ၊ အရွယ်ရောက်လာတော့……….ဟဲ ဟဲ။ အရွယ်ကတော့ မဟိုင်းသေးပါဘူးဗျာ။ ဒါတွေကကြိုတွေးထားတာလေ။ အုတ်ဂူလှလှလေးကလည်း အဝေကြီးလိုသေးတယ်ထင်တာပဲ။ အားလုံးပျော်ရွှင်နိုင်ကြပါစေ။(အိပ်မက်များ)

ဆောင်းခိုဌက်


ဒီနှစ်ရန်ကုန်ဆောင်းက တော်တော်လေးစိတ်ပျက်ဖို့ကောင်းသည်။ မနက်ပိုင်းလောက်ပဲ မြောက်ပြန်လေအေးအနည်ငယ်ကြောင့် ဆိုသာရုံလေးအေးပြီး ကျန်တဲ့အချိန်တွေမှာ ပူစပ်စပ်နှင့် နွေရာသီလိုဖြစ်နေသည်။ ဆောင်းရာသီကို အလွန်နှစ်သက်သောကျွန်တော် ဒီနေ့တော့ ဘာရယ်မဟုတ် ကျွန်တော်နေထိုင်သော အထပ်မြင့်တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခုရဲ့ အိမ်ရှေ့ပြတင်းပေါက်မှ အပြင်သို့ငေးကြည့်နေရင်း ရုတ်တရက် ခိုတစ်ခေါင်က ကျွန်တော်တို့တိုက်ခန်းလေးမှ ခပ်နိမ့်နိမ့် ဖြတ်ပျံသွားတာ မြင်လိုက်ရသည်။ အခုလိုဌက်တစ်ကောင်ပျံတာကို အပေါ်စီးမှမြင်ခွင့်ရသည်က ကျွန်တော်တို့လိုအထပ်မြင့်မှာနေနေသူတွေ အတွက်ကတော့ အထူးအဆန်းမဟုတ်တော့တာတော့ သေချာသည်။ ဒါပေမယ့် ဒီနေ့တော့ဘာရယ်မဟုတ် အခုလိုဌက်တစ်ကောင်ဖြတ်ပျံသွားတာကိုမြင်တော့ တစ်စုံတစ်ခုကို ပြန်လည်တမ်းတမိသည်။

ဆောင်းခိုဌက်.....
ကျွန်တော်ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်းရဲ့ နယ်မြို့လေးတစ်ခုမှာ ကျွန်တော်နေထိုင်ခဲ့စဉ်က အခုလိုအချိန်တွေဆို ကောင်းကင်ကိုမော့ကြည့်လိုက်ရင် မြောက်ဘက်ဆီကတိုက်ခိုက်လာတဲ့ မြောက်ပြန်လေအေးအေးတွေနဲ့အတူ ကျွန်တော်တစ်ခါမှမမြင်ဖူးသော ဌက်တစ်ချို့အုပ်ဖွဲ့ပြီး ပျံသန်းသွားတာမျိုးကို တစ်ခါတစ်ရံတွေ့ဖူးသည်။ အဖွားကတော့ ဒီဌက်တွေက ကမ္ဘာကြီးရဲ့မြောက်ဘက်အရပ် ရေခဲတွေဖုံးလွှမ်းနေသော တိုက်ကြီးတွေဆီကနေ ဆောင်းခိုဖို့ရောက်လာကြသော ဆောင်းခိုဌက်တွေလို့ ရှင်းပြဖူးသည်။ ဆောင်းခိုဌက်တွေက ကျွန်တော်တို့နယ်မြို့လေးမှာ ဆောင်းခိုဖို့ရောက်လာကြတာတော့ မဟုတ်။ သူတို့နားခိုမည့် အနောက်ရိုးမဆီကို ဦးတည်ရင်း တစ်ခါတစ်ရံ မျက်စိလည်လမ်းမှားပြီး လေစီးကြောင်းတွေနဲ့အတူ ရောက်လာကြခြင်းဖြစ်သည်။ အပူအပင်ဆိုတာကို ဘာမှန်းမသိခဲ့သောအရွယ်မို့ ချမ်းစိမ့်စိမ့်ဆောင်းညနေခင်းတွေမှာ အခုလိုထူးဆန်းသောအရောင်အသွေးစုံသည့် ဌက်ကလေးတွေကို မြင်တွေ့ခွင့်ရတာ တော်တော်လေးပျော်စရာကောင်းသည်။ ချမ်းစိမ့်သော၊ မြုနှင်းတွေဝေနေသော၊ ဆောင်းညနေခင်းတွေရောက်လာပြီဆိုလျှင် ကျွန်တော် တော်တော်လေးအသက်အရွယ်ရောက်သည်အထိ ကောင်းကင်မှာ ရောင်စုံဆောင်းခိုဌက်တွေကို မြင်ရနိုးမျှော်ကြည့်တတ်သည်။

အခုတော့ လူသားတစ်ယောက်ရဲ့ အတ္တတွေနောက်လိုက်ရင်း မြို့ကြီးပြကြီးတစ်ခုမှာ ဆောင်းရောက်ရင် ဆောင်းခိုဌက်တွေကို မျှော်ကြည့်ဖို့သတိမရခဲ့တာ တော်တော်လေးကြာခဲ့ပြီ။ ကျွန်တော်ထားခဲ့သော နယ်မြှိုလေးကလည်း အခုလောက်ဆိုမြှိုကြီးတစ်ခုအရွယ် တိုးတက်လာခဲ့ပြီဖို့ သစ်ပင်တွေနေရာမှာ အထပ်မြင့်တိုက်တွေ၊ ကျွန်တော်တို့ပြေးလွှားဆော့ခဲဖူးသောမြေနီလမ်းနေရာတွေမှာ ကတ္တရာလမ်းမကြီးတွေနဲ့ဖြစ်နေပြီမို့ သဘာဝတရားတွေလည်းတော်တော်လျှော့ပါးကုန်လောက်ပြီ။ ကျွန်တော်အဲဒီ့မြို့လေးကို အခုနေပြန်သွားခွင့်ရခဲ့ရင်တောင်မှ အရင်လိုဆောင်းခိုဌက်တွေဖြတ်ပျံသွားတာကို မြင်တွေ့ခွင့်ရတော့မှာ မဟုတ်တာတော့ သေချာသည်။

ပြီးတော့ ကျွန်တော်ကို ကျွန်တော်လည်း ပြန်တွေးကြည့်မိသည်။ ကျွန်တော်လည်း လူသားတစ်ယောက်ပီသစွာ ဘ၀ဆိုတာကိုရုန်းကန်ရင်း သင့်တော်ရာအရပ်ဆီကို ခိုနားဖို့ရောက်ခဲ့တာအတော်တောင်ကြာခဲ့ပြီပဲ။ ဒါဆိုရင် ကျွန်တော်လည်း ကြမ်းတမ်းတဲ့ရာသီဥတုဒဏ်ကို ခေတ္တခဏကာကွယ်ဖို့ အတွက်သင့်ရာအရပ်ကို ပျံသန်းခဲ့ရတဲ့ ဆောင်းခိုဌက်တစ်ကောင်ပေါ့...။

မျိုးဇော် (၂၂.၁၂.၀၉)

ဆယ်စုနှစ်တစ်ခုကို နောက်ပြန်လှည့်ကြည့်ခြင်း


ဘာလိုလိုနဲ့ နှစ်တစ်နှစ်တောင် ကုန်တော့မှာပဲနော်။ ကျွန်တော်လည်း နှစ်သစ်ရောက်တော့မယ်ဆိုတော့ အရင်နှစ်တွေတုန်းကလိုပဲ နှစ်တစ်နှစ်လုံးစာက အဖြစ်အပျက်တွေကို review ပုံစံနဲ့ ပြန်ရေးဖို့ အချက်အလက်တွေစုနေတုန်း ဒီအပတ် (ဒီဇင်ဘာ ၇ ရက်) ထုတ်တိုင်းမ်မဂ္ဂဇင်းကို ဖတ်လိုက်ရတယ်ဗျ။ မျက်နှာဖုံးဆောင်းပါးရဲ့ ခေါင်းစဉ်က The decade from hell တဲ့။ ငရဲခန်းထဲက ဆယ်စုနှစ်ပေါ့ဗျာ။ ဒီခေါင်းစဉ်လေးတွေ့မှပဲ ၂၀၀၉ ခုနှစ်ဟာ နှစ်တစ်နှစ်ကုန်ဆုံးရုံတင်မကပဲ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်တစ်ခု ကုန်ဆုံးတာပါလား ဆိုတာကိုလည်း သတိပြုမိတယ်။ ပြီးတော့ ဆောင်းပါးရှင်ရေးပြထားတဲ့ ဆယ်စုနှစ်တစ်ခုစာ အချက်အလက်တွေကို တွေ့လိုက်ရတော့မှ ကမ္ဘာကြီးပေါ်မှာ ဒီဆယ်စုနှစ်ဟာ အဆိုးရွားဆုံးအဖြစ်အပျက်တွေနဲ့လွှမ်းမိုးခဲ့တယ်ဆိုတာကို ပြန်ပြီးတွေးမိတယ်ဗျ။

လတ်တလောဖြစ်နေတဲ့ ကမ္ဘာ့စီးပွားပျက်ကပ်အပါအ၀င် သမိုင်းမှာရှိခဲ့ဘူးတဲ့ အဆိုးရွားဆုံးစံချိန်တွေကို ရိုက်ချိုးနိုင်လောက်တဲ့ လူလူချင်းလုပ်ကြံမှုတွေ၊ သဘာဝဘေးဒဏ်တွေ၊ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ခဲ့တဲ့ရောဂါဆန်းတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဆယ်စုနှစ်တစ်ခုလည်း ဖြစ်ခဲ့တယ်လို့ ဆိုတယ်ဗျ။ ဒါကြောင့်လည်း ဒိဆောင်းပါးရဲ့ ဒုတိယခေါင်းစဉ်ကို ဆောင်းပါးရှင်က အဆိုးရွားဆုံးဆယ်စုနှစ်လို့ တပ်ခဲ့ဟန်တူပါတယ်။

ဆယ်စုနှစ်ရဲ့ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ်ကို ရောက်ပြီဆိုတာနဲ့ ပထမဆုံး ဇန်န၀ါရီလ (၁)ရက်နေ့မှာပဲ Y2K ဗိုင်းရပ်ပြဿနာနဲ့ စပြီးရင်ဆိုင်ရတော့တာပဲ မဟုတ်လား။ အဲဒီအချိန်တုန်းကတော့ ကွန်ပျုတာပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအတွက်ကတော့ တစ်ကယ့်ကို ခေါင်းခဲစေခဲ့ ပြဿနာတစ်ခုပါပဲ။

အဲ ပြီးတော့ နောက်တစ်နှစ် ၂၀၀၁ ခုနှစ်ထဲရောက်တော့လည်း ကျွန်တော်တို့တွေ တစ်ခါမှ စိတ်ကူးတောင်ယဉ်မကြည့်ဘူးခဲ့တဲ့ 9/11 ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပြန်တယ်။ အမေရိကန်တွေအတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ ဘယ်လိုမှမေ့ပျောက်မရနိုင်တဲ့ စစ်ဖြစ်ပွားခြင်းကြောင့်မဟုတ်ပဲ အဆိုးရွားဆုံးလူလူခြင်းသေစေမှုကြီးလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော်သေဆုံးခဲ့ရတယ် မဟုတ်လား။

၂၀၀၂ ခုနှစ်ရောက်တော့ ဘာလီကျွန်းဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြန်တယ်။

၂၀၀၃ ခုနှစ်မှာတော့ တရုတ်တိုင်ပေဟာ သူတို့နိုင်ငံမှာ လူလူချင်းကူးစက်လွယ်တဲ့ SARS ရောဂါဗိုင်းရပ်ပိုး တစ်မျိုးကိုတွေ့ရှိကြောင်း တရားဝင်ကြေငြာတယ်။ ပြီးတော့ အာရှတိုက်ရဲ့ ခရီးသွားလုပ်ငန်းတွေ အဆိုးရွားဆုံး ထိခိုက်ခဲ့ရပြန်တယ်။

၂၀၀၄ ခုနှစ် နှစ်ကုန်ခါနီးအချိန်ရောက်တော့ ကမ္ဘာကိုတုန်လှုပ်သွားစေမယ့် သဘာဝဘေးအန္တရာယ်ဆိုး တစ်ခုနဲ့ ရင်ဆိုင်ရပြန်တယ်။ အန္ဒိယသမုဒ္ဒရာ အတွင်းမှာ ဗဟိုပြုခဲ့တဲ့ ဆူနာမီငလျင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အာရှတိုက်နဲ့ အာဖရိကတိုက် နှစ်ခုမှာရှိတဲ့ နိုင်ငံပေါင်း တစ်ဒါဇင်လောက်က ပြည်သူတွေ ခံစားခဲ့ရပြန်တယ်။ ဒီဆူနာမီလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် လူဦးရေ နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

၂၀၀၅ ခုနှစ်အရောက်မှာတော့ မြောက်ကိုရီးယားနိုင်ငံက သူ့မှာဖျက်အားပြင်း နူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်တယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ အင်ဒိုနီရှားနိုင်ငံက လူကိုပါကူးစက်နိုင်တဲ့ ကြက်တုပ်ကွေးရောဂါပိုး(H5 N1) တွေ့ရှိကြောင်း ကြေငြာတယ်။

၂၀၀၆ ရောက်တော့ စံချိန်တင်လောင်စာဆီဈေးမြင့်တက်မှုက ကမ္ဘာကိုချိမ်းခြောက်လာတယ်။ ပြီးတော့ Israel နဲ့ Hizballah တို့ကြား လက်ဘနွန်မှာ စစ်ပွဲဖြစ်ပွားတယ်။

၂၀၀၈ မှာတော့ မြန်မာနိုင်ငံသမိုင်းမှာတစ်ခါမှာ မကြုံဘူးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်တိုက်ခတ်မှုကို ခံရတယ်။ နာဂစ်မုန်တိုင်းအပြီး သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံ စီချွမ်ငလျင်ကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စီးစည်တွေကို ချွေခဲ့ပြန်တယ်။ ပြီးတော့ အန္ဒိယနိုင်ငံ မူဘိုင်းမြို့ လုပ်ကြံမှုကြီးကလည်း ပြည်သူ ၁၇၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့ပြန်တယ်။ နှစ်ကုန်ခါနီးရောက်တော့ နှစ်အစပိုင်းကတည်းက အစပြုလာတဲ့ အမေရိကန်နိုင်ငံရဲ့ စတော့ရှယ်ရာမာကက် လဲပြိုစပြူလာတယ်။

၂၀၀၉ အရောက်မှာတော့ ၂၀၀၈ ခုနှစ်နှောင်ပိုင်းမှာ အားကောင်းလာတဲ့ အမေရိကန်နိုင်ငံက အစပြုခဲ့တဲ့ စီးပွားရေးဆုတ်ယုတ်မှုဟာ စီးပွားပျက်ကပ်အသွင်ပြောင်းလည်းပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမောက်ကမဖြစ်စေခဲ့တယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာလူတုပ်ကွေးရောဂါ (A H1N1) ကို တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဆင့်သတ်မှတ်ချက်တွေနဲ့ ထုတ်ပြန်ကြေငြာတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုအဆိုးဆုံးဖြစ်ရပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမကြာခင် ကုန်ဆုံးတော့မယ်။ ဒါကိုပဲ ဆောင်းပါးရှင်က ငရဲခန်းထဲက ဆယ်စုနှစ်ဆိုပြီးထောက်ပြခဲ့တာပါ။ ဘာပဲပြောပြောပါ အဆိုးဆုံးဆိုတဲ့ အရာတွေထဲကနေ အကောင်းဆုံးဆိုတဲ့ ပြန်လည်တည်ထောင်မှုတွေ၊ အားယူမှုတွေကပဲ လူသားတွေအတွက် ရှေ့ဆက်သွားရမယ့် အကောင်းဆုံးလမ်းတွေပဲမဟုတ်လား။

မကြာခင်နှစ်သစ်ကူးတော့မယ်။ နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေဆီကနေ သမိုင်းသင်ခန်းစာယူရင်း ရှေ့လာမယ့်နှစ်သစ်မှာ အားသစ်တွေနဲ့ ကမ္ဘာကြီးမှာ အကောင်းဆုံးဆိုတဲ့ အရာတွေကိုလုပ်ပြနိုင်ဖို့ကသာ ကျွန်တော်တို့လူသားတွေရဲ့ တာဝန်မဟုတ်လား။ ပြီးတော့ ကမ္ဘာကြီးမှာ မလိုအပ်တဲ့ အငြိုးအတေးတွေနဲ့ စစ်ပွဲတွေ၊ လူလူချင်း သတ်ဖြတ်မှုတွေအပြင် သဘာဝဘေးဆိုးတွေ၊ ကပ်ရောဂါဆိုးတွေ ဘေးကနေ နည်းနိုင်သမျှနည်းနိုင်ပါစေကြောင်း ဆုတောင်းလိုက်ကြရအောင်။

မျိုးဇော်(၁၄.၁၂.၀၉)

မှတ်ချက်။ ။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်ထုတ် တိုင်းမ်မဂ္ဂဇင်းပါ Andy Serwer ၏ The Decade from Hell ကို မှီငြမ်းပါသည်။

အင်းလျားကျိန်စာ


ကောင်မလေး : ဟဲ့...ပျော်စရာကြီးနော်၊ ဒီနေ့ကျောင်းမှာ ခရစ်စမတ်ပါတီရှိလို့ ငါတို့ကို ကျောင်းအစောကြီး ဆင်းပေးလိုက်တာ။

ကောင်လေး : ဟွန်း...ဆရာတွေကလည်း ငါတို့ကျောင်းသားတွေကျတော့ မပါရဘူး။ သူတို့ဟာသူတို့ကျိတ်ပြီးလုပ်တယ်။

ကောင်မလေး : ဟာ..နင်ကလည်း အရေးထဲ ငတ်ကြီးကျနေပြန်ပြီ။ အခုလိုကျောင်းကနေစောစောပြန်ရတော့ လျှောက်လည်ဖို့ အချိန်ပိုရတာပေါ့ဟ။ ဟုတ်ဘူးလား။

ကောင်လေး : အင်းလေ ဟုတ်ပါတယ်။ ဒါနဲ့ နင်ကဘယ်သွားချင်လို့လဲ။

ကောင်မလေး : နင် ကန်ဘောင်ရောက်ဘူးလား။

ကောင်လေး : အင်း ရောက်ဘူးတယ်လေ။ မိန်းထဲမှာ ဂလိုဘယ်တက်တုန်းကဆို သူငယ်ချင်းတွေနဲ့ အဲဒီ့ကို ခဏခဏရောက်တယ်။

ကောင်မလေး : ဟုတ်လား။ ငါကြားဘူးတာတော့ အင်လျားကန်ဘောင်က ကိုယ်ချစ်တဲ့သူနဲ့သွားရင် ကန်ဘောင်တစ်ပတ်ပြည့်အောင် လျှောက်ရတယ်တဲ့။ မလျှောက်မိရင် ချစ်ကံခေတတ်တယ်တဲ့ဟ။

ကောင်လေး : အာ....နင်ကလည်း မဟုတ်ကဟုတ်ကတွေ။ ငါတော့တစ်ခါမှ မကြားဘူးပါဘူး။

ကောင်မလေး : တကယ်ပြောတာဟ။ ငါ့အိမ်က အစ်ကိုတွေပြောတာ ကြားဘူးလို့ နင့်ကိုပြန်ပြောပြတာ။

ကောင်လေး : ထားလိုက်ပါတော့လေ။ တော်သေးတာပေါ့ အင်းလျားမို့လို့။ ငါတို့ကျောင်းရှေ့က ကန်တော်ကြီးသာအဲလိုတစ်ပတ်ပြည့်အောင်ပတ်ရမယ်။ မပတ်ရင် ကွဲမယ်ဆိုလို့ကတော့ ဘယ်အတွဲမှတောင် ကန်တော်ကြီးနားကို ကတ်ရဲမှာ မဟုတ်တော့ဘူး။ ဟား ဟား ဟား။

ကောင်မလေး : နင်ဟာလေ။ ငါက အကောင်းပြောနေတာ။ ငါပြောတဲ့စကားဆို လှောင်ဖို့ပြောင်ဖို့လောက်ပဲသိတယ်။ ဘယ်တော့မှ အလေးအနက်မထားဘူး။

ကောင်လေးက အဲဒါမျိုးတွေ အယုံအကြည်မရှိပေမယ့် ကောင်မလေးရဲ့ စကားတစ်ခွန်းကြောင့် အဲဒီ့နေ့ကသူတို့တွေ အင်းလျားကိုမသွားဖြစ်ခဲ့ကြပါဘူး။ တကယ်လို့သာ သူတို့နှစ်ယောက်အင်းလျားကိုရောက်ဖြစ်ခဲ့ကြမယ်ဆိုရင်တော့ အင်းလျားကန်မှာ ကန်ကိုတစ်ပတ်ပြည့်အောင်လျှောက်လို့ရတဲ့ လူသွားလမ်းဆိုတာ မရှိဘူး ဆိုတာကိုသူတို့သိသွားကြမှာပါ။ အခုတော့.....

ဒါပေမယ့် ဒီစာလေးကိုမရေးခင် မကြာသေးတဲ့အချိန်ကပဲ ကောင်လေးတစ်ယောက် သူ့မွေးနေ့အထိမ်းအမှတ်ဆိုပြီး အင်းလျားကန်ဘောင်ပေါ်ကို ရောက်ခဲ့ပါသေးတယ်။ ကောင်မလေးပြောခဲ့သလို ကန်ဘောင်ကိုတစ်ပတ်ပြည့်အောင်လျှောက်ဖို့လည်း စိတ်မကူးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အင်းလျားကန်ဘောင်မှာ တစ်ပတ်ပြည့်အောင်လျှောက်လို့ရတဲ့ လူသွားလမ်းဆိုတာ ရှိမှ မရှိတာကိုး နော့။

မျိုးဇော် (၂၂.၁၁.၀၉)